Tuesday, May 28, 2019

ဗုဒ္ဓဘာသာလူငယ်စွမ်းရည်မြှင့်သင်တန်းဆင်းပွဲ၌ မိမိကိုယ်ကိုသိရှိခြင်း ခေါင်းစဉ်ဖြင့် ဟောပြောပွဲပြုလုပ်

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ မေလ (၂၉)ရက်







ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ နောင်တောင်း ပရဟိတတပ်ဦးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တရာဇိန္ဒသီရိ မှ ဦးဆောင်၍ ဗုဒ္ဓဘာသာလူငယ်စွမ်းရည်မြှင့်သင်တန်းကို ဖွင့်လှစ်ပို့ချလျက်ရှိရာ မေလ(၂၈)ရက် ညနေ(၃)နာရီတွင် သင်တန်း ဆင်းပွဲပြုလုပ်ပြီးနောက် မိမိကိုယ်ကိုသိရှိခြင်း ခေါင်းစဉ်ဖြင့် ဟောပြောပွဲကို အဆိုပါကျောင်း တိုက်၌ ကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင် နောင်တောင်းပရဟိတ တပ်ဦးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တရာဇိန္ဒသီရိက ဟောပြောပွဲ ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးခွန်သိန်းဖေနှင့် ဆရာခွန်ကြည်တို့က မိမိကိုယ်ရည်ကိုယ်သွေးမြှင့်မားလာစေရေး၊ မိမိကိုယ်ကိုယုံကြည်မှုမြှင့်မားစေရေး၊ မိမိကိုယ်ကိုယ်အားကိုးသည့် အလေ့ အကျင့်များရရှိစေရေး၊ ငြိမ်းချမ်းရေးမရယူမီကာလ ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံများ၊ ငြိမ်းချမ်းရေးရယူစဉ်ကာလ အတွေ့အကြုံများ၊ ငြိမ်းချမ်းရေးရရှိပြီးနောက် အတွေ့အကြုံများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရရှိရေး ကြိုးပမ်း ဆောင်ရွက်မှုများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရရှိပြီးနောက် ဒေသတွင်း ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး နှင့် လျှပ်စစ်မီး စသည့်တို့နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်လာမှုတို့အား ဟောပြောဆွေးနွေးခဲ့သည်။

အဆိုပါ သင်တန်းကို ၂၀၁၉-ခုနှစ်၊ မေလ(၁၇)ရက်နေ့မှစတင်ကာ ၂၀၁၉-ခုနှစ်၊ မေလ(၂၈) ရက်နေ့ အထိ မိမိကိုယ်ကိုသိရှိရေး (Self-Awareness)၊ ၃၈ ဖြာမင်္ဂလာ၊ ပအိုဝ်းစာပေတို့ကို သင်ကြားပို့ချပြီး ဟောပြောပွဲများ ထည့်သွင်းကျင်းပခဲ့ရာ တောင်ကြီးခရိုင်အတွင်းရှိ တောင်ကြီးမြို့နယ်၊ ရက်စောက်မြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ပင်းတယမြို့နယ်၊ ဖယ်ခုံမြို့နယ်နှင့် ကျောက်တလုံးကြီးမြို့၊ လွိုင်ကော်မြို့၊ လွိုင်လင်ခရိုင်အတွင်းရှိ လွိုင်လင်မြို့၊ ပင်လုံမြို့နှင့်မိုင်းပွန်မြို့၊ လင်းခေးခရိုင်အတွင်းရှိ လင်းခေးမြို့နယ်နှင့် မောက်မယ်မြို့နယ်၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်နှင့် နောင်တရားမြို့တို့မှ သင်တန်းသား၊ သင်တန်းသူ (၁၅၀၀) ဦးကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ထက်ထက်(ဟိုပုံး)
Powered by Blogger.