တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဧပြီလ (၂၆)ရက်
ကမ္ဘာပေါ်မှာ မှီတင်းနေထိုင်ကြကုန်သော သက်ရှိလူသားများအားလုံးနှင့် သက်ရှိသတ္တ၀ါအားလုံးဟာ သဘာဝတရားကို အခြေခံပြီး ရပ်တည်ရှင်သန်နေထိုင်ကြရသည်သာဖြစ်ပါတယ်။ ဒါကြောင့် စာဖတ်မိတ်ဆွေများလည်း သဘာဝတရားရဲ့ နက်ရှိုင်းဂေဟ ( Deep Ecology ) နဲ့ ပတ်သက်ပြီး ကြားဖူးချင် ကြားဖူးကြမယ် ထင်ပါတယ်။ တစ်ခါတစ်လေတော့လည်း စကားလုံးအသုံးအနှုန်းအချို့ဟာတို့တတွေ နားလည်သယောင်ရှိ ပေမယ့် တကယ်တမ်း နားလည်သလားဆိုတော့ တို့တတွေ နားမလည်ကြပါဘူး။ ဒီတော့ GSMI ရဲ့ Grass Root Leadership ( GLT -4 ) အပတ်စဉ် (၄) သင်တန်းမှ ရရှိလာသည့် နက်ရှိုင်းဂေဟနဲ့ ပတ်သက်သော ဗဟုသုတအသိအမြင်လေး အနည်းအကျဉ်းလေးကို ပြန်လည်မျှဝေချင်ပါတယ်။
ကမ္ဘာပေါ်ရှိ လူ့အဖွဲ့အစည်းအများစုဟာ သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းအကြောင်းကိုပဲ စိတ်ဝင်တစား ရှိနေတတ်ကြပါတယ်။ ဒါပေမယ့် နားလည်ရန်ခက်ခဲလှတဲ့ သဘာဝတရားရဲ့ နက်ရှိုင်းဂေဟ (Deep Ecology) နဲ့ပတ်သက်ရင် ဘယ်သူကမှ သိပ်စိတ်ပ၀င်စားဝကြပါဘူး တို့တတွေ နေထိုင်ရှင်သန်ရာ ကမ္ဘာကြီးနဲ့ သဘာဝတရားဟာ နာကြင်ခြင်း ဝမ်းနည်းခြင်း ပျော်ရွင်ခြင်း စသည်ဖြင့် တို့လူသားတွေလို ခံစားတတ်တယ်ဆို တာရော တို့လူသားတွေ နားလည်သတိထား မိကြရဲ့လား။
ကမ္ဘာကြီးနဲ့ သဘာဝတရား၊ သဘာဝတရားနဲ့ သက်ရှိသတ္တဝါ၊ သက်ရှိလူသားအားလုံးဟာ တသားတည်း တကိုယ်တည်းပါလို့ နားလည်သဘောပေါက်ရင် နက်ရှိုင်းဂေဟ Deep Ecology ကို သိတယ်လိုသဘာဝတရား ဆိုတာ မရှိခဲ့ရင် ကမ္ဘာပေါ်မှာ သက်ရှိသတ္တဝါတွေ ရှိမလာနိုင်ပါဘူး။ တို့လူသားတွေမှာ မိတ်ဆွေအချင်းချင်း၊ ရပ်ရွာအချင်းချင်း၊ နိုင်ငံအချင်းချင်း အပြန်အလှန် သတင်းစကားတွေ အသိပေးကြသလို ဒီသဘာဝတရား ကြီးကလည်း တို့သက်ရှိလူသားတွေကို အထူးအသိပေးစရာ သတင်းစကားလေးတွေ ရှိပါတယ်။ ဘယ်လိုနည်းနဲ့ အသိပေးမလည်းဆိုတော့ သူတို့ရဲ့ ငိုညည်းသံလေးတွေနဲ့ပေါ့ ဒီတော့ စာဖတ်မိတ်ဆွေများခင်ဗျာ သဘာဝတရားရဲ့ ငိုညည်းသံလေးကို သူတို့နေရာမှာ ၀င်ခံစားပြီး စိတ်ရှည်ရှည်နဲ့ ခံစားနားဆင်ပေးကြပါလို့ တိုက်တွန်း ချင်ပါတယ်။
