Tuesday, February 12, 2019

လမြတ်တပေါင်း(ဒဲဉ်သီးလာဗွေ)

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃)ရက်


ခရစ်နှစ် ၂၀၁၉-ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၀-ခုနှစ် တပေါင်းလပြည့်နေ့တွင် ကျရောက်မည့် ပအိုဝ်းအမျိုးသားနေ့(၇၀)ကြိမ်မြောက် (ဒဲဉ်သီးလာဗွေ)ပွဲကို ပြန်လည်ရောက်ရှိလာတော့မည် ဖြစ်ပါသည်။ ဒဲဉ်သီးလာဗွေပွဲသည် သူရိယစန္ဒာမင်း၏ မွေးဖွားသည့်နေ့ကို အစွဲပြုပြီး မြန်မာနိုင်ငံရှိ ပအိုဝ်းတိုင်းရင်းသားများ နေထိုင်ရာဒေသအနှံ့အပြားတွင်သာမက ပြည်ပရောက် ပအိုဝ်းတိုင်းရင်းသားများသည်လည်း ကျင်းပလာကြသည်ကို တွေ့ရှိရပါသည်။ ပအိုဝ်းတိုင်းရင်းသားများသည် ပြည်ထောင်စု၏ မိသားစုဝင်ဖြစ်ပြီး မြန်မာနိုင်ငံတွင် လူဦးရေအများအားဖြင့် အဆင့် (၇)တွင် ရှိသည်ကိုလည်း တွေ့ရှိရပါသည်။

တိုင်းရင်းသားများ၏ အမျိုးသားနေ့ကို မြန်မာနိုင်ငံရှိ အခြားသော ညီနောင်တိုင်းရင်းသားများသည်လည်း ကျင်းပနေကြသည်ကို တွေ့ရှိ၊ ကြားသိနေရပါသည်။ ၂၀၁၅-ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်မှ သဘောတူပြဌာန်းခဲ့သည့် (ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၈)၊ အခန်း (၃)၊ တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးနှင့် ရပိုင်ခွင့်များ၊ အမှတ်စဉ်(၄)၊ အပိုဒ်ခွဲ(ဂ)တွင် မိမိတို့၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်းအရ ဆောင်ရွက်သော အခမ်းအနားများနှင့် နေ့ထူးနေ့မြတ်များကို လွတ်လပ်စွာကျင်းပခွင့်ရှိသည်ဟု ပြဌာန်းထားပါသည်။

အခန်း(၇)တွင်လည်း တားမြစ်ချက်များဖြစ်သည့် မည်သူမျှ ဤဥပဒေပါ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များကို ခိုင်လုံသော အကြောင်းပြချက်မရှိပဲ ပိတ်ပင်တားဆီးခြင်း မပြုရဟူ၍ ထုတ်ပြန်ထားပါသည်။ ထို့ကြောင့် မိမိတို့ ပအိုဝ်းတိုင်းရင်းသားများ အထွက်အမြတ်ထားသည့် သူရိယစန္ဒာမင်း မွေးနေ့(ရက်) တပေါင်းလပြည့်နေတွင် ပြန်လည်ကျရောက်လာမည့် ပအိုဝ်းအမျိုးသားနေ့ပွဲတော်ကို  မြန်မာနိုင်ငံတွင်သာမက ကမ္ဘာကပါ ပိုမိုသိရှိနိုင်ရန် ပအိုဝ်းတိုင်းရင်းသားများအားလုံး ကြိုတင်ပြင်ဆင်ကြရမည့်အချိန် ရောက်ရှိလာပြီဖြစ်သည်။

ဥပဒေတွင် ပြဌာန်းထားသည့်အတိုင်း အခြားသော ညီနောင်သွေးချင်းညီအစ်ကိုများနှင့်နည်းတူ ကျွန်တော်တို့ ပအိုဝ်းအမျိုးသားများသည်လည်း နေ့ထူးနေ့မြတ်ပွဲတော်ကို  မြို့ကြီးပြကြီးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပါမကျန် ပအိုဝ်းတိုင်းရင်းသားများ နေထိုင်ရာဒေသအနှံ့တွင် ပအိုဝ်းအမျိုးသားနေ့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင်ပြီး လူကြီးလူငယ်များအားလုံး ပါဝင်နိုင်ရန် တက်ညီလက်ညီဖြင့် မိမိတို့ ကျရာအခန်းကဏ္ဍမှ တတ်နိုင်သည့်ဘက်တွင် ပါဝင်ကူညီစေလိုပါသည်။ အဓိကအားဖြင့် အမျိုးသားနေ့ပွဲတော်၏ ရှေ့ရေးသည် အထူးသဖြင့် လူငယ်များနှင့် ရှေ့ဆက်ပြုလုပ်ရမည်ဖြစ်သည့်အတွက် လူကြီးများသည် မျိုးဆက်သစ်လူငယ်များကို လက်တွဲခေါ်ဆောင်မှုများ ပိုမိုပြုလုပ်စေလိုပါသည်။ လူငယ်များကိုယ်တိုင်လည်း စိတ်ပါဝင်စားစွာဖြင့် မိမိတို့၏ အမျိုးသားနေ့ပွဲတော်ကို ပါဝင်စေလိုပါသည်။

