Tuesday, February 6, 2018

ဘဝဆက်တိုင်း ချစ်သူနှစ်ဦး (သို့) ဒီလင်ဒီမယားဆုံတွေ့ချင်ပါသလား

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၇)ရက်


လောကတွင်လူသတ္တဝါဖြစ်လာခဲ့သည်ရှိသည်နှင့်အညီ တစ်ဦးတစ်ယောက်တည်းနေထိုင်၍မရဘဲ ပတ်ဝန်းကျင်အသိုင်းအဝိုင်းနှင့် စုပေါင်း၍နေထိုင်ရခြင်း၊ စိတ်ကူးအိမ်မက်ဖြင့်နေထိုင်ရခြင်းသည် လောက နိယာမသဘောတရားပင်ဖြစ်ပေသည်။

ထိုမှတစ်ဆင့် အချိန်တန်၍အရွယ်ရောက်ပြန်လျှင်လည်း မိမိတို့၏ဘဝတစ်သက်တာအတွက် ဘဝကြင်ဖော်(ချစ်သူရည်းစား)တို့ကို ရှာဖွေကြပြန်လေသည်။ ထိုသို့ရှာဖွေရာတွင်လည်း (၁) မိတ်ဆွေအဆင့် (၂) ချစ်သူရည်းစားအဆင့် (၃) အိမ်ထောင်သည်ဘဝအဆင့်ဆိုပြီး အဆင့်ဆင့်ရှိလေသည်။ ချစ်သူရည်းစားဘဝတွင်လည်း တစ်ယောက်ကိုတစ်ယောက် မခွဲနိုင်မခွာနိုင်အောင် ချစ်ကြ၊ သံယောဇဉ်တွယ်တာကြလေသည်။ တစ်ဦးနှင့်တစ်ဦးခေတ္တခဏမျှ မတွေ့ရမမြင်ရလျှင် နှစ်ပေါင်းများစွာဝေးကွာရသည့်အလား ဆွေးကြ၊ လွမ်းကြခြင်းကြောင့် ရင်တွင်းမှပေါက်ဖွား၍ ဖြစ်ပေါ်လာသောခံစားချက်များကိုလည်း ကဗျာသော်လည်းကောင်း၊ ဆောင်းပါးအဖြစ်သော်လည်းကောင်း ဖွင့်ဟ၍ခံစားရေးသားကြခြင်းသည်လည်း ချစ်ကြသူတိုင်းအတွက် ချစ်ခြင်းတရား၏ အနှစ်သာရပြယုဂ်သဘောတရားပင် ဖြစ်လေသည်။

ဘုရားသွားကျောင်းတက်ကုသိုလ်ကောင်းမှုပြုလုပ်ရာတွင် ဆုတောင်းကြသည့်ဆုများကို ကြည့်ပြန်လျှင်လည်း “ငါတို့ချစ်သူနှစ်ဦး(ဇနီးမောင်နှံ) ဘယ်တော့မှမခွဲကြေးနော်။ ဘဝဆက်တိုင်းဆက်တိုင်း ပြန်ဆုံကြမယ်နော်။ ငှက်ဖြစ်ရင်လည်း တစ်ကိုင်းတည်းနားမယ်နော်” စသည့်ဆုတောင်းမှုပုံစံများဖြင့် မိမိအပါအ၀င် လူတိုင်းလည်းဤကဲ့သို့ ဆုတောင်းဖူးကြလိမ့်မည်ဟု ယူဆမိပါသည်။ ဤကဲ့သို့ တစ်ဦးအပေါ်တစ်ဦးမေတ္တာသက်ဝင်၍ ဆုတောင်းခြင်းသည် အရူးထသည်၊ မဖြစ်နိုင်တာတွေ ဆုတောင်းနေသည်ဟု ပြော၍မရပါ။ ထိုကဲ့သို့ဖြစ်ရပ်မျိုးသည် လောကသုံးပါး၏အရှင်သခင်ဖြစ်တော်မူသော မြတ်စွာဘုရား၏ လက်ထက်၌လည်း အမှန်တစ်ကယ်ဖြစ်ရပ်မှန် ၀တ္ထုဇာတ်တော်ရှိခဲ့ခြင်းကြောင့်လည်း ထိုကဲ့သို့ဆုတောင်း ကြဟန်တူပါသည်။

