Saturday, December 9, 2017

ဂျပန်နိုင်ငံ၊ JAMAHA အဖွဲ့ဝင် Mr TABATA TAKAYOSHIနှင့် ဒေသခံများပူးပေါင်း ဆောက်လုပ်သည့် ကျောက်တလုံးကြီးမြို့ မူလတန်းကြိုကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၉) ရက်





၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ(၉)ရက်၊ ကျောက်တလုံးကြီးမြို့၊ နောင်လုံရက်ကွက်တွင် ဂျပန်နိုင်ငံ  JAMAHA အဖွဲ့ဝင် Mr TABATA TAKAYOSHI နှင့် ဒေသခံများပူးပေါင်းဆောက်လုပ်သည့် မူလတန်းကြို ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် Mr TABATA TAKAYOSHIနှင့် တက်ရောက်လာသော လူကြီးမင်းများက မူလတန်းကြိုကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ အခမ်းအနားတွင် ကျောက်တလုံးကြီးမြို့နယ်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အတွင်းရေးမှူး (၃) ဖြားခွန်တင်ထွဋ် နှင့် အုပ်ချုပ်ရေးမှူးဦးစောချမ်း တို့မှ အသီးသီးအဖွင့်အမှာစကားပြောကြားပေးခဲ့ပါသည်။

ထို့နောက်  ကျောင်းဆောင်သစ်အလှူရှင် ‘Mr TABATA TAKAYOSHIမှ ကလေးတွေက လက်ရမ်းပြီိးလှိုက်လှိုက်လှဲလှဲ ကြိုဆိုတာတွေ့ရတဲ့အတွက် ၀မ်းသာမိကြောင်း၊ မျက်ရည်တောင်ဝဲမိပါကြောင်း၊ ဒီကျောင်းဖွင့်ပွဲကို ကျွန်တော်ဘယ်လိုအမှတ်ရလဲဆိုတော့ ဂျပန်နိုင်ငံမှာ ကျွန်တော်တို့ကုမ္ပဏီက တက္ကစီကုမ္ပဏီဖြစ်ပါတယ်၊ တက္ကစီရဲ့ နှစ်(၆၀)ပြည့် နှစ်ပတ်လည်ပြည့်တဲ့နေ့မှာ ကျောင်းဆောင်သစ် ဖွင့်ပွဲလုပ်ရတဲ့တွက် အရမ်းကိုဝမ်းမြောက်မိပါတကြောင်း၊ ကျွန်တော့အနေနဲ့ လုံလောက်တဲ့ငွေကြေးအနေနဲ့ ပံ့ပိုးပေးနိုင်တယ်လို့မခံစားမိပါဘူး၊ တတ်နိုင်သလောက်ဘဲပံ့ပိုးပေးပြီးတော့ ကျန်တဲ့ လိုအပ်တဲ့ဖြည့်စွက်မှုတွေကို အားလုံးဝိုင်းဝန်းလုပ်ဆောင်ပေးတဲ့အတွက် အခုလိုသပ်သပ်ရပ်ရပ် မူကြိုကျောင်းဆောင် ဖြစ်မြောက်သွားခြင်း ဖြစ်ကြောင်း၊ ၀မ်းမြောက်ဝမ်းသာဖြစ်ပြီးတော့ ရင်ထဲကလှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါကြောင်း၊ ပအိုဝ်းဒေသကိုဒီတခါနဲ့ဆို (၄)ခါရောက်ဖူးပြီဖြစ်ကြောင်း၊ ပအိုဝ်းတိုင်းရင်းသားတွေနဲ့ ပူးပေါင်းတဲ့ချိန်မှာ အမှတ်တရစကားလေးတစ်ခွန်းပြောချင်ပါကြောင်း၊ အဲ့အမှတ်တရ စကားကတော့ ပအိုဝ်းအမျိုးသားခေါင်းဆောင်ဦးအောင်ခမ်းထီမှ မိမိတို့ကို အဘတို့ဒေသအတွက် အမှန်တကယ်ပံ့ပိုးပေးချင်ရင် ငါးကိုပေးတာ မဟုတ်ဘဲ ငါးမျှားနည်းကိုလည်းပေးပါဟု စကားတစ်ခွန်းက အရမ်းကိုမှတ်သားလောက်တဲ့ စကားလေးတစ်ခွန်းဖြစ်ပါကြောင်း၊ JAMAHAအဖွဲ့အနေနဲ့ မူကြိုကျောင်းဆောင်ဖွင့်ပေးတဲ့နေရာမှာ ဆရာ/ဆရာမတွေကို ကလေးတွေအတွက်  လုပ်ဆောင်ပေးဖို့ အချက်တစ်ချက်တောင်းဆိုချင်ဖို့ရှိပါကြောင်း၊ ဒါကတော့ ကလေးတွေကို သေသေချာချာသင်ပေးစေချင်တာက ဧည့်သည်တွေနဲ့ဖြစ်ဖြစ် အချင်းချင်းဆင်ဆံပြောဆိုတဲ့ချိန်မှာဖြစ်ဖြစ် နှုတ်ဆက်စကားပြောတတ်ဖို့၊ လက်တွေကိုသေချာဆေးဖို့၊ ဖိနပ်တွေကို သေချာတန်းစီအောင်ချွတ်ဖို့နှင့် အမှိုက်ကိုကောက်ဖို့ အမှိုက်ကိုမပစ်ချဖို့၊ ကလေးတွေကို စည်းကမ်းလိုက်နာတတ်ဖို့  စသည့်အချက်များကို သင်ကြားပေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ အလှူရှင်အား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်း၊ အကများနှင့် ကပြဖျော်ဖြေခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ အခမ်းအနားသို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ရုံး(PNO) အတွင်းရေးမှူး(၃) ဖြားခွန်တင်ထွဋ်၊ ဂျပန်နိုင်ငံ JAMAHA အဖွဲ့ဝင်အလှူရှင်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ပါရမီဖွံ့ဖြိုးရေးကွန်ယက်မှ ပညာအကြံပေး ဖြားခွန်အုန်းငွေ၊ ကျောက်တလုံးကြီးမြို့ အုပ်ချုပ်ရေးမှူး ဦးစောချမ်း၊ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိ ပုဂ္ဂိုလ်များ ကျောင်းကော်မတီအဖွဲ့ဝင်များ၊ ဆရာ/ဆရာမများနှင့် ဒေသခံပြည်သူများ စုစုပေါင်း(၆၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

နန်းတဆံထီ
Powered by Blogger.