သစ်ပင်လေးတွေကပြောတယ်… ကျွန်တော်တို့အပေါ်မှာ ပုရွက်စိတ်တွေ၊ ငှက်ကလေးတွေ၊ ပျားပိတုန်း လေးတွေ၊ စတဲ့စတဲ့ တိရိစ္ဆာန်လေးများ အသိုက်ဆောက်ပြီး နေထိုင်ကြပါတယ်။ ကျွန်တော်တို့ဟာ သူတို့အတွက် အိမ်ဖြစ်သလို သက်ရှိလူသားများ အသက်ရှင်နေထိုင်ဖို့အတွက် ရှူရှိုက်တဲ့လေတွေကို သန့်စင်ပေးတဲ့သူပါ။ ဒါကြောင့် ကျွန်တော်တို့ကို မဖျက်ဆီးကြပါနဲ့ လွတ်လပ်စွာ ရှင်သန်ခွင့်ပေးပါတဲ့…
ဧရာဝတီမြစ်၊ သံလွင်မြစ်ကပြောတယ်… ကျွန်မတို့ဟာ မြန်မာ ပြည်သူလူထုအတွက် အသက်သွေး ကြောကြီးလို့ဆိုခဲ့ရင် မမှားပါဘူး။ ကျွန်မတို့ကို မှီခိုပြီး အသက်မွေးဝမ်းကြောင်းပြုနေသူတွေ ဒီနိုင်ငံမှာ သန်းနဲ့ချီရှိ နေပါတယ်။ ကျွန်မတို့ ရေအလျင်မှာ မြူးထူးပေါ်ပါးနေကြတဲ့ ငါး၊ ပုစွန်၊ လိပ် စတဲ့ ရေပျော်သတ္တဝါလေးတွေဟာ လူသားများအတွက် တဖက်တလမ်းကနေ ဝမ်းစာဖြစ်စေပါတယ်။ ဒါကြောင့် ကျေးဇူးပြုပြီးတော့ ကျွန်မတို့ကို မဖျက်ဆီးပဲ ညစ်ညမ်းအောင်မလုပ်ပဲ သဘာဝအတိုင်း လွတ်လပ်စွာ ရှင်သန်စီးဆင်းခွင့်ပေးပါတဲ့…..
လေညင်းလေးက ပြောပါတယ်… ကျွန်တော်တို့ဟာ သက်ရှိလူသားတွေ၊ သက်ရှိတိရိစ္ဆာန်လေးတွေ အသက်ရှင်သန်ရာအတွက် အဓိကဖြစ်သလို အပင်နဲ့ ပန်းမန်တွေ ဝတ်မှုန်ကူးရာမှာ အဓိကဖြစ်နေပါတယ်။ ကျွန်တော်တို့မရှိပဲ လောကမှာ သက်ရှိဆိုတာ ပျောက်ကွယ်သွားမှာပေါ့ ဒါကြောင့် ကျွန်တော်တို့ကို ညစ်ညမ်း သွားအောင် မလုပ်ပါနဲ့ လောကကြီးကို လေညင်းလေးဘဝနဲ့ ပေးဆပ်ချင်နေသူပါ။ ခင်ဗျားတို့ ကမ္ဘာ့လူသားတွေရဲ့ လုပ်ရပ်ကြောင့် တချိန်ချိန်မှာ လောကကြီး ဖျက်ဆီးသွားနိုင်ပါတယ်၊ ကျွန်တော်တို့ကို ဖြူစင်စွာ အသက်ရှင် ခွင့်ပေးပါလို့ တောင်းဆိုပြန်ပါတယ်တဲ့….
