Tuesday, January 16, 2018

ဆီဆိုင်မြို့နယ်၊ ကောင်ပန်းတန်းကျေးရွာတွင် အမျိုးသမီး ၀ါးအခြေခံလက်မှုနှင့် ထုတ်လုပ်မှုနည်းပညာသင်တန်းကျင်းပပြုလုပ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ (၁၇)ရက်







ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ကောင်ပန်းတန်းကျေးရွာဘုန်းတော်ကြီးကျောင်းတွင် တောင်သူများ၏ ရေရှည်တည်တံ့သည့် မိသားစုဝင်ငွေတိုးစီမံကိန်း ရှမ်းပြည်နယ်အသေးစား စက်မှုလုပ်ငန်းဦးစီးဌာနနှင့် မာဃဖွံ့ဖြိုးရေးအဖွဲ့မှ ပူးပေါင်း၍ အမျိုးသမီး ၀ါး အခြေခံလက်မှုနှင့် ထုတ်လုပ်မှုနည်းပညာသင်တန်းကို ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ (၁၇) ရက်နေ့၊ နံနက်(၁၀း၀၀) နာရီအချိန်တွင်ကျင်းပပြုလုပ်ကြောင်း သိရှိရပါသည်။

သင်တန်းကျင်းပရခြင်းသည် ဒေသခံမိဘပြည်သူများ မိသားစုဝင်ငွေတိုးပွားလာစေရန်၊ ဒေသခံမိဘပြည်သူများ ဒေသအတွင်း လုပ်ငန်းကို လွယ်ကူစွာရရှိနိုင်စေရန်၊ ၀ါးကိုအခြေခံပြီး လက်မှုပစ္စည်းများကို တီထွင်ဖန်တီးထုတ်လုပ်နိုင်ရန် စသည့်ဖြင် ကျင်းပရခြင်းဖြစ်သည်ဟု မာဃဖွံ့ဖြိုးရေးအဖွဲ့ မန်နေဂျာ ခွန်ချစ်ထွန်း ကပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ရှမ်းပြည်နယ်အသေးစား စက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသက်နိုင်ဦး သည်လည်း အမှာစကားပြောကြားပေးခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါသင်တန်းတွင် ထီတယမ်း၊ ၀ါခြာ၊ ပုံဆွေပင်၊ ခြောက်လောင်းကျေးရွာမှ သင်တန်းသူ (၃၀) ဦးတက်ရောက်ပြီး ဖုန်းတင်ခုံ၊ ဘောပင်ထည့်သည့် ခြင်း၊ စာအုပ်တင်စင်၊ မီးအိမ်၊ ပန်းအိုး၊ ဓါတ်ပုံမှန်ဘောင်အမျိုးမျိုး စသည့် ၀ါးလက်မှုပညာကို သင်ကြားပို့ချသွားမည်ဖြစ်သည်။

ထိုသင်တန်းကို ဇန်န၀ါရီလ (၁၆) ရက်နေ့မှ ဇန်န၀ါရီလ (၃၀) ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ယခု အမျိုးသမီး ၀ါးအခြေခံလက်မှုနှင့် ထုတ်လုပ်မှုနည်းပညာသင်တန်းကို ပထမဆုံးအကြိမ်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သိရှိရပါသည်။

မျင်းမိုရ်းခွန်
Powered by Blogger.