Thursday, May 2, 2019

ဗြဟ္မစိုရ်တရားနှင့်အညီ နေထိုင်နိုင်ဖို့ လိုအပ်

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ မေလ (၂)ရက်


လှပတဲ့ လောကအတွက် မြင့်မြတ်တဲ့နေထိုင်မှုမျိုး နေထိုင်နိုင်ဖို့ရာ လောကလူသားတွေအနေဖြင့် ဗြဟ္မစိုရ်တရားနှင့်အညီ နေထိုင်နိုင်ဖို့ လိုအပ်ပါတယ်။ မိမိအတွက်လည်း သာယာလှပသလို လောကအတွက်လည်း သာယာစိုပြေစေပါတယ်။

ခေတ်ရဲ့ရေစီးကြောင်း၊ ခေတ်ရဲ့အနေအထားအရ ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့ လောကကြီးမှာ ဗြဟ္မစိုရ်တရားနဲ့အညီ နေထိုင်နိုင်ဖို့ဆိုတာက ခက်ခဲတယ်ဆိုပေမယ့် မိမိအသိတရား၊ မိမိရဲ့ စံချိန်စံညွန်းအနေနဲ့ သတ်မှတ်ကာ နေထိုင်သွားရင် ယခုမျက်မှောက်အတွက်ရော သံသရာအတွက်ပါ ကောင်းတဲ့အကျိုးတရားခံစားမှုတွေ ခံစားရ ရှိမယ်ဆိုတာ ဘယ်လိုမှ ငြင်းလို့မရတဲ့ အချက်ပါ။ ဒီလိုနေထိုင်နိုင်ဖို့ မြတ်ဗုဒ္ဓတရားတော်တွေကို လေ့လာဖို့ လည်းလိုပါတယ်။ သာမာန်ပုထုဇဉ်လူသားအနေနဲ့ ဗြဟ္မစိုရ်တရားနှင့်အညီ ကျင့်ကြံနေထိုင်ဖို့ဆိုတာက အင်မတန်မှ ခက်ခဲလှပါတယ်။ ခက်ခဲသော်လည်းပဲ ကျင့်ကြံနေထိုင်နိုင်ပါက အင်မတန်မှ အကျိုးကြီးမားလှတယ်ဆိုတာကိုလည်း မမေ့ဖို့လိုတယ်။

မြတ်စွာဘုရားက လောကအတွက် အလုပ်လုပ်ပေးတဲ့နေရာမှာ မေတ္တာတရားကြောင့်သာ လုပ်ပေးနိုင်တာပါ၊ လောကသားအားလုံးကို ကောင်းကျိုးတွေ ဖြစ်စေချင်တဲ့စိတ်၊ အနှိုင်းမဲ့ မေတ္တာစိတ်ကြောင့်သာ နေ့မအား ညမနား လောကအတွက် (၄၅)၀ါပတ်လုံး တရားတော်တွေ ဟောနေခဲ့ရတာပါ။ လူတိုင်းမှာ မေတ္တာတရားသာ ပြည့်ဝရင် စစ်ဆိုတာ ဖြစ်စရာလည်းမရှိ၊ ပဋိပက္ခဆိုတာလည်း မရှိ၊ သာယာအေးချမ်းစွာနဲ့ နေထိုင်နိုင်တယ်။ မြတ်ဗုဒ္ဓရဲ့တရားတော်ဟာ ဘယ်သူအတွက်မှလို့ ကန့်သတ်ထားတာခြင်းမရှိ၊ လောကလူသားအားလုံး အတွက်သာဖြစ်လို့ ဘယ်သူပဲ ကျင့်ကြံ ကျင့်ကြံ၊ ကျင့်ကြံသူအတွက်တော့ ကောင်းတဲ့ အကျိုးခံစားရမှာ ဖြစ်တယ်။ မေတ္တာနဲ့ နေထိုင်တဲ့သူအတွက် ပထမအနေနဲ့ သူ့ရင်ထဲက အေးချမ်းမှုတွေရမယ်၊ ပြီးရင် သူ့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ သူတွေက အေးချမ်းမှုတွေ ရမယ်။ မေတ္တာစိတ်မရှိရင် ကျန်တဲ့အရာတွေက ဘာမှ မဖြစ်လာနိုင်ဘူး၊ ဒီတော့ မေတ္တာတရားနှင့်နေထိုင်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။ အမြဲတမ်း မနေနိုင်ရင် တောင်မှ ထိုက်သင့်သလောက် နေထိုင်ဖို့ လိုအပ်တယ်၊ ဒါမှသာ လောကကြီးက သာယာအေးချမ်းလှပမှာပါ။

