Tuesday, December 4, 2018

ဗောင်းဘုန်းတော်ကြီးကျောင်းတွင် ခေါင်းဆောင်မှုသင်တန်းဆင်းပွဲနှင့် လူထုတွေ့ဆုံပွဲအခမ်းအနားပြုလုပ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၄) ရက်









ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့နယ် (ခွဲ) နောင်ပီးကျေးရွာအုပ်စု၊ ဗောင်းဘုန်းတော်ကြီးကျောင်းတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ လေ့ကျင့်ပညာပေးရေးဌာနမှ သင်ကြားပို့ချပေးသော ခေါင်းဆောင်မှုသင်တန်းဆင်းပွဲနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသဦးစီးဥက္ကဋ္ဌ ဖြားခွန်စံလွင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဖြားခွန်သိန်းဖေနှင့် ပင်လောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဘုန်းထက်နိုင်မြင့်တို့က ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၄)ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် လူထုတွေ့ဆုံပွဲ အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရပါသည်။

အခမ်းအနားတွင် ဗောင်းဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်ထံမှ ငါးပါးသီလခံယူခဲ့ပြီး ပင်လောင်းမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဘုန်းထက်နိုင်မြင့်က အဖွင့်အမှာစကားပြောကြားပြီးနောက် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဖြားခွန်သိန်းဖေ က အမှာစကားပြောကြားရာ ဤဒေသတွင် အခြားဒေသများနှင့် ယှဉ်ပြိုင်လျှင် ဖွံ့ဖြိုးတိုးတက်မှု ပိုရှိပြီး စည်းလုံးညီညွှတ်မှုသည်လည်း ကောင်းမွန်မှုရှိပါကြောင်း၊ ကျွန်တော်တို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် ကျေးရွာနေပြည်သူလူထုများ မြို့နေထိုင်မှုစနစ်နှင့် တစ်ထပ်တည်းကျနိုင်အောင် လုပ်ကိုင်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့၏ကျေးရွာတိုးတက်လာအောင် လုပ်ဆောင်ရာတွင်လည်း ရပ်ရွာရှိ မိဘပြည်သူတို့၏တာဝန်ဖြစ်ကြောင်း၊ မိမိတို့ လူမျိုးရေး ၊နိုင်ငံရေး ဒီထက်ပိုမိုတိုးတက်မှုရှိလာအောင် မိဘပြည်သူတစ်ဦးချင်းစီတိုင်းတွင် တာဝန်ရှိကြောင်းစသည့်အမှာစကားနှင့် လွှတ်တော်၏ အတွေ့အကြုံများကိုလည်း ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသဦးစီးဥက္ကဋ္ဌ ဖြားခွန်စံလွင်က အမှာစကားပြောကြားရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် စတုရန်မိုင်ပေါင်း (၃၅၄၀) ရှိပြီး၊ တိုင်းရင်းသားလူမျိုးပေါင်း (၁၆) မျိုးနေထိုင်ကြပြီး လူဦးရေပေါင်း (၄၂၅၀၀၀)ကျော်ရှိကြောင်း၊ မိမိတို့ဒေသအတွင်း ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး စသောဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြိုးစားလုပ်ကိုင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့၏ စိုက်ပျိုးထုတ်ကုန်များကိုလည်း ကုန်ချောဖြစ်လာအောင် နည်းပညာများ၊ အစုအဖွဲ့များ လိုအပ်လျက်ရှိပါကြောင်း၊ လူမျိုးတစ်မျိုးဖွံ့ဖြိုးတိုးတက်လာအောင် ဘက်ပေါင်းစုံမှ ကြိုးစားလုပ်ဆောင်သင့်ကြောင်း၊ ဘွဲ့ရလူငယ် မောင်/မယ်များအနေဖြင့် သက်ဆိုင်ရာ အစိုးရဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်ရန်လိုအပ်ကြောင်း၊ မူးယစ်ဆေးဝါးများကို အမျိုးသားရေးအနေဖြင့် နှိမ်နှင်းသင့်ကြောင်း၊ မိမိတို့လူမျိုးအချင်းချင်း စည်းလုံးညီညွှတ်မှုရှိမှသာ ဖွံ့ဖြိုးတိုးတက်မှုအောင်မြင်မှုများ ပိုမိုရရှိလာမည်ဖြစ်ကြောင်း စသည့်အမှာစကားအသီးသီးပြောကြားပြီးနောက် တက်ရောက်လာသော ရွာသူရွာသားများ၏ တင်ပြချက်များကိုလည်း ရှင်းလင်းဖြေကြားပေးခဲ့ပြီး  ဒေသခံရပ်မိရပ်ဖ ကိုယ်စား ခွန်ထွန်းတီးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရပါသည်။

အဆိုပါ သင်တန်းဆင်းပွဲနှင့် လူထုတွေ့ဆုံပွဲ အခမ်းအနားသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသဦးစီးဥက္ကဋ္ဌ ဖြားခွန်စံလွင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေ၊ ပင်လောင်းမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဘုန်းထက်နိုင်မြင့်၊ သင်တန်းဆရာ/ဆရာမများ၊ သင်တန်းသူ/သင်တန်းသားများ၊ နောင်ပီးကျေးရွာအုပ်စု ဗောင်းကျေးရွာမှ မိဘပြည်သူများ (၂၀၀) ကျော်တက်ရောက်ခဲ့ကြောင်း သိရပါသည်။အဆိုပါ ဗောင်းကျေးရွာများသည် အမှိုက်များကိုစနစ်တကျ စွန့်ပစ်သည့်အတွက် သန့်ရှင်းသောကျေးရွာများဖြစ်ကြပြီး မည်သည့်ကျေးရွာမဆို ဗောင်းကျေးရွာအတိုင်း အမှိုက်များကို စနစ်တကျ စွန့်ပစ်ပါက အတုယူစရာ၊ လည်ပတ်ချင်စရာ ကျေးရွာများ ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဖြားခွန်စံလွင်နှင့် အဖွဲ့သည် မွန်းလွှဲပိုင်း(၃း၀၀)နာရီအချိန်တွင် တီကျစ်ကျောက်မီးသွေးသုံးရေနွေးငွေ့ ဓာတ်အားပေးစက်ရုံ နှင့် တရုတ် မုန်လာဥ စမ်းသပ်စိုက်ပျိုးမှု အခြေအနေများကို  သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို ညွှန်ကြားခဲ့ကြောင်း သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် Wuxi Hua Guang (Myanmar) Co.,Ltd မှ ဒေသခံကျေးရွာများအတွက် CSR လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် ရန်ပုံငွေ ကျပ်သန်း (၂၅၀) ကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့သို့ လွှဲပြောင်းပေးအပ်မည် ဆိုသည်ကိုလည်း သိရှိရသည်။

ခွန်ယံသေ
Powered by Blogger.