Friday, September 22, 2017

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ခမ်း၊ နယ်၊ အွိုင်း အဖွဲ့မှ လင်လံတောင်ကျေးရွာအုပ်စု၊ ထီရီးဘုရားဓာတ်ကျေးရွာတွင် ဟောပြောပွဲပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက်










အထူးဒေသ(၆) ညောင်ရွေမြို့နယ်၊ လင်လံတောင်ကျေးရွာအုပ်စု၊ ထီရီးဘုရားဓာတ်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းအတွင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (P.N.O) က ခမ်း၊ နယ်၊ အွိုင်း၊ ကွင်းဆင်းစည်းရုံးဟောပြောပွဲကို ၂၀၁၇-ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့ နံနက် (၉း၀၀) နာရီအချိန်တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် ရှေးဦးစွာ ရတနာ ၃ ပါးကို ကန်တော့ပြီးနောက် အထူးဒေသ (၆) ခွန်ဖြားဗွာခမ်း၊ ကန်တောကြီးဒေသဥက္ကဋ္ဌ ဖြားခွန်ယွန်းက အဖွင့်အမှာစကားပြောကြားပေးခဲ့ပါသည်။ ထိုသို့ပြောကြားရာတွင် ဒေသခံမိဘပြည်သူများ ယနေ့လို တည်ငြိမ်အေးချမ်းစွာနေထိုင်နိုင်သည်မှာ ရှေးလူကြီးများ ခေါင်းဆောင်ကြီးများ မျိုးချစ်အာဇာနည်ပုဂ္ဂိုလ်များက အသက်ပေး ကြိုးစားပေးခဲ့ပြီး ၎င်းတို့ချမှတ်ပေးခဲ့သည့် အမျိုးသားဒီမိုကရေစီ သံဖိုခနောက်လမ်းစဉ်များကို လိုက်နာဆောင်ရွက်ကြသောကြောင့် ယခုလို တစ်နေ့တစ်ခြား ဖွံ့ဖြိုးတိုးတက်ပြီး အခြားတိုင်းရင်းသားနှင့် အတူတကွအေးချမ်းစွာနေထိုင်နိုင်ပြီဖြစ်ကြောင်း၊ မိမိတို့ဒေသ မိမိတို့လူမျိုး အကျိုးစီးပွားအတွက် ဆောင်ရွက်ပေးခဲ့သော ခေါင်းဆောင်ကြီးများ၏ ဂုဏ်ကျေးဇူးကို မိမိတို့အနေဖြင့် ပြန်လည်အောင်မေ့ကြရမည်ဖြစ်ကြောင်း၊ မိမိတို့ဒေသ ဒီထက်မက ဖွံ့ဖြိုးတိုးတက်အောင် လက်တွဲညီစွာ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားပေးခဲ့ပါသည်။

ဆက်လက်၍ (PNA) အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)၊ ဗဟိုဌာနချုပ်ရုံးမှ ဗိုလ်မှူးခွန်ဉာဏက ပအိုဝ်းတော်လန်ရေးသမိုင်းကြောင်းများ၊ ဒေသတည်ငြိမ်ရေး၊ မိမိတိုဒေသလူမျိုးပေါင်းစုံနှင့် အေးချမ်းစွာအတူတကွနေထိုင်နိုင်ရေး၊ ပအိုဝ်းအမျိုးသားနိုင်ငံရေး ကြိုးပမ်းလုပ်ဆောင်ချက်များ၊ အထူးဒေသ (၆) ဒေသလုံခြုံရေးအကြောင်းအရာများနှင့် မိမိတို့ပြည်သူ့စစ်အခဲအခက်များကို ပြောကြားပေးခဲ့ပါသည်။

ခွန်ဖြားဗွာခမ်း၊ ကန်တော်ကြီးဒေသ အတွင်းရေးမှူး ဗိုလ်မှူးခွန်ကျော်သူက တိုင်းရင်းသားလူမျိုးများ အခွင့်အရေး၊ ဒေသန္တရအုပ်ချုပ်ရေး၊ ဒေသဖွံဖြိုးရေးနှင့် တော်လှန်ရေးသမိုင်းကြောင်းများ၊ မူးယစ်ဆေးဝါးပပျောက်ရေးအကြောင်းအရာများကို ဟောပြောပေးခဲ့ပါသည်။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဗဟိုကော်မတီ၊ လေ့ကျင့်ရေးပညာပေးဌာန၊ ဌာနမှူး ခွန်ဆောင်းရွေက ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) နိုင်ငံရေး ပါတီဖြစ်ပေါ်လာပုံ၊ လူနည်းစုအခွင့်အရေးများ၊ မြန်မာ့နိုင်ငံရေးပြောင်းလည်းမှု အခြအနေများ၊ နိုင်ငံရေး ရှေ့လုပ်ငန်းစဉ်များ၊ ဥပဒေဘောင်အတွင်း ရယူပိုင်ခွင့်များ၊ နယ်မြေတည်ငြိမ်အေးချမ်းရေး၊ ဓလေ့ထုံးတမ်းအစဉ်အလာ အကြောင်းအရာများကို ဟောပြောပေးခဲ့ပါသည်။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဥပဒေရေးရာဌာန၊ ခွန်ထွိုင်းက ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အဖွဲ့ဖြစ်ပေါ်လာပုံ၊ ပအိုဝ်းဒေသ ငြိမ်းချမ်းရေးဖြစ်စဉ်အကြောင်းအရာများ၊ ပအိုဝ်းဒေသပညာရေးအခန်းကဏ္ဍများ၊ (PNO)ပါတီ ဌာနချုပ်ရုံး ရုံးတွင်းဖွဲ့စည်းပုံများ၊ ဌာနတစ်ခုခြင်းစီ၏ တာဝန်ဝတ္တရားများ၊ ရုံးဝန်ထမ်းများ နေ့စဉ်လုပ်ငန်းဆောင်တာများ၊ ပအိုဝ်းဒေသဖွံ့ဖြိုးရေးအတွက် ရုံးဝန်ထမ်းကွင်းဆင်း ဆောင်ရွက်နေသော အခြေအနေများကို ဟောပြောပေးခဲ့ပါသည်။

ခွန်ဖြားဗွာခမ်း၊ ကန်တော်ကြီး ဒေသအကျိုးတော်ဆောင် ဖြားဆရာခွန်လာက မိမိတို့ဒေသ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူနေမှုအဆင့်အတန်း အကြောင်းအရာများနှင့် ရပ်မိရပ်ဖကိုယ်စား ကျေးဇူးတင်စကားကို ပြောကြားပေးခဲ့ကြောင်း သိရှိရပါသည်။ စည်းရုံးရေးဟောပြောပွဲသို့ ပအိုဝ်းအမျိုးသားတပ်မတော် (PNA) အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် လင်လံတောင်ကျေးရွာအုပ်စုမှ ကျေးရွာပေါင်း (၂၂) ရွာတွင်နေထိုင်ကြသော ရပ်မိရပ်ဖ (၁၀၀၀)ကျော်တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

ခွန်အောင်ထွိုက်ဗွေ
Powered by Blogger.