Wednesday, April 4, 2018

၂၀၁၆-၂၀၁၇ခုနှစ်အတွင်း ဖမ်းဆီးထိန်းသိမ်းထားသော စက်သံဆူညံစေသည့် ပါဝါအိပ်ဇောများ ဖျက်ဆီးခြင်း အခမ်းအနားပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဧပြီလ (၄)ရက်



၂၀၁၈ခုနှစ်၊ ဧပြီလ(၄)ရက်၊ နံနက်(၉း၀၀)နာရီအချိန် တောင်ကြီးမြို့၊ အဝေရာမီးပုံကွင်းတွင် ၂၀၁၇-၂၀၁၈ခုနှစ်အတွင်း ဖမ်းဆီးထိန်းသိမ်းထားသော စက်သံဆူညံစေသည့် ပါဝါအိပ်ဇောများ ဖျက်ဆီးခြင်း အခမ်းအနားကို ပြုလုပ်ကျင်းပခဲ့ကြောင်းသိရှိရပါသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အတွင်းမှာ နေ့စဉ်နှင့်အမျှ ယဉ်မတော်တဆမှုတွေ ဖြစ်ပွားမှုကြောင့် လူ့စွမ်းအားအရင်းအမြစ်တွေ ကိုယ်ရောစိတ်ပါ ဆုံးရှုံးခြင်းများအပြင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများ၊ ယာဉ်ကြောပိတ်ဆို့မှုများ မကြာခဏဖြစ်ပွားနေတာကိုတွေ့ရှိနေရကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေနဲ့ မြန်မာနိုင်ငံ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းစဉ်စီမံချက်(၂၀၁၄-၂၀၂၀)ရဲ့ ညွှန်ကြားချက်များနှင့်အညီ သက်ဆိုင်ရာ ခရိုင်/ မြို့နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကော်မတီများ၊ ဌာနဆိုင်ရာများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ ပရဟိတအသင်းအဖွဲ့များနဲ့ ပူးပေါင်းပြီးတော့ယာဉ်စည်းကမ်းလမ်း စည်းကမ်းဆိုင်ရာ အသိပညာပေးလုပ်ငန်းတွေကို ဆောင်ရွက်နေသလို ယာဉ်ထိန်းရဲတပ်ဖွဲ့ အစီအစဉ်များဖြင့်လည်း ယာဉ်အန္တရာယ်၊ လမ်းအန္တရယ်ကင်းရှင်းရေးဆိုင်ရာ လုပ်ငန်းတာဝန်တွေကို ကျေပွန်စွာ အကောင်အထည်ဖော်ဆောင်ရွက်စေခဲ့ပါကြောင်း၊ စည်းကမ်းပျက်ယာဉ် အရေးယူမှုအပိုင်းအနေနဲ့ အမှတ်(၁၈) ယာဉ်ထိန်းရဲဒုရဲတပ်ဖွဲ့ခွဲ (ရှမ်းတောင်)၌ ၂၀၁၆-ခုနှစ်တွင် စည်းကမ်းပျက်မော်တော်ယာဉ်(၂၄၈)စီး၊ မော်တော်ဆိုင်ကယ်(၄၅၄)စီး၊ စုစုပေါင်း(၇၀၂)စီး၊ ၂၀၁၇-ခုနှစ်အတွင်း စည်းကမ်းပျက်မော်တော်ယာဉ်(၂၉၃)စီး၊ စည်းကမ်းပျက်မော်တော်ဆိုင်ကယ် (၄၃၂)စီး၊ စုစုပေါင်း(၇၂၅)စီး တို့ကို စစ်ဆေးအရေးယူနိုင်ခဲ့ပြီးတော့ စက်သံဆူညံပါဝါအိပ်ဇောတပ်ဆင်မောင်းနှင်တဲ့ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်(၄၀၈)စီးကို ပညာပေးခြင်း၊ အရေးယူခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ပညာပေးခြင်း၊ စစ်ဆေးအရေးယူခြင်းခံခဲ့ရတဲ့ ကား၊ ဆိုင်ကယ်တွေကို မူလအိပ်ဇောတွေကို ပြန်လည်တပ်ဆင်စေပြီး ပါဝါအိပ်ဇောတွေကိုတော့ ယာဉ်ထိန်းရုံးမှာသိမ်းဆည်းထားကာ နောက်တစ်ကြိမ် ထပ်မံအသုံးမပြုနိုင်အောင် အခမ်းအနားနဲ့ဖျက်ဆီးပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ မိမိအတွက်လည်း အကျိုးမရှိ၊ မိမိပတ်ဝန်းကျင်ကိုလည်း အသံကြောင့် စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ပါဝါအိပ်ဇောတွေကို ၀ယ်ယူပြီးတော့ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်တွေမှာ တပ်ဆင်စီးနင်းခြင်း မပြုလုပ်ကြဖို့အတွက် ယခုအခမ်းအနားကို တက်ရောက်လာကြတဲ့ဧည့်သည်တော်များအနေနဲ့ မိမိရဲ့ ပတ်ဝန်းကျင်၊ မိမိတို့ရဲ့သား၊ သမီးဆွေမျိုး အသိုင်းအ၀ိုင်းတွေကို တစ်ဆင့်ပြန်လည်မျှဝေပေးကြပါရန် တိုက်တွန်းလိုကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဘဏ္ဍာ ရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံမအဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး  တောင်ကြီးမြို့၊ အမှတ်(၁၈) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရဲမှူး မျိုးဇော်အောင်မှလည်း အမှာစကားပြော ကြားခဲ့ပါသည်။

ထိုအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးနှင့် ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်နေပြည်သူလူထုများ၊ ကျောင်းသား/သူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း(၅၀၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

နန်းတဆံထီ
Powered by Blogger.