Saturday, December 8, 2018

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကက္ကူဘုရားပြုပြင်မွမ်းမံရန်အတွက် ကျပ်သိန်း(၁၀၀)ကျော် လာရောက်လှူဒါန်းခဲ့ပြီး ကက္ကူဘုရားကို အဆင့်မြင့်ပြုပြင်ထိန်းသိမ်းရာတွင် တပ်မတော်အနေနှင့် ကူညီဆောင်ရွက်သွားမည်ဟု ပြောကြား

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်












တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဒီကနေ့ ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ(၈)ရက်နေ့တွင် တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့နယ်ခွဲရှိ သမိုင်းဝင်မွေတော် ကက္ကူဘုရားကို လာရောက်ဖူးမျှော်ခဲ့ပြီး ကက္ကူဘုရားပြုပြင်မွမ်းမံရန်အတွက် သိန်း(၁၀၀)ကျော် လာရောက် လှူဒါန်းကာ “ကက္ကူဘုရားကို ကမ္ဘာ့လှည့်ခရီးသွားများ ပိုမို စိတ်ဝင်စားလာအောင် အဆင့်မြှင့်ပြုပြင် ထိန်းသိမ်းရာတွင် တပ်မတော်အနေနှင့် ကူညီဆောင်ရွက်သွားမည်” ဟုလည်း ဒေသခံများနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တပ်မတော် ကြည်း၊ လေ၊ ရေမှ အရာရှိကြီးများသည် ယနေ့နံနက် (၁၀)န်ာရီခွဲအချိန်တွင် သမိုင်းဝင်မွေတော်ကက္ကူသို့ ရောက်ရှိခဲ့ပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဌ ဖြားခွန်စံလွင်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ (PNO)အသွင် ပြောင်းပြည်သူစစ်(ဌာနေ)မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဒေသခံရပ်မိရပ်ဖများက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြ ကြောင်း သိရသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တပ်မတော် ကြည်း၊ လေ၊ ရေမှ အရာရှိကြီးများသည် မွေတော်ကက္ကူဘုရားကို လှည့်လည်ဖူးမျှော်ကာ ကက္ကူဘုရားထိန်းသိမ်း ပြုပြင်နိုင်ရန်အတွက် ကက္ကူဘုရားပြုပြင်ထိန်းသိမ်းရေးဂေါပကအဖွဲ့များထံသို့ အလှူငွေ ကျပ်(၁၀၅)သိန်း လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ပအိုဝ်းဒေသ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဒေသခံများကို တွေ့ဆုံပြီး အမှာစကားပြောကြားရာတွင် မိမိသည် ကက္ကူဘုရားသို့ တစ်ကြိမ်တစ်ခါမျှ မရောက်ဖူးသေးကြောင်း၊ အဘဦးအောင်ခမ်းထီနှင့် နေပြည်တော်တွင် တွေ့ဆုံရာ၌ ပအိုဝ်းဒေသသို့ရောက်လျှင် ကက္ကူဘုရားကို လာရောက်ဖူးမျှော်ရန် အဘက ဖိတ်ကြားခြင်းကြောင့် မိမိအနေဖြင့် လာရောက်ခဲ့ရခြင်း ဖြစ်ကြောင်း၊ မိမိအနေဖြင့် ကက္ကူဘုရား တည်တံ့ခိုင်မြဲအောင် လုပ်ဆောင်နိုင်ရန်၊ ကက္ကူဘုရားကို အမှီပြု၍ ဒေသခံများ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်မှုလာအောင် လုပ်ဆောင်နိုင်ရန်နှင့် ပအိုဝ်းဒေသ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာအောင် အကြုံပြုနိုင်ရန် စသည့်ရည်ရွယ်ချက်ဖြင့် လာရောက်ခဲ့ပါကြောင်း၊ မိမိသည် ကက္ကူဘုရားပေါင်း(၂၀၀၀)ကျော်ကို ဖူးမျှော်ကြည်ညိုရသည့်အတွက် အလွန်ပင်ဝမ်းသာမိပါကြောင်း၊ ကက္ကူဘုရားသည် ရွှေတိဂုံ၊ ပုဂံညောင်ဦးကဲ့သို့ ကမ္ဘာသိ ဘုရားဖြစ်ကြောင်း၊ သို့သော်လည်း ကမ္ဘာသိရံုံနှင့် မပြီးသေး   ကမ္ဘာ့ခရီးသွားများ လာချင်စိတ်ဖြစ်လာအောင် ဆွဲဆောင်ရမည်ဖြစ်ကြောင်း။

