Tuesday, May 7, 2019

(၃၅)ကြိမ်မြောက် ပအိုဝ်းစာပေဖြင့် သင်ကြားသော ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း ဟိုပုံးမြို့တွင်ဖွင့်လှစ်

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ မေလ (၇)ရက်










ပအိုဝ်းစာပေပြန့်ပွားရေးဗဟိုသံဃာအဖွဲ့မှ ကြီးမှူးကျင်းပဖွင့်လှစ်သော (၃၅)ကြိမ်မြောက် ပအိုဝ်းစာပေဖြင့် သင်ကြားသော ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို မေလ(၆)ရက် နံနက်(၇)နာရီက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ နောင်တောင်းပရဟိတတပ်ဦးကျောင်းတိုက်၌ကျင်းပပြုလုပ်သည်။

(၃၅)ကြိမ်မြောက် ပအိုဝ်းစာပေဖြင့် သင်ကြားသော ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဖွင့်ပွဲအခမ်းအနားတွင် သဘာပတိအဖြစ် ဟိုပုံးမြို့၊ ပင်လျဲမ်းဆရာတော် ဘန္တဒ္ဒစန္ဒောဘာသနှင့် အခမ်းအနားမှူးအဖြစ် တောင်ကြီးမြို့၊ အေးစေတီစာသင်တိုက်မှ ဘန္တဒ္ဒသုဇန တို့ကို တင်မြောက်ပြီးနောက် နမောတဿ  (၃)ကြိမ် ဘုရားကန်တော့၍ သင်တန်း ကိုဖွင့်လှစ်ပြီးနောက်၊ တက်ရောက်လာသည့်ဧည့်သည်တော်များ၊ ဆရာတော်၊သံဃာတော်များနှင့် သင်တန်းသား/ သင်တန်းသူများတို့သည် ရတနာသုံးပါးကန်တော့၍ ငါးပါးသီလခံယူကာ ပအိုဝ်းစာပေပြန့်ပွားရေးဗဟိုသံဃာအဖွဲ့ဥက္ကဋ္ဌ၊ ဆီဆိုင်မြို့ ဇ၀နာရာမ စာသင်တိုက်ဆရာတော် ဘန္တဒ္ဒကောဝိဒထံမှ သြ၀ါဒနာယူ၍ ၂၀၁၈ ခုနှစ်၊ ပအိုဝ်းစာပေပြန့်ပွားရေး ဗဟိုသံဃာအဖွဲ့၏ လှုပ်ရှားဆောင်ရွက်မှုများနှင့် ၂၀၁၉ ခုနှစ်၊ (၃၅)ကြိမ်မြောက် ပအိုဝ်းစာပေဖြင့် သင်ကြားသော ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် သင်တန်းဆုံးဖြတ်ချက်များတို့ကို ဖာမွန်းကျောင်းတိုက် ဆရာတော်မှ ဖတ်ကြားသည်။

ယင်းနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်က (၃၅)ကြိမ်မြောက် ပအိုဝ်းစာပေဖြင့် သင်ကြားသော ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းသို့ တက်ရောက်ကြမည့် သင်တန်းသား/သူများအား သင်တန်းပို့ချချက်များကို ကြိုးစားသင်ယူလေ့လာပြီး၊ မိမိနိုင်ငံ၊ မိမိဒေသ၊ မိမိလူမျိုးအတွက် တစ်ဖက်တစ်လမ်းမှ အကူအညီပေးနိုင်သည့် သားကောင်းသမီးကောင်းရတနာများဖြစ်လာစေရန် ကြိုးစားရန်လိုကြောင်း အားပေးစကားနှင့် ဒေသဦးစီးအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားပြီးနောက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေက လွှတ်တော်အတွေ့အကြုံများ၊ သင်တန်းသား/သင်တန်းသူများ သိသင့်သိထိုက်သည့် အချက်အလက်များကို ရှင်းလင်းပြောကြားပြီးနောက် (၃၅)ကြိမ်မြောက် ပအိုဝ်းစာပေဖြင့် သင်ကြားသော ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းဖွင့်ပွဲအခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ် ဘုရားကန်တော့၍ ပိတ်သိမ်းခဲ့သည်။

"(၃၅)ကြိမ်မြောက် ပအိုဝ်းစာပေဖြင့် သင်ကြားသော ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို ၂၀၁၉-ခုနှစ်၊ မေလ (၆) ရက်နေ့မှ မေလ(၁၂)ရက်နေ့အထိ သင်တန်းကာလ(၁)ပတ်ကြာမြင့်မည်ဖြစ်ပြီး၊ သင်တန်းနည်းပြများအဖြစ် ပအိုဝ်းစာပေပြန့်ပွားရေးဗဟိုသံဃာအဖွဲ့မှ ပို့ချမည်ဖြစ်ကာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ မြို့နယ်များနှင့် ရှမ်းပြည်နယ်အတွင်းရှိမြို့နယ်များတို့မှ ပအိုဝ်းတိုင်းရင်းသား သံဃာတော်များ၊ သီလရှင်များ၊ လူငယ်မောင်မယ်များ (၂၀၀၀)ဦးခန့်တက်ရောက်သင်ကြားကြကြောင်းနှင့် သင်တန်းတွင် ဇာတ်ဝတ္ထု(၁၀)၊ ဓမ္မပဒ(၁၀)၊ လိတ်မွူးစသည့် ဘာသာရပ်များကို သင်ကြားပို့ချမည်ဖြစ်ပြီး ရေးဖြေ၊ နှုတ်ဖြေတို့ဖြင့် အကဲဖြတ်အမှတ်ပေးကာ ဆုပေးပွဲနှင့် ပျော်ပွဲရွှင်ပွဲများကျင်းပပြုလုပ်ပေးမည်ဖြစ်ကြောင်း၊ ယခုနှစ်ထူးခြားချက်တစ်ခုမှာ ပထမဦးဆုံးအကြိမ်အဖြစ် မိုင်းပန်မြို့နယ်၊ ပန်ပီးဒေသမှ ပအိုဝ်းတိုင်းရင်းသား/သူ(၂၀)ဦး သင်တန်းတက်ရောက် သင်ကြားကြကြောင်း"  ပအိုဝ်းစာပေပြန့်ပွားရေး ဗဟိုသံဃာအဖွဲ့၊ အကျိုးဆောင်ဆရာတော်ထံမှ သိရသည်။

ထက်ထက်(ဟိုပုံး)
09252795079
Powered by Blogger.