ပအိုဝ်းအမျိုးသားနေ့ပွဲတော်ကို တစ်ဖက်တစ်လှမ်းကနေ ကူညီခြင်းအားဖြင့် ပအိုဝ်းအမျိုးသားများ၏ ဂုဏ်ကို မြင့်တင်နိုင်မည်ဖြစ်သကဲ့သို့၊ သွေးချင်းညီနောင်ထဲတွင် မိမိတို့ ပအိုဝ်းတိုင်းရင်းသားသည်လည်း အခြားတိုင်းရင်းသားများနည်းတူ မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်မှု၊ ရိုးရာ၊ ဓလေ့၊ စာပေ၊ စကားများကို ဆက်လက်ထိန်းသိမ်းနိုင်ခြင်း၊ မိမိဒေသနှင့် လူမျိုးကို ချစ်မြတ်နိုးလာခြင်း၊ မိမိတို့ပအိုဝ်းတိုင်းရင်းသားများ နေထိုင်ရာဒေသအနှံ့တွင် ကမ္ဘာတည်သရွေ့ ဆက်လက်ရပ်တည်နိုင်ခြင်း၊ မိမိတို့ တစ်ဦးချင်းစီ၏ မျိုးချစ်စိတ်ဓာတ်လည်း ထက်သန်လာမည်သာမက မိမိတို့၏ မျိုးဆက်သစ်လူငယ်မောင်မယ်များကိုလည်း လက်ဆင့်ကမ်းနိုင်မည်ဖြစ်သည်။ မျိုးဆက်သစ်လူငယ်များသည် မိမိတို့အမျိုးသားနေ့ ပွဲတော်အရေးသည် ကိုယ်နဲ့သက်ဆိုင်သည်ဆိုသည့် စိတ်ဓာတ်လည်းပါလာမည်ဖြစ်သည်။ မိမိတို့ပအိုဝ်းတိုင်းရင်းသားများ ဒေသတစ်ခုနှင့်တစ်ခု ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်နားလည်မှု၊ အပြန်အလှန်ယုံကြည်မှုကိုလည်း ရရှိစေမည်ဖြစ်သည်။

ယခုနှစ် (၇၀)ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ပွဲတော်ကို မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်သည့် နေပြည်တော်တွင် ပထမဦးဆုံး ကျင်းပနိုင်ရန်အတွက်ခုတလောတွင် ပအိုဝ်းလူမှုအဖွဲ့အစည်းပေါင်းစုံမှ ပွဲဖြစ်မြောက်ရေးကော်မတီကို ဖွဲ့စည်းပြီး အစည်းအဝေးပြုလုပ်ခြင်းနှင့် ခုလာမည့်ဖေဖော်ဝါရီ(၁၄) ရက်တွင်လည်း ပအိုဝ်းတိုင်းရင်းသားနာမည်ကြီး အဆိုတော်များဖြင့် ပွဲဖြစ်မြောက်ရေးရန်ပုံငွေအတွက် တောင်ကြီး၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေး(ဒဲဉ်သီးဗွေ)ကွင်းတွင် ရှိုးပွဲပြုလုပ်သွားမည်ကိုလည်း ကြားသိရပါသည်။ နေပြည်တော်တွင်ပြုလုပ်ခြင်းသည် ဒေသပေါင်းစုံမှပအိုဝ်းတိုင်းရင်းသားများဖြစ်သည့် တောင်ပေါ်(ခမ်းကောင်)ပအိုဝ်းနှင့် အောက်ပြည်(ခမ်းဒွမ်)ပအိုဝ်းကို တွေ့ဆုံစေပြီး မိမိတို့၏  ရိုးရာ၊ ဓလေ့၊ ယဉ်ကျေးမှုများကို အတူတကွ ဆက်လက်ထိန်းသိမ်းနိုင်ရန်ဖြစ်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံရှိ မည်သည့်တိုင်းရင်းသားမဆို လာရောက်ရှု့မျှော်ရင်း ယဉ်ကျေးသိမ်မွေ့သည့် ပအိုဝ်းတိုင်းရင်းသားတို့၏ ရိုးရာ၊ ဓလေ့များကို အခြားသော ညီနောင်ဖွားတိုင်းရင်းသားများကိုလည်း အသိပေးအပ်ပါသည်။

ထို့ကြောင့် စာရေးသူအပါအဝင် မိမိတို့ ပအိုဝ်းတိုင်းရင်းသားများ၏ အမျိုးသားရေးကိစ္စများ တစ်ခုဖြစ်သည့် လမြတ်တပေါင်း(ဒဲဉ်သီးလာဗွေ)ပွဲတော်ကို ပြည်ထောင်စုမြန်မာနိုင်ငံအနှံ့ အပြားတွင်သာမက ပြည်ပတွင် ရောက်ရှိနေသော ပအိုဝ်းတိုင်းရင်းသားများအားလုံး ဆက်လက်ပြီး စည်းစည်းလုံးလုံးဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ပါစေကြောင်း မေတ္တာဖြင့်ဆန္ဒပြုပါသည်။


ခွန်တလျူး
ခမ်းလွယ်လုံ/ပင်လောင်း
Powered by Blogger.