Tuesday, October 24, 2017

စတုတ္ထအကြိမ်မြောက် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက်


၂၀၁၇ခုနှစ်၊ အောက်တိုဘာလ(၂၄)ရက်၊ စတုတ္ထအကြိမ်မြောက် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍအလုပ်ရုံဆွေးနွေးပွဲကို USAID နှင့် NEW GENERATION (SHAN STATE) အဖွဲ့တို့မှ ပူးပေါင်း၍ တောင်ကြီးမြို့၊ စိန်ဂျိုးဇက်အောက်မေ့ဖွယ်ခန်းမတွင် ပြုလုပ်ကျင်းပခဲ့ကြောင်းသိရှိရပါသည်။

အခုလက်ရှိ Civil Society for Peace and Development Forumကို တစ်နှစ်တစ်ကြိမ်ကျင်းပတာဖြစ်ကြောင်း၊ ၂၀၁၃ကနေစပြီး တစ်နှစ်တစ်ကြိမ် ကျင်းပခဲ့ပါကြောင်း၊ သို့သော် (၂၀၁၆)တွင် အကြောင်းအမျိုးမျိုးကြောင့် မလုပ်နိုင်ခဲ့သော်လည်း (၂၀၁၇) ယခုတွင်  စတုတ္ထအကြိမ်ကျင်းပနိုင်ခြင်းဖြစ်ကြောင်း၊ ကျင်းပပြုလုပ်ရသည့်ရည်ရွယ်ချက်မှာ  ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အရပ်ဖက်အဖွဲ့အစည်းမှ ပြည်သူများအနေဖြင့်  စနစ်တကျပါဝင်ပြီး ငြိမ်းချမ်းရေးဖြစ်ကို အထောက်အကူပြုဖို့ ပံ့ပိုးကူညီဖို့ စသည့်ရည်ရွယ်ချက်ဖြင့် ဒီFORUMကို ကျင်းပရခြင်းဖြစ်ကြောင်းကို မျိုးဆက်သစ်ရှမ်းပြည် အရပ်ဖက်လူမှုအဖွဲ့အစည်း ငြိမ်းချမ်းရေး၊ နိုင်ငံရေးဆိုင်ရာကိစ္စရပ်များတာဝန်ခံ ကိုညီညီဖိုးမှ ပြောကြားခဲ့ပါသည်။

“ အခုလက်ရှိကတော့ ကျွန်တော်တို့တိုင်းပြည်က ငြိမ်းချမ်းရေးအကောင်အထည် ဖော်နေတဲ့နေရာမှာ တော်တော်လေး ခက်ခက်ခဲခဲရုန်းကန်နေရတဲ့ အခြေအနေတော့ရှိတာပေါ့၊ ဘာလို့လဲဆိုတော့ NCAစာချုပ်ပေါ်ပေါက်လာတယ်၊ ဒါပေမယ့် NCAစာချုပ်ကို လက်မှတ်ထိုးတဲ့အဖွဲ့ရှိသလို လက်မှတ်မထိုးသေးတဲ့အဖွဲ့လည်းရှိတယ်၊ လက်မှတ်မထိုးသေးတဲ့ အဖွဲ့ကိုလည်း လက်မှတ်ထိုးဖို့အတွက် လုပ်ကိုင်ဆောင်ရွက်နေရတဲ့အနေအထားမှာ ရှိတယ်၊ တစ်ဖက်မှာလည်း ပြည်ထောင်စုအဆင့် ၂၁ရာစုပင်လုံနိုင်ငံရေးဆွေးနွေးပွဲတွေ အကောင်ထည်ဖော်ဆောင်ရွက်နေသလို၊ တဖက်မှာလည်း အမျိုးသားဆင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကို အကောင်ထည်ဆောင်ရွက်နေတယ်၊ အမျိုးသားဆင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲအကောင် ထည်ဖော်တဲ့နေရာမှာလည်း လူမျိုးအလိုက် နိုင်ငံရေးဆွေးနွေးပွဲတွေ အင်နဲ့အားနဲ့ အကောင်အထည် မဖော်နိုင်သေးဘူး၊ ပြည်ထောင်စုအဆင့်အတွက် ဒီအမျိုးသားအဆင့်ကဆွေးနွေးချက်က ပြည်ထောင်စုအဆင့်အတွက် အထောက်အကူပြုစေတယ်၊ ဆိုတော့အမျိုးသားအဆင့်က အင်နဲ့အားနဲ့မကျင်းပနိုင်သေးတဲ့အတွက် ပြည်ထောင်စုအဆင့်မှာ လိုအပ်ချက်တွေရှိသေးတာပေါ့၊ လက်ရှိငြိမ်းချမ်းရေးပေါ်မှာ ဘယ်လိုမြင်လဲဆိုတော့ ငြိမ်းချမ်းရေးဆိုတာ တည်ဆောက်ရတဲ့ လုပ်ငန်းဖြစ်တဲ့အတွက် ဆက်ပြီး တော့ တည်ဆောက်နေရတာပေါ့၊ တည်ဆောက်မှုမှာတော့ အခက်အခဲတွေ ကြပ်တည်းမှုတွေ အများကြီးရှိတာပေါ့’’ ဟု ကိုညီညီဖိုးက ဆက်လက်ပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်တစ်ပြည်လုံးရှိ အရပ်ဘက်အဖွဲ့အစည်းများမှ လူဦးရေ စုစုပေါင်း (၁၀၀)ဦး တက်ရောက်ခဲ့ ကြောင်း သိရှိရသည်။

ခွန်ယံသေ နန်းခမ်းရာ
Powered by Blogger.