ကရုဏာဆိုတာ သနားကြင်နာတဲ့စိတ်ကို ခေါ်ပါတယ်။ လောကမှာရှိတဲ့ သက်ရှိသတ္တ၀ါတွေဟာ ကွဲပြားထူးဆန်းလှပါတယ်၊ မိမိကံသည်သာ မိမိပိုင်ဆိုင်ရာ ဆိုသည့်အတိုင်း ကံတရားက ဖန်တီးလာသည့်ဘ၀အလျောက် တစ်ယောက်နှင့်တစ်ယောက် မတူကြပါဘူး။ နတ်လူဗြဟ္မာ တိရိစ္ဆာန် ပိတ္တာ ငရဲ ဆိုတဲ့ ကွဲပြားမှုတွေ ရှိလာပြန်တယ်၊ အဲဒီကွဲပြားမှုတွေထဲက ထပ်ပြီး ကံတရားအရ ကွဲပြားမှုတွေ ဖြစ်လာပြန်တယ်၊ လူဆိုရင်လည်း ချမ်းသာတဲ့သူ၊ ဆင်းရဲတဲ့သူ၊ ရုပ်ဆိုးတဲ့သူ၊ လှပတဲ့သူစတဲ့ ကွဲပြားတဲ့ အခြေနေတွေ ရှိလာပြန်ပါတယ်။ ဒီတော့ ကိုယ့်ထက် နိမ့်ကျတဲ့သူတွေ့ရင် ကရုဏာဆိုတဲ့ သနားကြင်နာတဲ့စိတ်ရှိဖို့ လိုပါတယ်။ သနားကြင်နာတဲ့ စိတ်ရှိမှသာ တစ်ဖက်လူကို မည်သည့်နည်းနဲ့ ကူညီဖေးမ ပေးနိုင်မလဲဆိုတာကို တွေးတောပြီး တဖက်လူကို ကိုယ်က ကူညီပေးနိုင်မှာပါ။ ဒီလိုမှမဟုတ်ပဲ နိမ့်ကျနေသူကို သွားပြီး နှိမ်ချင်တဲ့ မကောင်းတဲ့စိတ်တွေ ဖြစ်လာတတ်ပါတယ်။ ဒီသံသရာလောကကြီးထဲ ကျင်လည်နေသရွေ့တော့ ဒီလိုမတူညီမှုတွေ ရှိနေမယ်ဆိုတာကို သိနေပြီးတော့ ကိုယ်က ကရုဏာဆိုတဲ့ သနားကြင်နာတတ်တဲ့စိတ်ရှိနေဖို့ လိုအပ်ပါတယ်။

ဒီလိုပဲ ကိုယ့်ထက် အခြေနေနိမ့်ကျနေသူကို သနားကရုဏာစိတ်ထားသလို ကိုယ့်ထက် အခြေနေကောင်း ရှိနေသူတွေကိုလည်း မုဒိတာ-ဆိုတဲ့ ၀မ်းမြောက်တဲ့စိတ် ရှိနေဖို့ လိုအပ်ပါတယ်။ မုဒိတာစိတ်မရှိရင် ဣဿာ -ဆိုတဲ့ မနာလိုမရှုစိမ့်တဲ့ စိတ်ဆိုး စိတ်ယုတ်တွေ ဖြစ်ပေါ်လာတတ်ပါတယ်။ မနာလိုမရှုစိမ့်တဲ့စိတ်က ဘာမှ ကောင်းကျိုးမပေးပါဘူး၊ ဖြစ်တဲ့သူရဲ့ ရင်ထဲမှာ ပူလောင်မှုတွေကို အရင်ခံစားရမှာပါ၊ ကိုယ့်ထက် အခြေနေ ကောင်းတဲ့သူနဲ့တွေ့ရင် ‘ အော် ၊ သူက သူ့ကံ သူ့ကြိုးစားမှုကြောင့် ဒီလိုရလာတာပဲ၊ ငါလည်း ကြိုးစားရင် ဖြစ်လာမှာပဲ ‘ ဆိုတဲ့ စိတ်တွေ ထားနိုင်ဖို့ လိုအပ်ပါတယ်။ အဲလိုစိတ်မထားနိုင်ရင် မနာလိုမှုစိတ်ဓာတ်နဲ့ ကိုယ်ကိုယ်တိုင် ဒုက္ခရောက်ရတဲ့သူတွေ အများကြီးရှိပါတယ်။လူမျိုးတမျိုး တိုင်းပြည်တစ်ပြည် မတိုးတက်နိုင်တာက ကိုယ်ကိုယ်တိုင် မကြိုးစားသလို ကိုယ့်ထက်သာတဲ့လူ တွေ့ရင်လည်း မနာလိုတဲ့စိတ်တွေများနေလို့ပဲဆိုတာကို ငြင်းလို့ မရပါဘူး၊ ဒါ့ကြောင့် ဘာမှ ကောင်းကျိုးမပေးတဲ့ စိတ်ပုတ်စိတ်ယုတ်ကို မထားဖို့လိုပါတယ်။ ရှိနေရင် မဖြစ်အောင် သတိထားနေထိုင်ဖို့ လိုအပ်ပါတယ်။

