Tuesday, March 19, 2019

ဟိုပုံးမြို့ နောင်တောင်းပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် မြန်မာနိုင်ငံလုံးဆိုင်ရာဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ မဟာဗျူဟာရေးဆွဲခြင်းညှိနှိုင်းအစည်းအဝေးပြုလုပ်

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ မတ်လ (၁၉)ရက်



ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ရှိ နောင်တောင်းပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်း ဓမ္မာရုံတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမဟာ ဗျူဟာရေးဆွဲခြင်းညှိနှိုင်းအစည်းအဝေးကို မတ်လ (၁၈) ရက်နေ့မှ ယနေ့ (၁၉) ရက်နေ့အထိ ပြုလုပ်ခဲ့ကြောင်း သိရပါသည်။

ဆင်းရဲချမ်းသာမရွေး၊ လူမျိုးဘာသာမရွေးဗလငါးတံပြည်စုံစေရန်၊ လူမှုအသိုင်းအဝိုင်းကူညီမှုဖြင့် ခေတ်နှင့်လျော်ညီသောပညာရေးကိုတတ်မြောက်စေရန်၊ ခေတ်မီယဉ်ကျေးပြီး ပညာရေးထွန်းလင်းတဲ့ဘဝကို ပိုင်ဆိုင်စေရန်၊ ဒေသအတွင်းလူတော်လူကောင်းများပေါ်ထွန်းစေရန်နှင့် ခေါင်းဆောင်ကောင်းများပေါ်ထွန်လာစေ ရန်ဆိုသည့် ဘက ကျောင်းရည်ရွယ်ချက်နှင့်အညီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများပိုပြီးစနစ်ကျစေဖို့၊ ကလေးပညာရေးများထိရောက်မှုရှိအောင်၊ သဘာဝပတ်ဝန်းကျင်နဲ့ရောခေတ်နှင့်အညီနဲ့ရောစနစ်တကျလုပ် ဆောင်ကူညီနိုင်အောင်အတွက် မဟာဗျူဟာရေးဆွဲခြင်းညှိနှိုင်းအစည်းအဝေးပြုလုပ်ရခြင်းဖြစ်ကြောင်း ဖောင်တော်ဦးပရဟိတဘုန်းတော်ကြီးကျောင်း၊ မန္တလေးမြို့မှ ဆရာဇော်ညွှန့်ကပြောပါသည်။

အဆိုပါအစည်းအဝေးတွင် ကလေးများအတွက် ယခုရော အနာဂတ်အတွက် ဘယ်လိုပူးပေါင်းလုပ်ဆောင်သွားမလဲ၊ ဆရာ/ဆရာမသင်ကြားရေးအရည်အသွေးများမြှင့်တင်ဖို့အစီအစဉ်များဘယ်လိုလုပ်ဆောင်မလဲ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရေရှည်တည်တံ့ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များနှင့် အခြားအကြောင်းအရာများကို ဆွေးနွေးကြပြီး ကြွရောက်လာကြသော ဆရာတော်များ နှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ဆရာ/ဆရာမများက မဟာဗျူဟာ(မူကြမ်း)နှင့်ဆွေးနွေးကြကာ ရရှိလာသည့်မဟာဗျူဟာအချက်များကို ဗဟာဗျူဟာဖြစ် မြောက်ရေးအဖွဲ့တွင် ပြန်တင်ပြသွားမည်ဖြစ်ကြောင်းသိရပါသည်။

ယခုမဟာဗျူဟာရေးဆွဲခြင်းညှိနှိုင်းအစည်းအဝေးတွင် ရှမ်းပြည်တောင်ပိုင်းနှင့် ကယားပြည်နယ်မှ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ မဟာဗျူဟာရေးဆွဲခြင်းအကြောင်းအရာများကို ဆွေးနွေးကြပြီး မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် ဘက ကျောင်းတွင်လည်း ယခုလိုမျိုး မဟာဗျူဟာရေးဆွဲခြင်းညှိနှိုင်း အစည်းအဝေးကို ပြုလုပ်လျက်ရှိကြောင်းသိရပါသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစုစုပေါင်း (၁၅၀၀)ကျောင်းရှိကြောင်း သိရပါသည်။ အစည်အဝေးတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တ သူရိယ( ရွှေတောင်တန်း ပရဟိတ ဘုန်းတော်ကြီးကျောင်း၊ အေးသာယာမြို့) ၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ဘုန်းတော်ကြီးသင်ပညာရေးကျောင်း အတွင်းရေးမှူး ဆရာတော် ဘဒ္ဒန္တရာဇိန္ဒသီရိ (နောင်တောင်းပရဟိတဘုန်းတော်ကြီးကျောင်းထိုင် ဆရာတော်၊ ဟိုပုံးမြို့)၊ မဟာဗျုဟာ ဖြစ်မြောက်ရေးအဖွဲ့ဝင် ဆရာတော် ဘဒ္ဒန္တပညိန္ဒ (ဖောင်တော်ဦးပရဟိတဘုန်းတော်ကြီးကျောင်း၊ မန္တလေးမြို့) ၊ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် ကယားပြည်နယ် အတွင်းရှိ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများမှ ကျောင်းအုပ်ဆရာတော်များ၊သီလရှင်များ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ဆရာ/ဆရာမများ၊ စုစုပေါင်း (၁၄၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

နင်;ကောဝ်;အေင်,ခေ
Powered by Blogger.