Monday, February 4, 2019

လွယ်ကောင်းရွာကြီးကျော်ဇမ္ဗူစေတီတော်ကုန်းပေါ်တွင် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းသို့အလယ်တစ်ခေါက်

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၄)ရက်



အထူးဒေသ(၆)၊ တောင်ကြီးမြို့နယ်၊ လွယ်ကောင်းရွာကြီး ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ကျော်ဇမ္ဗူစေတီ ဘုရားတောင်ကုန်းပေါ်တွင် ဗုဒ္ဓပူဇနိယပွဲတော်ကို ၁၃၈၀-ခုနှစ်၊ ပြာသိုလကွယ်(၄-၂-၂၀၁၉) နေ့တွင်  ပြုလုပ်ကျင်းပခဲ့ပါသည်ကို တွေ့ရှိရပါသည်။

ယခုနှစ် ဗုဒ္ဓပူဇနိယပွဲတော်တွင် ပင့်ကျောင်း ၁၇-ကျောင်းမှ ဆရာတော် သံဃာတော် ၃၆-ပါးကြွရောက်ခဲ့ပြီး ရပ်နီးရပ်ဝေးမှ မိတ်ဆွေသင်္ဂဟများဖြင့် စည်းကားစွာ ကျင်းပပြုလုပ်နေကြပါသည်။

ရောက်လာသမျှ ဧည့်သည်တော်များကိုလည်း ဧည့်ဝတ်ကျေပွန်စွာ တည်းခင်းဧည့်ခံသည်ကို တွေ့မြင်ခဲ့ရပါသည်။ ၎င်းကျေးရွာသည် သဘာဝပတ်ဝန်းကျင်ကို အလွန်တန်ဖိုးထားသည့် ကျေးရွာဖြစ်ကြောင်း ရောက်ဖူးသူတိုင်း သိရှိနိုင်ပါသည်။

ကျော်ဇမ္ဗူစေတီတော် ဘုရားတောင်ကုန်း အတက်လမ်းကို ရပ်နီးရပ်ဝေးမှ ခုနှစ်ရက်သားသမီးများနှင့် လွယ်ကောင်းရွာကြီးတွင် နေထိုင်သည့် ရွာသူ/ရွာသားများက ကာယအား ဥာဏအား ဓနအားဖြင့် အင်္ဂတေလမ်းမကြီးကို ကျောင်းထိုင်ဆရာတော် ဦးဆောင်မှုဖြင့် ခင်းကျင်းလှူဒါန်းထားသည်ကိုလည်း တွေ့ရှိခဲ့ရပါသည်။

အဆိုပါ ကျော်ဇမ္ဗူစေတီတော်သည် ဘုရားဝတ္တကမြေ ၆-ဧကကျယ်ဝန်းပြီး သဘာဝသစ်တောများဖြင့် ဖုံးလွမ်းကာ အလွန်အေးချမ်းသည့် နေရာဖြစ်သည့်အတွက် အမျိုးဘာသာသာသနာအကျိုးကို မြှင့်တင်နိုင်ရန်အတွက် တရားစခန်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဖွင့်လှစ်နိုင်ရန် လက်ရှိကျောင်းထိုင်ဆရာတော်မှ ကြိုးပမ်းလျှက်ရှိကြောင်း သိရှိရပါသည်။

၎င်းကျော်ဇမ္ဗူစေတီတော်ကို ၁၉၉၁-ခုနှစ်၊ ငြိမ်းချမ်းရေး အထိမ်းအမှတ်အဖြစ်ဖြင့် (၂၆-၁-၉၅ )ခုနှစ် နံနက် ၉း၄၅-အချိန်တွင် ရှမ်းပြည်နယ်တောင်ပိုင်း အထင်ကရ ဆရာတော်ဘုရားကြီးများနှင့် ပအိုဝ်းအမျိုးသားခေါင်းဆောင်များ၊ အမျိုးဘာသာသာသနာမြှင့်တင်ရေးအဖွဲ့များက အုတ်မြစ်ချပေးခဲ့ကြောင်း ကမ္ပည်းစာတွင် မှတ်သားရပါသည်။

ထိုအုတ်မြစ်ချပွဲတွင် ပါဝင်သည် ဆရာတော်ကြီးများနှင့် လူပုဂ္ဂိုလ်များမှာ- ဘဒ္ဒန္တဝရိန္ဒ(အဂ္ဂမဟာပဏ္ဍိတ) ပထမတောင်ကျောင်းကြီး၊ ဘဒ္ဒန္တဃောသိယ (အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ) ပထမတောင်ကျောင်းကြီး၊ ဘဒ္ဒန္တလက္ခဏသာမိ (အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ) အေးစေတီ ကျောင်း၊ ဘဒ္ဒန္တ္က္ကဣန္ဒက(အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ) အရိယဝံသမြို့ဦးကျောင်း၊ ဘဒ္ဒန္တပညာနန္ဒ လွယ်ကောင်းကျောင်း ဆရာတော်ကြီးများနှင့် ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး ဦးအောင်ခမ်းထီ၊ ပွဲစားဦးဖိုးဆောင်၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ဗဟိုဥက္ကဋ္ဌ ခွန်ထွန်းလွင်၊ တက္ကသိုလ်များမှ ပအိုဝ်းကျောင်းသားများ၊ ရဟန်းတကာ ဦးပညာလွယ်ကောင်းရွာတို့က အုတ်မြစ်ချပေးခဲ့ကြောင်း မှတ်တမ်းတွင် တွေ့ရှိရပါသည်။

၎င်းကျော်ဇမ္ဗူစေတီတော် ဗုဒ္ဓပူဇနိယပွဲကို နှစ်စဉ်နှစ်တိုင်း အစဉ်အလာမပျက် ပြာသိုလကွယ်နေ့တွင် စည်ကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပလျှက်ရှိပြီး၊ ထိုနေရာကို မည်သူမဆို လာရောက်လည်ပတ်၍ အမျိုးဘာသာ သာသနာ ပြန့်ပွားရေးအတွက် စေတနာသဒ္ဓါတရားအားလျော်စွာ ပါဝင်လှူဒါန်းနိုင်ပါကြောင်း ဖိတ်ခေါ်ရင်း နှိုးဆော်တိုက်တွန်း လိုက်ရပါသည်။

ခွန်အောင်ထွိုက်ဗွေ
Powered by Blogger.