Thursday, November 23, 2017

ဒေသဦးစီးဥက္ကဌနှင့်လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့က ရွှေဘုန်းပွင့်ပညာဒါနကျောင်းရှိ ကျောင်းသား/သူများ တွေ့ဆုံ အားပေးစကားပြောကြား

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂၃) ရက်








ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသလိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းလုပ်ဆောင်နိုင်ရန် ရည်ရွယ်၍ ပင်လောင်းမြို့နယ်၌ ကွင်းဆင်းရောက်ရှိနေသော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ရဒေသဦးစီးဥက္ကဌ ဖြားခွန်စံလွင် နှင့် လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့သည် ၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ(၂၂)၊ ဗုဒ္ဓဟူးနေ့၊ (၈း၁၅)နာရီအချိန်တွင် ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ ဘုန်းတော်ကြီး ဦးဆောင်၍ ဖွင့်လှစ်ထားသော ရွှေဘုန်းပွင့်ပညာဒါန ကျောင်းရှိ ကျောင်းသား/သူများကို တွေ့ဆုံပြီး အားပေးအမှာစကား ပြောကြားခဲ့ပါသည်။

အဆိုပါ တွေ့ဆုံမှုတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဌ ဖြားခွန်စံလွင်နှင့်အဖွဲ့များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေ၊ ပင်လောင်းမြို့နယ် မဲဆန္ဒနယ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခွန်စောအောင်၊ ဒေသဦးစီးရုံးနှင့် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(PNO)မှ တာဝန်ရှိသူများ လိုက်ပါခဲ့ကြောင်း သိရသည်။ ထိုသို့ တွေ့ဆုံရာတွင် ဒေသဦးစီးဥက္ကဌ ဖြားခွန်စံလွင်က ယခုကဲ့သို့ ပင်လောင်းမြို့နယ်သို့ လာရောက်ရခြင်းမှာ ဒေသတွင်းရှိ ဆောင်ရွက်နေသော ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းလေ့လာခြင်း ဖြစ်ကြောင်း၊ ထို့ပြင် မိဘပြည်သူများ၏ လိုအပ်ချက်များကို သိရှိနိုင်ရန်နှင့် နောင်တရားဒေသရှိ (Pilot Project)ကြောင့် ဆောင်ရွက်နေသော ဘိန်းအစားထိုးလုပ်ငန်းများကို ကြည့်ရှုလေ့လာခြင်းဖြစ်ကြောင်း၊ ဘုန်းတော်ကြီးအနေဖြင့် ယခုကဲ့သို့ ဆောင်ရွက်ပေးသည်မှာ အလွန်ပင် ၀မ်းမြှောက်မိပါကြောင်း၊ မိမိတို့အနေဖြင့် တတ်နိုင်သည့်ဘက်တွင် ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် ကြိုးစားသွားမည် ဖြစ်ကြောင်း၊ ကျောင်းသား/သူများအနေဖြင့် ပညာများကို ကြိုးစားအားထုတ်စေလိုကြောင်း၊ ပညာတတ်ဘွဲ့ရပြီးပါက မိမိတို့ပအိုဝ်းဒေသအတွက်သာမက နိုင်ငံ့အကျိုးအတွက် အစိုးရ၀န်ထမ်းများ ထမ်းဆောင်စေလိုကြောင်း၊ ယခုနှစ်တွင် အောင်ချက်မြင့်မားအောင် အားလုံးကြိုးစားစေလိုကြောင်း အားပေးအမှာစကား ပြောကြားခဲ့သည်။

ထို့ပြင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဗဟိုဌာနချုပ်ရုံး၊ နိုင်ငံတကာဆက်ဆံရေးဌာနမှူး ဆရာ ခွန်ကြည်ကလည်း ယခုလက်ရှိ ကျောင်းသား/သူများအနေဖြင့် သင်ယူနေသော တက္ကသိုလ်ဝင်တန်း စာမေးပွဲသည် ဘ၀၏ အဆုံးအဖြတ်ပေးသောအရာ မဟုတ်ကြောင်း၊ သို့သော်လည်း တက္ကသိုလ်ဝင်တန်း စာမေးပွဲသည် ကျယ်ပြန့်သာယာလှသော ဘ၀ခရီးလမ်းကို လျှောက်လှမ်းရာတွင် လှေကားထစ်တစ်ခုပင် ဖြစ်ကြောင်း၊ ထို့ကြောင့် ဆယ်တန်းစာမေးပွဲကို အောင်မြင်အောင် ကြိုးစားအားထုတ်စေလိုကြောင်း၊ ပညာတတ်မှ မြင်ကွင်းကျယ်မည်ဖြစ်ပြီး အခွင့်အရေးများကို မြင်နိုင်မည် ဖြစ်ကြောင်း၊ ပညာရေးသည်သာ လောကကြီးကို ပြောင်းလဲနိုင်သည့် လက်နက်တစ်ခုဖြစ်သည်ဟု ပညာရှိအဆိုများရှိခဲ့ကြောင်း၊ မိမိအနေဖြင့် English Speaking နှင့်ပတ်သက်၍ ကူညီနိုင်ရန် ကြိုးစားသွားမည် ဖြစ်ကြောင်း အားပေးအမှာစကား ပြောကြားခဲ့သည်။ အဆိုပါ ရွှေဘုန်းပွင့်ပညာဒါနကျောင်းတွင် တက္ကသိုလ်ဝင်တန်းကျသော ကျောင်းသား/သူများက ယခုနှစ်တွင် (၃၁၂)ဦးရှိပြီး ယခုလက်ရှိတွင် ဆရာ/မ(၂၈)ဦးတို့က သင်ကြားနေကြောင်း၊ အရင်နှစ် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် ကျောင်းသား/သူ(၂၁၃)ဦး ဖြေဆိုရာမှ (၁၁၉)ဦး အောင်မြင်ခဲ့ကြောင်း၊ အဆိုပါ ရွှေဘုန်းပွင့်ပညာဒါနကျောင်းကို အလှူရှင် စင်ဖါအောင်ရွှေ+ စင်မွိုးမသန်းတို့ မိသားစုက ဆောက်လုပ်လှူဒါန်း ထားကြောင်း သိရှိရသည်။

ခွန်ထင်;ထို
Powered by Blogger.