ဒါတင်ပဲလား ဒါတင်မကသေးဘူး ပန်းကလေးတွေ အပင်အိုကြီးတွေ ရေတံခွန်နဲ့ စမ်းချောင်း တိရိစ္ဆာန် လေးတွေ ကျန်ပါသေးတယ် သူတို့ရဲ့ ခံစားချက်ကိုလည်း ဆက်လက်နားထောင်ပေးပါလို့ ပြောပါရစေ….
ပန်းကလေးတွေက ပြောတယ်….ကျွန်မတို့ရဲ့ ရှင်သန်ခြင်းဟာ လူတွေရဲ့ စိတ်ကို ကြည်နူးစေတာကြောင့် ကျွန်မတို့ရဲ့ ရှင်သန်ခြင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ ကောင်းမွန်သော သဘာဝအရင်းအမြစ်များကို ထိန်းသိမ်းပေး ပါလို့ ဆိုပြန်ပါသတဲ့…..
ရေတံခွန်နဲ့ စမ်းချောင်းလေးတွေကဆိုပြန်သတဲ့ …. ကျွန်တော်တို့ကို အမှီပြုကြလို့ သက်ရှိသတ္တဝါတွေ အသက်ရှင် ရပ်တည်နေနိုင်တယ် ပြီးတော့ ဆင်းရဲချမ်းသာမရွေး လူသားတွေ အားလုံးရဲ့ အသက်ဆိုလည်း ဆိုနိုင်ပါသေးတယ် ရေသာမရှိရင် (၃) ရက်ထက် လူသားတွေ အသက်မရှင်သန်နိုင်ပါဘူး။ ဒါ့အပြင် မြို့နေလူတန်းစား တောနေလူတန်းစားရယ်လို့ ခွဲခြားဆက်ဆံတာမျိုးမရှိပဲ ကျွန်တော်တို့ ရေတံခွန်ရှိရာ စမ်းချောင်းရှိရာနေရာ ဒေသတွေမှာ မိသားစုအလိုက် အုပ်စုလိုက် လာရောက်အပန်းဖြေကြ ပျော်ပါးကြပါတယ်။ ဒါကြောင့် ကျွန်တော်တို့ကို ညစ်ညမ်းသွားအောင် မလုပ်ပါနဲ့ ချစ်ခင်စွာ ကြင်နာစွာ ကာကွယ် စောင့်ရှောက်ပေးကြပါတဲ့…..
ဘယ်လိုလည်း မိတ်ဆွေ ဖတ်ရတာ ငြီးငွေ့နေကြပြီလား ဖတ်လက်စနဲ့ နောက်ဆုံး သစ်ပင်အိုကြီးရဲ့ ရင်တွင်းခံစားချက်ကို နားဆင်ပေးပါဦး……
သစ်ပင်အိုကြီးကပြောပါတယ်.. သူတို့ဟာ လူတွေကို အေးမြစေအောင် အရိပ်အာဝါသတွေ ပေးပါတယ်တဲ့ ဒါတင်မကပါဘူး လွင်တီင်္းခေါင်တင်မှာ ကျက်စားနေတဲ့ တိရိစ္ဆာန်လေးတွေအတွက်လည်း အစားအစာတွေ အရိပ်အာဝါသတွေကို ပေးသလို သက်ရှိသတ္တဝါတွေ အတွက် ညစ်ညမ်းသော လေထုတွေကို သန့်စင်ပေးပါ သေးတယ်။ သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားဆိုသလို ကျွန်တော်တို့ကို မှီပြီး နေထိုင်ကြတဲ့ ငှက်ကလေး တွေနဲ့ သဘာဝတရားကြီးအတွက် မရှိမဖြစ်မို့ ကျွန်တော်တို့ကို ကျေးဇူးပြုပြီး မဖျက်ဆီးကြပါနဲ့ ကျွန်တော်တို့ မှာလည်း ခံစားတတ်တဲ့ နှလုံးသားတစ်ပါရှိပါတယ်။
ဒီလိုပါပဲ တောနက်နဲ့ ကွင်းပင်ကျယ်ကြီးထဲ ကျက်စားနေကြတဲ့ တိရိစ္ဆာန်လေးတွေလည်း သဘာဝတရားရဲ့ ရင်သွေးငယ်လေးတွေပါပဲ သူတို့ကလေးတွေ စားကျက်မြေနေရာ ကျဉ်းသထက် ကျဉ်းအောင် မလုပ်ကြပါနဲ့ ငွေကြေးဆိုတဲ့ ဘာမှတန်ဖိုးမရှိတဲ့ စက္ကူနဲ့ မလဲလှယ်၊ မဖမ်းဆီး မသတ်ဖျက်ကြပါနဲ့ သူတို့ကို လွတ်လပ်စွာ အသက်ရှင်နေထိုင်ခွင့်ပေးပါလို့ လူသားတွေဆီ သတင်းပေး တောင်းပန်စကားဆိုလာပါသတဲ့….
