Wednesday, October 25, 2017

ဥာဏ်ပင်(လျံမွူးပေး)ကျေးရွာရှိ JAMAHA အဖွဲ့ဝင် အလှူရှင် MR. T.SUJIHEROYUKI နှင့် ဒေသခံပြည်သူတို့ ပူးပေါင်း၍ ဆောက်လုပ်ပြီးစီးသည့် မူကြိုကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲနှင့် ပညာရည်ချွန် ချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ (၂၆) ရက်








ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နန်းပုလင်းကျေးရွာအုပ်စု၊ ဥာဏ်ပင်ကျေးရွာတွင် JAMAHA အဖွဲ့ဝင် အလှူရှင် MR.T.SUJIHEROYUKI နှင့် ဒေသခံပြည်သူတို့ ပူးပေါင်း၍ ဆောက်လုပ်ပြီးစီးသည့် မူကြိုကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲနှင့် ပညာရည်ချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၁၇၊ အောက်တိုဘာ(၂၅)ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့မှ ပင်လောင်းမြို့နယ်၊ မဲဆန္ဒနယ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခွန်စောအောင်၊ ပြည်နယ်ပညာရေးမှူး ဦးအောင်ကျော်စိုး၊ JAMAHA ဥက္ကဋ္ဌ MR.KONDO နှင့် အလှူရှင် MR.TSUJIHEROYUKI တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ပင်လောင်းမြို့နယ်၊ မဲဆန္ဒနယ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခွန်စောအောင်က အဖွင့်အမှာစကား၊ နောင်တရားမြို့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းချမ်းမြေ့ဝင်း၊ ပြည်နယ်ပညာရေးမှူး ဦးအောင်ကျော်စိုးတို့မှ အမှာစကားများ အသီးသီးပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ JAMAHA ဥက္ကဋ္ဌ MR.KONDO က ယခုလို အဆောက်အဦးဖြစ်အောင် လုပ်ပေးသည်ကို ကျေးဇူးတင်ရှိပါကြောင်း၊ ဂျပန်နှင့်မြန်မာ ကလေးတို့၏ အနာဂတ်ကိုကြည့်ပြီး လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ရည်ရွယ်ချက်အနေဖြင့် ကျောင်းတွင် ကစားနည်းများ၊ စာသင်နည်းပုံစံများ၊ အစားအသောက်နှင့် ပတ်သက် သည့်အကြောင်းအရာများ၊ အင်းလေးဒေသတစ်လျှောက် အမှိုက်ကောက်ပုံ ကောက်နည်းများကို သင်ကြား ပေးမည်ဖြစ်ကြောင်းနှင့် နောင်နှစ်များတွင်လည်း တစ်ကျောင်း (သို့မဟုတ်)နှစ်ကျောင်း လှူဒါန်းနိုင်အောင် ကြိုးစားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် အလှူရှင် MR.TSUJIHEROYUKI က အားလုံး၏ ကြိုးစားမှုကို အသိအမှတ်ပြုပါကြောင်း၊ နောင် ၁၀-နှစ် နှစ်၂၀ မှာ ဒီကျောင်းမှ ထွက်မည့်ကလေးများက ကျန်းမာရေးကောင်းကောင်းနှင့် လူချွန်လူထက်များ ဖြစ်လာမည်ဟုယုံကြည်ပါကြောင်းကိုလည်း ပြောကြားခဲ့သည်။

ထို့နောက် ကျောင်းဆောင်သစ်အား ပညာရေးဌာနသို့ လွဲပြောင်းပေးအပ်ပြီး ကျောင်းအကျိုးတော်ဆောင် အဖွဲ့မှလည်း အလှူရှင်သို့ ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ခြင်း၊ ပညာရည်ချွန်ဆုများ ချီးမြှင့်ခြင်းအခမ်းအနားကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

နန်းတင်ဦး(နောင်တရား)
Powered by Blogger.