Wednesday, March 14, 2018

အမျိုးသမီးများ ဈေးကွက်ဆိုင်ရာအခွင့်အလမ်းများတိုးတက်ရရှိရေး ကြက်သွန်ဖြူလေ့လာဆည်းပူးကွက် ကွင်းသရုပ်ပြရှင်းလင်းပွဲပြုလုပ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ မတ်လ (၁၄) ရက်




ကနေဒါနိုင်ငံ အစိုးရနှင့် အလှူရှင်တို့၏ပံ့ပိုးမှုဖြင့် (MEDA) အဖွဲ့နှင့် ပါရမီဖွံ့ဖြိုးရေးကွန်ယက် (PDN) အဖွဲ့တို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်သော အမျိုးသမီးများအတွက် ဈေးကွက်ဆိုင်ရာ အခွင့်အလမ်းများတိုးတက်ရရှိရေး ကြက်သွန်ဖြူလေ့လာဆည်းပူးကွက် ကွင်းသရုပ်ပြရှင်းလင်းပွဲကို မတ်လ (၁၄) ရက်နေ့၊ နံနက် (၁၁း၀၀) အချိန်တွင် ကျောက်တလုံးကြီးမြို့နယ်၊ နောင်ကားကျေးရွာအုပ်စု၊ ပုံအယ်ကျေးရွာတောင်ဘက် ကြက်သွန်ဖြူလေ့လာဆည်းပူးကွက်တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။

ရှင်းလင်းပွဲတွင် ကျေးရွာသူကြီး ခွန်ထွန်းလေး က အဖွင့်အမှာစကားပြောကြားပြီး ပါရမီဖွံ့ဖြိုးရေးကွန်ယက် ဒု - ဥက္ကဌ ဖြားခွန်မောင်ဘော် က  စီမံကိန်းအကြောင်းကိုသော်လည်းကောင်း၊ ပံ့ပိုးကူညီသူ ခွန်ဇော်နိုင်ဝင်း က ( Field Day) ကြက်သွန်ဖြူ ကွင်းသရုပ်ပြပွဲ ပြုလုပ်ရခြင်းရည်ရွယ်ချက်ကိုသော်လည်းကောင်း၊ အမျိုးသမီးခေါင်းဆောင် မသန်းရီ က ကျေးရွာအကောင်အထည်ဖော်ဆောင်ရွက်နေသော စီမံကိန်းလုပ်ငန်းအကြောင်းများကိုသော်လည်းကောင်း၊ အမျိုးသမီးတောင်သူခေါင်းဆောင် မွိုးနု က လေ့လာဆည်းပူးကွက်အကြောင်းကိုသော်လည်းကောင်း အသီးသီးပြောကြားခဲ့ပါသည်။

အဆိုပါ ကြက်သွန်ဖြူလေ့လာဆည်းပူးကွက်သည် ပင်လောင်းမြို့နယ်၊ ပင်ခင်မျိုးနှင့် ဒေသမျိုးများ စိုက်ပျိုးပြီး စိုက်ပျိုးသည့် ပင်ကြား၊ တန်းကြား၊ အကွာအဝေးသည် (၄ လက်မ၊ ၈ လက်မ)၊ (၃ လက်မ၊ ၉ လက်မ)၊ (၃ လက်မ၊ ၈ လက်မ) စိုက်ပျိုးပြီး တီစူပါ၊ ပိုတက်၊ ပုလဲ၊ အာမို၊ ဆေးပုလဲ ဓါတုမြေသြဇာများအသုံးပြု၍ သဘာဝ ကြက်ချေး မြေသြဇာကိုလည်း အသုံးပြုစိုက်ပျိုးလျက်ရှိပါသည်။ ကြက်သွန်ဖြူအပင်များ ရှင်သန်ကြီးထွားစေရန်အတွက် ငါးအမိုင်နိုဟော်မှုန်းဆေးရည်ကိုလည်း အသုံးပြုလျက်ရှိပါသည်။

ထို့နောက် " အမျိုးသမီးဘ၀မြှင့်မားဖို့ ကြက်သွန်စိုက်ပျိုးပုံ၊ စိုက်ပျိုးနည်းတွေ စိုက်ပျိုးရေးနှင့် ပတ်သက်သည့် လိုအပ်ချက်တွေကို ကူညီပံပိုးပေးဖို့ပြုလုပ်ခြင်းဖြစ်တယ်။ နောက်ပြီး မြေသြဇာအသုံးပြုပုံ၊ အသုံးပြုနည်းတွေ ဒေသထွက်စိုက်ပျိုးသီးနှံများတွေအပေါ် အခက်အခဲများရှိရင် ကျွန်တော်တို့ဌာနနဲ့ပေါင်းစပ်ပူးပေါင်း ပေးလို့ရတယ်။ စိုက်ပျိုးရေးနှင့် ပတ်သက်ပြီး ဖြစ်ပေါ်လားတဲ့ပြဿနာကို ကူညီပေးနိုင်ပါတယ်။ အခုလို ဟောပြောပွဲတွေ များများလုပ်ပေးရင် စိုက်ပျိုးရေးနည်းပညာများကို သိရှိလာပြီး ပြောင်းလဲသင့်တာ တွေကိုပြောင်းလဲမယ်။ မျိုးကောင်းမျိုးသန့်တွေကို ဘယ်ကနေယူမယ်၊ ဘယ်လိုနည်းပညာတွေနဲ့ ထားရမယ်ဆိုတဲ့ နည်းပညာတွေကို တောင်သူအတွက် ခေတ်နှင့်အညီစိုက်ပျိုးတတ်လာတယ်။ ဒေသနဲ့ ကိုက်ညီတဲ့သီးနှံတွေထွက်လာမယ်။ ဈေးကွက်ကဘယ်လိုရှာရမယ်၊ စတာတွေကို သက်ဆိုင်ရာ ပညာရပ်အဖက်ဖက်ကနေ ပံ့ပိုးပေးတဲ့အတွက် တောင်သူများအကျိုးရလာဒ်တွေရှိလာမယ် " ဟု မြို့နယ်ဦးစီးမှူး ဦးမောင်မောင်မြင့် က ပြောကြားခဲ့ပါသည်။

တက်ရောက်လာသည့် တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဒေသခံပြည်သူများ စိုက်ပျိုးထားသည့် ကြက်သွန်ဖြူလေ့လာဆည်းပူးကွက်ကို ကြည့်ရှု့လေ့လာပြီး ကျောက်တလုံးကြီးမြို့နယ်၊ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်မြင့်၊ ပါရမီဖွံ့ဖြိုးရေးကွန်ယက် ဒု - ဥက္ကဌ ဖြားခွန်မောင်ဘော်၊ သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ ၊ ဒေသခံပြည်သူများတက်ရောက်ကြောင်းသိရှိရပါသည်။

ခွန်ဟန်ဇော်၊ နန်းဆားတဲုင်
Powered by Blogger.