တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၄)ရက်
၂၀၁၈-ခုနှစ်၊ သြဂုတ်လ(၁၄)ရက် ပအိုဝ်းကိုယ်ပိုင်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၊ မိခင်နှင့်ကလေးစောင့် ရှောက်ရေးရုံးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၏ လမ်းညွှန်မှုဖြင့် ကွန်ပျူတာပညာဒါနသင်တန်းကျောင်းကို ဖွင့်လှစ်ပေးကြောင်း သိရှိရပါသည်။
အဆိုပါသင်တန်းကို (၁၃.၈.၂၀၁၈)ရက်နေ့တွင် စတင်ပြီးတနလာင်္နေ့မှ သောကြာနေ့အထိ သင်တန်းချိန် မနက်(၇း၀၀မှ နေ့လယ်၁၂း၀၀)နာရီထိဖြစ်ပြီး ညနေပိုင်းကို (၃း၀၀မှ ည ၉း၀၀)နာရီအထိ သင်ကြားပေးကာ စနေနှင့် တနင်္ဂနွေရက်၌ Adobe Photoshop CS3(ဂရပ်ဖစ်ဒီဇိုင်း)ကို သင်ကြားပေးခြင်းနှင့် သင်တန်းကာလကြာချိန်မှာ (၁)လခွဲကြာမြင့်မည် သိရှိရပါသည်။
သင်တန်းချိန်မှာ (၁း၀၀)နာရီကို (၁)ကြိမ် သင်တန်းသား/သူ(၁၀)ဦးခွဲထားပြီး သင်ကြားပေးသွားမည်ဖြစ်သည်။ ပညာအရည်အချင်း၊ အသက်အရွယ်၊ ကန့်သတ်ချက်မရှိ လွတ်လပ်စွာ စာရင်းပေးသွင်းခြင်းဖြင့် တစ်ရက်လျှင် သင်တန်းချိန် (၁၀)ချိန်တွင် မိမိအဆင်ပြေသည့် အချိန်တစ်ချိန်ကို ရွေး၍တက်ရောက်နိုင်ပြီး ယခုလက်ရှိစာရင်းသွင်းထားပြီးသူ ဦးရေမှာ (၈၀)ဦးရှိကြောင်းနှင့် ထပ်မံ၍ လာရောက်စာရင်းသွင်းနိုင်သေးကြောင်း သိရှိရပါသည်။
ထိုသင်တန်းကို ဖွင့်လှစ်ရသည့်ရည်ရွယ်ချက်မှာ "တိုင်းရင်းသားညီအစ်ကိုမောင်နှမများ အခြေခံကွန်ပျူတာနည်းပညာကို တတ်မြောက်စေရန်၊ ကွန်ပျူတာနည်းပညာကို အခကြေးငွေသက်သာစွာ သင်ယူနိုင်ရန် အဓိကဖြစ်ပြီး အချို့က အချိန်ပေးနိုင်ပြီးငွေရေးကြေးရေးအဆင်မပြေဒါတွေ အဝေးကို သွားရောက်သင်ယူသူတွေ အချိန်မပေးနိုင်တဲ့သူတွေကို အဆင်ပြေအောင် အချိန်ကိုစီမံပေးထားပါကြောင်း" သင်တန်းဆရာ တာဝန်ခံဦးသက်ဝင်း (Golden Lotus Mobile Educational Unit)ပြောကြားချက်အရ သိရှိရပါသည်။
လက်ရှိတောင်ကြီးမြို့၊ ကန်သာရပ်ကွက်၊ ဗလငါးတန်စာကြည့်တိုက်တွင် ဖွင့်လှစ်လျက်ရှိပြီး အခြားမြို့နယ်များ သင်တန်းဖွင့်လိုကြောင်း ဖိတ်ခေါ်ပါက ဖုန်း (၀၉၄၅၆၅၅၅၉၄၈)ကို ဆက်သွယ်၍ သင်တန်းဆရာများ ကိုယ်တိုင် လာရောက်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။
သတ်မှတ်ဘာသာရပ်များကို (၁)လခွဲအတွင်း အတတ်သင်ပေးမည်။ သင်ကြားပေးမည့် ဘာသာရပ်များမှာ Typing-Eng & Myanmar, Myanmar 3)၊ Microsoft(Excel, Power Point, Word)၊ Adobe Page Maker၊ ဂရပ်ဖစ်ဒီဇိုင်း Adobe Photoshop CS3၊ ရုံးစာ၊ ဖိတ်စာနှင့် အထွေထွေသိမှတ်စရာများကို သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။
အဆိုပါသင်တန်းကို Golden Lotus Mobile Education Unit အဖွဲ့မှ တာဝန်ခံဆရာအဖြစ် ဦးကျော်သက်ဝင်း၊ ဆရာမ ဒေါ်ခင်ဖြိုးဝေ၊ ဆရာမ စန္ဒာအေးတို့မှ တာဝန်ယူသင်ကြားပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
နန်းခမ်းဗွေ
Like On Facebook
Follow On Twitter
Subscribe On RSS