Saturday, September 9, 2017

ဒုတိယအကြိမ်မြောက် ကျောက်တလုံးကြီးဒေသ၊ ၂၀၁၆-၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/သူများအား ဂုဏ်ပြုဆုပေးပွဲ ချီးမြှင့်ပေးအပ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၉) ရက်






ကျောက်တလုံးကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့၊ မြို့တော်ခန်းမ၌ ၂၀၁၆-၁၇ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် ကျောက်တလုံးကြီးဒေသရှိ ကျောင်းသား/သူများအား ဂုဏ်ပြုဆုပေးပွဲ အခမ်းအနားကို ၂၀၁၇၊ စက်တင်ဘာ (၉)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ကျောင်းသား/သူများမှ မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးခဲ့ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ တောင်ကြီးမြို့နယ် ပညာရေးမှူး ဦးမြင့်အောင်၊ ကျောက်တလုံးကြီးမြို့ အုပ်ချုပ်ရေးမှူးဦးစောချမ်း တို့မှ အမှာစကားနှင့် ဂုဏ်ပြုပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး အောင်ချက် အကောင်းဆုံးကျောင်းဖြစ်သည့် ဟမ်းဆီးအထက်တန်းကျောင်းနှင့် ဂုဏ်ထူးရဘာသာရပ်များ သင်ပြမှုထူးချွန် ဆရာ/မများ၊ ဂုဏ်ထူးရ ကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း၊ နောင်ခဲအထက(ခွဲ)ကျောင်းမှ ကျောင်းသား/သူများက ပအိုဝ်းရိုးရာအကဖြင့် ဖျော်ဖြေခြင်း အစီစဉ်များကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် တက္ကသိုလ်ဝင်တန်း ရိုးရိုးအောင်သည့် ကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့်ကာ လုံကားအထက ကျောင်းမှ ကျောင်းသား/သူများက ပအိုဝ်းရိုးရာအကနှင့် ဟမ်းဆီးအထကကျောင်းမှ ကျောင်းသား/သူများက ထာဝရသစ္စာသီချင်းဖြင့် ကပြဖျော်ဖြေပြီးနောက် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။  
ကျောက်တလုံးကြီးမြို့နယ်တွင် ကျောက်တလုံးကြီးအထက၊ လုံကားအထကနှင့် နောင်ခဲ အထက(ခွဲ)၊ ဆောင်းဖိုးအထက(ခွဲ)၊ ဟံးဆီးအထက ဆိုပြီး အထက(၅)ကျောင်းရှိကာ ၂၀၁၆-၁၇ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုသူ (၂၆၈) ဦးရှိပြီး ရိုးရိုးအောင်မြင်သူ (၄၇)ဦး၊ ဂုဏ်ထူးရရှိသူ (၁၀)ဦးရှိကြောင်း သိရသည်။   ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင်လည်း ရိုးရိုးအောင်မြင်သူ (၄၇)ဦး၊ ဂုဏ်ထူးရရှိသူ (၁၃)ဦးရှိကြောင်း သိရှိရသည်။

ခွန်ဓဇ



Powered by Blogger.