တို့နေထိုင်ရာ ဟောဒီကမ္ဘာကြီးမှာ တို့လိုလူသားတွေအပြင် တိရိစ္ဆာန်တွေ၊ သစ်ပင်ပန်းမန်လေးတွေ ရေတံခွန်လေးတွေ၊ စမ်းချောင်းလေးတွေ ၊ မြစ်ချောင်းအင်းအိုင်ကြီးတွေ အားလုံးဟာလည်း တို့လိုလူသားတွေ လိုပါပဲ သဘာဝတရားရဲ့ ရင်သွေးငယ်လေးတွေပါပဲ သူတို့လည်း ခံစားနားလည်တတ်တယ် နာကြင်ခံစား တတ်တယ်ဆိုတာ တို့လူသားတွေ သိကြပါလား၊ ပြီးတော့ သူတို့တွေဆိုတာ တို့တတွေပါပဲ we are one ပေါ့…
အားလုံးသော စာဖတ်မိတ်ဆွေများလည်း ခုတော့သဘာဝတရားဟာ တို့လိုလူသားတွေလိုပဲ နာကြင်ခံစားတတ် နာကြင်တတ်တယ်ဆိုတာ သိနေလောက်ပြီ နားလည်သဘော ပေါက်လောက်ပြီ လို့မျော်လင့် ပါတယ်။ ဒါကြောင့် ကမ္ဘာကြီးကို မချစ်တတ်ရင် သဘာဝတရားကို ဖျက်လိုဖျက်ဆီး လုပ်မယ်ဆိုရင်၊ သစ်ပင်သစ်တောတွေကို စီးပွားရေးလောဘစောကြောင့် ခုတ်ယူသုံးစွဲရင်၊ မြစ်ကြီးတွေကို စီးပွားရေး လောဘကြောင့် ခုတ်ယူသုံးစွဲရင် မြစ်ကြီးတွေကို စီးပွားရေးလောဘကြောင့် သဘာဝပတ်ဝန်းကျင်ကို ထည့်မတွက်ဘဲ အကျိုး အမြတ်သာ ကြည့်ပြီး ရေကာတာတွေ ဆည်တွေတည်ဆောက် မြစ်ကြီးတွေကိုပိတ်ရင်၊ တိရိစ္ဆာန်လေးတွေကို စီးပွားရေးအကျိုးအမြတ်အတွက် ညှင်းဆဲသတ်ဖြတ်ရင် ကိုယ့်ကိုယ်ကို သတ်ဖို့ကြိုးစား နေတာနဲ့ အတူတူပါပဲ။ ဒါကြောင့် သာဘာဝတရားကို ချစ်ခင်မြတ်နိုးတန်ဖိုးထားတတ်တဲ့ လူ့အသိုင်းအ၀န်းသစ် ဖန်းတီးတည်ဆောက်ပြီး တို့ရှင်သန်နေထိုင်ရာ ကမ္ဘာကြီး အေးချမ်းသာယာအောင် အတူတူ ကာကွယ်ကြပါစို့…..
ခွန်ဗွေခူ
Like On Facebook
Follow On Twitter
Subscribe On RSS