Monday, July 2, 2018

ဇူလှိုင်(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ‘ ပျိုမေ့အားမာန် ‘ ဓာတ်ပုံပြပွဲ ကျင်းပပြုလုပ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇူလှိုင်လ (၃) ရက်





၂၀၁၈၊ ဇူလှိုင်(၁)ရက်နေ့၊ တောင်ကြီးမြို့ရှိ စက်မှုလက်မှုနှင့်ကုန်သည်လုပ်ငန်းရှင်များအသင်းခန်းမတွင် အမျိုးသမီးများအတွက် ဈေးကွက်ဆိုင်ရာအခွင့်အလမ်းတိုးတက်ရရှိရေးစီမံကိန်း (IMOW) တွင် ပါဝင်ဆောင်ရွက်နေကြသော ဒေသတွင်းရှိ အမျိုးသမီးအသေးစားစိုက်ပျိုးထုတ်လုပ်သူများ၏ အောင်မြင်မှု ပုံရိပ်များကို ဇူလှိုင်(၃)ရက်နေ့တွင်  ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ ဂုဏ်ပြုအထိမ်းအမှတ် အနေဖြင့် ‘ ပျိုမေ့အားမာန် ‘ ဓာတ်ပုံပြပွဲကို MEDA Myanmar မှ ကြီးမှူးကျင်းပကြောင်း သိရသည်။

ဓာတ်ပုံပြပွဲအခမ်းအနားတွင် ရှမ်းပြည်နယ်၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်က အဖွင့်အမှာစကားပြောကြားရာမှာ မြန်မာအမျိုးသမီးများနေ့ကို ၁၉၉၆ ဇူလှိုင်လ (၃) ရက်နေ့တွင် ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံအမျိုးသမီးရေးရာကော်မတီကနေ အစပျိုးခဲ့သည်ဟု မှတ်သား ရပါကြောင်း၊ မြန်မာအမျိုးသမီးများ၏ လုံခြုံမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများ အတွက် ပညာရေး၊ လူမှုရေး၊ အဆင့်အတန်းမြှင့်မားလာစေရေး၊ မတရားညဉ်းပန်းနှိပ်စက်မှုများမှ ကင်းဝေးစေရေးအစီအစဉ်များကို မြန်မာ အမျိုးသမီးထုကိုယ်စား အကောင်အထည်ဖော် ဆောင်ရွက်ရန်ရည်ရွယ်ပြီး မြန်မာနိုင်ငံအမျိုးသမီးရေးရာ ကော်မတီ ဖွဲ့စည်းခဲ့သည့်နေ့ကို မြန်မာအမျိုးသမီးများနေ့အဖြစ်သတ်မှတ်ပြီး မြန်မာအမျိုးသမီးများကို ဂုဏ်ပြုသောအနေဖြင့် နှစ်စဉ်အခမ်းအနားများ ကျင်းပလျက်ရှိနေကြောင်း၊ မြန်မာအမျိုးသမီးများကဏ္ဍ ဖွံ့ဖြိုး တိုးတက်ဖို့၊ မြန်မာအမျိုးသမီးတွေကို ဦးတည်တဲ့ စွမ်းရည်မြှင့်တင်ရေး၊ ဈေးကွက်ချိတ်ဆက်ရေး၊ စီးပွားရေး နှင့်ဝင်ငွေအခွင့်အလှမ်းတိုးတက်စေရေး၊ အမျိုးသမီးများအပေါ် မတရားညဉ်းပန်းနှိပ်စက်မှု ကင်းဝေးစေရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်စီမံကိန်းတွေကို အောင်မြင်အောင် အကောင်အထည်ဖေါ်ပေးဖို့ လိုပါကြောင်း၊ ဒါတွေ အောင်မြင်ဖို့ သက်ဆိုင်ရာအဖွဲ့အစည်းများကလည်း စနစ်တစ်ကျ  ပူးပေါင်းဆောင်ရွက်ပေးဖို့လည်း လိုပါကြောင်းကို ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် MEDA Myanmar မှ DCPM Ms. Catherine Sobrevega နှုတ်ခွန်းဆက်ကြိုဆိုခြင်းနှင့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုခြင်းစကားကို ပြောကြားခဲ့ပြီးနောက် IMOW ပရောဂျက်အကြောင်းကို MEDA Myanmar မှ Program and Partnership coordinator ဒေါ်မိုးမိုးစုလှိုင်က မိတ်ဆက်ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။

ခွန်တကျော်
Powered by Blogger.