ယနေ့တွင် မိမိတို့တပ်မတော်အဖွဲ့သည် ကက္ကူဘုရား ပြုပြင်မွမ်းမံရန်အတွက် ကျပ်(၁၀၅)သိန်းကို လှူဒါန်းခဲ့ပါကြောင်း၊ ထို့အပြင် တပ်မတော်အနေနှင့် ကက္ကူဘုရားကို လှူဒါန်းမှု၊ ကူညီမှု၊ ပူးပေါင်းဆောင်ရွက်မှု ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ကက္ကူဘုရားသည် သက်တမ်းရင့်လာပြီဖြစ်သောကြောင့် မပျက်စီးရန် ထိန်းသိမ်းပြုပြင်ရမည်ဖြစ်ကြောင်း၊ ထိုသို့ပြုပြင်ထိန်းသိမ်းရာတွင် ခေတ်မီဖွံ့ဖြိုးတိုးတက်မှုနှင့်အညီ မူလလက်ရာ မပျောက်ပျက်ရန် လိုအပ်ကြောင်း၊ တပ်မတော်အနေနှင့် ကက္ကူဘုရား မူလလက်ရာမပျက်အောင် ထိန်းသိမ်းရာတွင် လိုအပ်သော ဗိသုကာပညာရှင်၊ အင်ဂျင်နီယာများ စေလွတ်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ကက္ကူဘုရားထိန်းသိမ်းရေး ဂေါပကများနှင့် တိုင်ပင်၍ Master Plan ရေးဆွဲပြီး ကက္ကူဘုရားကို ခေတ်မှီအောင် လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊ ထိုသို့ လုပ်ဆောင်ရာတွင် ဒေသခံပြည်သူများနှင့်အတူ တပ်မတော်အနေနှင့် အကူအညီများ ပူးဆောင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ကက္ကူဘုရားကို ကမ္ဘာလှည့် ခရီးသွားများ ပိုမိုစိတ်ဝင်စားလာစေရန် အခြေခံလိုအပ်ချက်ဖြစ်သော လမ်း၊ ရေ၊ မီးနှင့် ကက္ကူဘုရား ပတ်ဝန်းကျင်အနီးရှိ ရွာများကို နေချင်စဖွယ်ဖြစ်အောင် ဖန်တီးရမည်ဖြစ်ကြောင်း စသဖြင့် ပြောကြားခဲ့သည့်အပြင် ပအိုဝ်းဒေသရှိ စီးပွားရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျန်းမာရေးစသည့်ကဏ္ဍအသီးသီး ဖွံ့ဖြိုးတိုးတက်လာရန်အတွက်လည်း အကြုံပြုအမှာစကားများ ပြောကြားပေးခဲ့ကြောင်း သိရပါသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တပ်မတော် ကြည်း၊ လေ၊ ရေမှ အရာရှိကြီးများသည် ပအိုဝ်းဒေသ တာဝန်ရှိပုဂ္ဂိုလ်ကြီးများနှင့်အတူ လှိုင်ကွန်းစားသောက်ဆိုင်တွင် နေ့လယ်စာ သုံးဆောင်ပြီး မွန်လွဲပိုင်း (၁း၀၀)ကျော်အချိန်တွင် အင်းလေးဖောင်တော်ဦးဘုရားကို သွားရောက် ဖူးမျှော်ရန် ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

သမိုင်းဝင်မွေတော်ကက္ကူဘုရားသည် ၂၀၁၆ ခုနှစ်၊ ဧပြီလ(၂၂)ရက်နေ့တွင် လေပြင်းမုန်တိုင်း တိုက်ခတ်ခဲ့ရာ ဘုရားစေတီတော်ပေါင်း(၂၀၀၀)ကျော်ရှိသည့်အနက် (၁၀၃၈)ဆူမှ မြေခပျက်စီးခဲ့ကြောင်း၊ ယခုအခါ (၈၁၂)ဆူကို ပြန်လည်ပြုပြင်နိုင်ခဲ့ပြီး (၂၂၆)ဆူ ကျန်ရှိနေသေးကြောင်း ကက္ကူဘုရားပြုပြင် ထိန်းသိမ်းရေး ဂေါပက ဖြားခွန်ရာမထံမှ သိရသည်။

နဂါ့ခွန်
Powered by Blogger.