တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်
၂၀၁၇၊ ဒီဇင်ဘာ(၇)ရက်နေ့တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေနှင့် တာဝန်ရှိသူများက ညောင်ရွှေ - လွယ်ခေါ် - နောင်ကားလမ်းပိုင်းရှိကုန်းဆုံကျေးရွာမှ တောင်ကြီးနယ်စပ်အထိ (၄)မိုင် ကျောက်ချောလမ်းခင်းခြင်း အခြေနေကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေနှင့် အဖွဲ့သည် လမ်းအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လွယ်ခေါ်ဘုန်းတော်ကြီးကျောင်းတွင် လွယ်ခေါ်ဒေသရှိ ဒေသခံများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးစသည့် တာဝန်ရှိ ပုဂ္ဂိုလ်များနှင့်လည်း တွေ့ဆုံခဲ့ကြောင်းသိရသည်။
ထိုသို့ တွေ့ဆုံရာတွင် မိမိတို့ဒေသ၊ ရပ်ရွာဖွံ့ဖြိုးတိုးတက်ဖို့ဆိုလျှင် ရေ၊ လျှပ်စစ်မီး၊ လမ်းပန်းဆက်သွယ်ရေး ဤသုံးခုဖွံ့ဖြိုးတိုးတက်မှသာ ကျန်သည့်အရာများ အလွယ်တကူ လိုက်ပါဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ထိုသို့ ဖွံ့ဖြိုးတိုးတက်လာရန်အတွက် သံဃာတော်၊ အုပ်ချုပ်ရေးမှူးများနှင့် ရပ်ရွာသူကြီးများ၊ ဒေသခံပြည်သူများ အတူတကွ ပါဝင်ဆောင်ရွက်ရန်မှာ အလွန်အရေးပါကြောင်း၊ ကိုယ့်ဒေသ၊ ကိုယ့်ရပ်ရွာ၏ လိုအပ်ခက်များကို လွှတ်တော်ကိုယ်စားလှယ်ထံ၊ သက်ဆိုင်ရာအစိုးရဌာနဆိုင်ရာများထံတွင် တင်ပြဖို့ လိုပါကြောင်း၊ မိမိဒေသသို့ ဖွံ့ဖြိုးရေးလုပ်ငန်းများလာရောက်လုပ်ကိုင်သည့် ကုမ္ပဏီများနှင့်လည်း ပူးပေါင်းဆောင်ရွက်တတ်ဖို့ လိုကြောင်း၊ ယခုအစိုးရလက်ထက်တွင် လမ်းပိုင်းဆိုင်ရာစသည့် ကိစ္စရပ်များကိုတင်ဒါအောင်သည့် ကုမ္ပဏီများကလုပ်ဆောင်နေပြီး လုပ်ဆောင်ပြီးစီးပါက လွှတ်တော်ကိုယ်စားလှယ်လက်မှတ် ပါရှိမှသာ လွှဲပြောင်းခွင့်ရရှိမည်ဖြစ်ကြောင်း၊ မိမိတို့ဒေသတွင်း တင်ဒါအောင်ကုမ္ပဏီများမှ ခင်းကျင်းပေးသော လမ်း၊ တံတားစသည်တို့ အရည်အသွေး ပြည့်မှီခြင်းမရှိဟု ထင်မြင်ယူဆပါက ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်ထံတင်ပြဖို့ လိုအပ်လှပါကြောင်းကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေက ပြောကြားခဲ့ကြောင်းသိရသည်။
ခွန်ဓဇ
Like On Facebook
Follow On Twitter
Subscribe On RSS