Tuesday, November 21, 2017

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌက နတလသင်တန်းကျောင်းရှိ ကျောင်သားများကို တွေ့ဆုံပြီး အားပေးအမှာစကားပြောကြား

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂၁)ရက်






ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသလိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းလုပ်ဆောင်နိုင်ရန် ရည်ရွယ်၍  ပင်လောင်းမြို့နယ်၌ ကွင်းဆင်းရောက်ရှိနေသော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ရဒေသဦးစီးဥက္ကဋ္ဌ ဖြားခွန်စံလွင် နှင့် လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့သည် ဒီကနေ့၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ(၂၁)၊ အင်္ဂါနေ့၊ (၈း၀၀)နာရီအချိန်တွင် ပင်လောင်းမြို့၊ အရှေ့မြောက်ဘက်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဖွင့်လှစ်ပေးသော နယ်စပ်ဒေသတိုင်းရင်း သားများ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းသား/သူများနှင့် ကျောင်ဆရာ/မများအား အားပေးအမှာစကား ပြောကြားခဲ့ပါသည်။

အဆိုပါ တွေ့ဆုံမှုတွင်  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌ ဖြားခွန်စံလွင်နှင့်အဖွဲ့များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေ၊ ပင်လောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြားခွန်မောင်သောင်း၊ ပင်လောင်းမြို့နယ် မဲဆန္ဒနယ်(၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ခွန်လှဆန်းနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ လိုက်ပါခဲ့ကြောင်းသိရသည်။

ထိုသို့ တွေ့ဆုံရာတွင် ဒေသဦးစီးဥက္ကဋ္ဌက ကျောင်းသား/သူများအနေဖြင့် ပညာကို ကြိုးစားသင်ယူစေလိုကြောင်း၊ ကျောင်းစည်းကမ်းများကိုလည်း လိုက်နာစေလိုကြောင်း၊ ကျန်းမာရေးအတွက် ခြင်ထောင်ထောင်ပြီး အိပ်စေလိုကြောင်း၊ နတလကျောင်းတွင် ကြွေလွင့်သွားသော ကျောင်းသူများအတွက် အလွန်ပင် စိတ်မကောင်းဖြစ်မိပါကြောင်း၊ ဆရာများအနေနှင့်လည်း သောက်ရေသန့်ရရှိအောင် လုပ်ဆောင်စေလိုကြောင်း၊ ယာဉ်အန္တာရယ်မဖြစ်အောင်လည်း ဂရုစိုက်စေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြားခွန်မောင်သောင်းကလည်း အခုဖွင့်လှစ်ထားသော နတလကျောင်းသည် တိုင်းရင်းသားများ စည်းလုံးမှု၊ စုစည်းရာနေရာတစ်ခုပင်ဖြစ်ပြီး မိတ်ဆွေများစွာရရှိနိုင်သော နေရာဖြစ်ကြောင်း၊ ထိုသို့အတူယှဉ်တွဲနေထိုင်ရာတွင် သီးခံစိတ်၊ ရိုင်းပင်းစိတ်ထားရှိရမည် ဖြစ်ကြောင်း၊ ကျောင်းသားကလေးများအပေါ်တွင် မေတ္တာတရားထားရှိပြီး ပရဟိတစိတ်ထားရမည် ဖြစ်ကြောင်း၊ ကျောင်း၏ လိုအပ်ချက်များနှင့် ပတ်သက်၍  မိမိကို တိုင်ပင်ဆွေးနွေးနိုင်ကြောင်း အားပေးအမှာစကားပြောကြားခဲ့သည်။

ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေက ကျောင်းရံပုံငွေအတွက် ကျပ်ငွေ(၂)သိန်း ပေးအပ်လှူဒါန်းပြီး ကျောင်းဆောင်များကို လှည့်လည်ကြည့်ရှု ခဲ့ကြောင်း သိရှိရသည်။

နဂါ့ခွန်
Powered by Blogger.