Saturday, September 23, 2017

အမျိုးသားညီညွတ်ရေးကို ပျက်ပြားစေသည့် စကားများကို နားမယောင်ဖို့လိုကြာင်း PNA စည်ရုံးရေးမှူး ဖြားခွန်ချစ်လယ် ပြောကြား

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်






၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက်နေ့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်၊ ဖက်နမ် ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်သည့် အထူးဒေသ (၆) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ခမ်း၊ နယ်း၊ အွိုင်း နှင့် ဒေသခံ ပြည်သူများ တွေ့ဆုံပွဲတွင် PNA စည်ရုံးရေးမှူး ဖြားခွန်ချစ်လယ်က အမျိုးသားရေးကို ပျက်ပြားစေသည့် စကားများကို နားမယောင်ဖို့ လိုပါကြောင်းကို ပြောကြားခဲ့ပါသည်။

ထိုသို့ပြောကြားရာတွင် PNA သည် အလိုအလျောက်ဖြစ်တည်လာသည့် အဖွဲ့မဟုတ်ဘဲ သွေးချွေးများဖြင့် တည်ဆောက်လာခဲ့သည့် အဖွဲ့ဖြစ်ပါကြောင်း၊ ယခင်က တော်လှန်ရေးလုပ်ငန်းများ လုပ်ဆောင်ပြီး ၁၉၉၁ ခုနှစ်တွင် ငြိမ်းချမ်းရေးရယူပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်လာကြောင်း၊ ယခု ကိုယ့်ဒေသကို ကာကွယ်ဖို့အတွက်ည ဆက်လက် တည်ရှိနေပါကြောင်း၊ ဒီမိုကရေစီခေတ် ဖြစ်လာသည့်အတွက် လူငယ်များအနေဖြင့် မှန်ကန်သည့် မျိုးချစ်စိတ်ဓါတ် ရှိဖို့လိုအပ်ကြောင်း၊ (PNO) (PNA) ၏ အားနည်းချက်၊ ချို့ယွင်းချက်များနှင့် ပတ်သက်၍ ဝေဖန်သုံးသပ်လိုပါက တာဝန်ရှိသူများထံ လာရောက်ဆွေးနွေးနိုင်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထိုတွေ့ဆုံပွဲတွင် ပင်အွန်း၊ ထမ်းယံ၊ နားခဲုင်၊ ဖက်နမ် စသည့်ဒေသများမှ မိဘပြည်သူများ (၃၅၀) ကျော် တက်ရောက်ပြီး သူရိယခမ်း ဒု-ခမ်းဗွေ ဖြားခွန်ချစ်အိန်၊ ခွန်အိုး ဗျုဟာ ဗျုဟာမှူးခွန်ကျော်ရဲလွင်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ဗဟိုဌာနချုပ်ရုံး နိုင်ငံတကာဆက်ဆံရေးဌာန ဌာနမှူး ခွန်ကြည်၊ သုတေသနနှင့် နည်းဗျုဟာရေးဆွဲးရေးဌာန ဌာနမှူး ခွန်ချစ်တင်၊ လွယ်မော်တန်ဒေသ ဥက္ကဌ ဖြားအောင်သုခ၊ ဒုဥက္ကဌ ခွန်လုမ်းကုမ်း တို့မှလည်း လွှတ်တော်အကြောင်းအရာများ၊ နယ်မြေလုံခြုံရေးအကြောင်းအရာများ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ၏ လူပ်ရှားနေမှုများ စသည့်အကြောင်းအရာများကို ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

ခွန်ဓဇ

Powered by Blogger.