နောက်တစ်ခုက မြင့်မြတ်တဲ့သူ ဖြစ်ဖို့ဆိုရင် ဥပေက္ခာ- ချစ်ခြင်း မုန်းခြင်း အလျဉ်းမရှိ၊ အလယ်အလတ် မျတတဲ့ စိတ်နဲ့ နေထိုင်တာကို ဥပေက္ခာ-နဲ့ နေထိုင်ခြင်းလို့ ခေါ်ပါတယ်။ မိမိအပေါ် ကဲ့ရဲ့သည်ဖြစ်စေ၊ ချီးမွမ်းသည် ဖြစ်စေ၊ မတုန်လှုပ်တတ်တဲ့ စိတ်ဓာတ်ကို ဥပေက္ခာ-လို့ ခေါ်ပါတယ်။ ရှင်းအောင်ပြောရရင် အများအတွက် အလုပ်လုပ်တဲ့နေရာမှာ ကိုယ့်ကို အသိအမှတ်ပြုစေချင်တာ၊ ချီးမွမ်းစေချင်တာ၊ ကျေးဇူးတင်စေချင်တာ စတဲ့ စိတ်ထားမျိုးမရှိပဲ အများအတွက် လုပ်သင့်တာ လုပ်တာပဲ ဆိုသည့်စိတ်ထားမျိုးထားပြီး လုပ်တာကို ဥပေက္ခာ နှင့်နေထိုင်ခြင်းလို့ ခေါ်ပါတယ်။  ချစ်ခြင်း၊ မုန်းခြင်း၊ ကြောက်ခြင်း၊ တွေဝေခြင်းတွေက တခါတရံ အမှန်တရားကို ဖုံးကွယ်တတ်ပါတယ်။ ဥပေက္ခာတရား- လျစ်လျူရှုမှုတရားနှင့်အညီ နေထိုင်နိုင်တဲ့သူဟာ ချစ်ခြင်း ကြောက်ခြင်း မရှိပဲ သဘာဝတရားကို နားလည်ပြီး အေးချမ်းစွာ နေထိုင်နိုင်တယ်ဆိုတာကို သဘောပေါက်ပြီး လောကကြီးက ကိုယ်စိတ်တိုင်းကျ ဖြစ်လာမှာမဟုတ်ဘူးဆိုတာကို သဘောပေါက်ပြီး ကိုယ်ကိုယ်တိုင်လည်း ကျင့်ကြံနေထိုင်ဖို့ လိုအပ်ပါတယ်။

ဒီတော့ မိမိကိုယ်တိုင်နှင့်လောကအတွက် အေးချမ်းသာယာဖို့မှာ ဗြဟ္မစိုရ်တရားနှင့်အညီနေထိုင်ဖို့ လိုအပ် ပါတယ်။ ဘယ်အလေ့အကျင့်မဆို လေ့ကျင့်နေထိုင်ရင် ထိုက်သင့်သလောက် ကောင်းကျိုးခံစားမှုတွေ ရရှိခံစားရမည်ဆိုသည်ကို စာရေးသူအနေဖြင့် တင်ပြလိုက်ရပါတယ်။

ခမ်းရတနာခွန်
Powered by Blogger.