တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ မတ်လ (၁၄) ရက်
ရှမ်းပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၉)၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေမှ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု၊ မြေမဲအခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တွင် အလယ်တန်းအဆင့်သင် ကျောင်းသား/သူ စုစုပေါင်း(၁၀၉)ဦးသာ ရှိသော်လည်း ပင်မကျောင်းဖြစ်သော ဆပ်သေအခြေခံပညာအထက်တန်းကျောင်းနှင့် (၃)မိုင်ခန့် ကွာဝေးသည်ကို စိစစ်တွေ့ရှိရပါသည်။
ထိုအခြေခံ ပညာအလယ်တန်းကျောင်း(ခွဲ)သည် အစိုးရသတ်မှတ်မူနှင့် ကိုက်ညီမှုရှိပါသဖြင့် အခြေခံပညာအလယ်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးနိုင်ပါရန် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ ပညာရေးဝန်ကြီးဌာန၊ ၀န်ကြီးရုံးသို့ ပေးပို့တင်ပြခဲ့ပါသည်။
အဆိုပါ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေ၏ ပေးပို့တင်ပြချက်နှင့် ပတ်သက်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကိုယ်စား ဒုတိယ အမြဲတမ်းအတွင်းဝန် ဒေါက်တာစည်သူကျော်မှ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် မြေမဲအခြေခံပညာအလယ်တန်းကျောင်း(ခွဲ)သည် သတ်မှတ်မူနှင့် ကိုက်ညီမှုရှိပါသဖြင့် အခြေခံပညာအလယ်တန်း ကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးနိုင်ရေးအတွက် အမှုတွဲတင်ပြစေပြီး ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ် အတွက် ကျောင်းအဆင့်တိုးမြှင့်ခြင်းများ ဆောင်ရွက်သည့်အချိန်တွင် သတ်မှတ်မူများနှင့်အညီ စိစစ် ဆောင်ရွက်သွားမည့်အကြောင်းကို အမျိုးသားလွှတ်တော်ရုံးမှတစ်ဆင့် လွှတ်တော်ကိုယ်စားလှယ် သိရှိနိုင်ပါရန်အတွက် ၂၀၁၈ - ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇)ရက်၊ စာအမှတ် ၊ မူဝါဒ (လွှတ်တော်/ တင်ပြစာ) ၂၀၁၈ (၃၀၇၃)အရ ပြန်ကြားစာ လက်ခံရရှိပါကြောင်း သိရှိရပါသည်။
အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စုတွင် နေထိုင်ကြသည့် မိဘပြည်သူများ၊ မြေမဲအခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တွင် ပညာသင်ကြားပေးနေသော ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား/သူများ သိရှိနိုင်ရန်အတွက် ရေးသားဖော်ပြအပ်ပါသည်။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)
လွှတ်တော်ရေးရာဌာန
Like On Facebook
Follow On Twitter
Subscribe On RSS