ထိုဝတ္ထုဇာတ်တော်တွင် ဂေါတမမြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်အခါ၌ ပုဏ္ဏားလင်မယားကို အကြောင်းပြု၍ ဟောတော်မူခြင်းဖြစ်သည်။ ထိုပုဏ္ဏားလင်မယားတို့ တောင်းဆိုခြင်းကြောင့် မြတ်စွာဘုရားမှ ဟောကြားရာတွင် “ဘဝဆက်တိုင်း ဤလင်ဤမယားမခွဲစတမ်း ဆုံတွေ့လိုသည်ရှိသော် လိုက်နာကျင့်ကြံရန် အချက်များမှာ (၁) သမသဒ္ဒါ တူညီသောသဒ္ဒါတရားရှိခြင်း။ အလှူအတန်း ကောင်းမှုကုသိုလ်တရားများ ပြုလုပ်ရာတွင် မောင်ဖြစ်သူကလှူရင် မယ်ဖြစ်သူမှကြည်ဖြူခြင်း၊ မယ်ဖြစ်သူကလှူရင် မောင်ဖြစ်သူမှ ကြည်ဖြူခြင်းတို့ ဖြစ်ပေသည်။ ဆိုလိုသည်မှာ ဘုရားကျောင်းကန် အလှူဒါနပြုလုပ်ရာတွင်လည်း စိတ်တူကိုယ်တူ ရှိရမည်ဟုဆိုလိုပါသည်။ အချို့လူများသည် တစ်ဦးကလှူရင် ကျန်တစ်ဦးမှ မကြည်ဖြူ မနှစ်သက်ခြင်းတို့ ဖြစ်တတ်ကြလေသည်။ (၂) သမသီလ တူညီသောသီလရှိခြင်း။ ခင်ပွန်းသော်လည်းကောင်း၊ ဇနီးသော်လည်းကောင်း တူညီသောသီလရှိရမည်ဟု ဆိုလိုပါသည်။ နှစ်ဦးနှစ်ဖက်သီလ တရားများကို မကျိုးမပေါက်စေဘဲ ခါးဝတ်ပုဆိုးကဲ့သို့ စောင့်ထိန်း(ဆောက်တည်)ရမည်ဖြစ်ပေသည်။ (၃) သမစာဂ တူညီသောစွန့်ကြဲမှုရှိခြင်း။ စွန့်ကြဲပေးကမ်းလှူဒါန်းရာ၌ တူညီသောစိတ်ထားရှိရမည်ဟု ဆိုလိုပေသည်။ (၄) သမပညာ တူညီသောပညာရှိခြင်း။ ပညာဟုဆိုရာတွင် တက္ကသိုလ်ပညာရပ်များကို ဆိုလိုသည် မဟုတ်ပါ၊ ခန္ဓာငါးပါးရုပ်နာမ်တရားတို့အပေါ်၌ မမြဲခြင်း အနိစ္စ၊ ဆင်းရဲခြင်း ဒုက္ခ၊ အစိုးမရခြင်း အနတ္တဟု ရှုမြင်ပွားများသော သမထဝိပဿနာဉာဏ်ပညာကို ဆိုလိုပါသည်။

ထို့ကြောင့် ချစ်သူစုံတွဲများ၊ (ဇနီးမောင်နှံ)များ တစ်ဦးအပေါ်တစ်ဦး နားလည်မှုများစွာထားရှိပြီး ချစ်ခြင်းမေတ္တာတရားများစွာဖြင့် ကောင်းမွန်မြင့်မြတ်သောအရာများကိုလည်း စိတ်တူကိုယ်တူကြိုးစားပြုလုပ်၍ နိဗ္ဗာန်သို့မရောက်မှီ ကြားကာလတွင် ဘဝဆက်တိုင်းဆက်တိုင်း ဒီလင်ဒီမယားဆုံတွေ့ကြပြီး အိုအောင်မင်းအောင်ပေါင်းနိုင်ကြပါစေဟု စာဖတ်ပရိသတ်တို့အား ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်အပ်ပါသည်။

ချစ်ခြင်းများစွာဖြင့် 
ခွန်ဗေခြောင်
Powered by Blogger.