Monday, July 1, 2019

ရွေးကောက်ပွဲတွင်အောင်မြင်သည့်ပါတီများ

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁)ရက်


မြန်မာ့နိုင်ငံရေးသည် ပါတီများစွာတည်ထောင်လျှက်ရှိပြီး အောင်မြင်သောပါတီများရှိသကဲ့သို့ ကျရှုံးသည့်ပါတီများလည်းရှိသည်။ တိုင်းရင်းသားဒေသသည် မိမိတို့လူမျိုးအတွက် အမျိုးသားနိုင်ငံရေးကို တည်ထောင်သူများလည်းရှိကြသည်။ မိမိပါတီအောင်မြင်မှုအတွက် ပါတီဝင်များနှင့် မဲဆန္ဒရှင်မိဘပြည်သူများ၏ အားပေးထောက်ခံမှုသည် အလွန်အရေးကြီးသော လုပ်ငန်းတစ်ခုပင်ဖြစ်သည်။

မြန်မာနိုင်ငံသည်လက်ရှိတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)တို့က အင်အားအကြီးဆုံးပါတီများ ဖြစ်သကဲ့သို့ အအောင်မြင်ဆုံးပါတီလို့လည်း ဆိုနိုင်သည်။ ၎င်းပါတီကြီးများ၏ အသုံးပြုလျှက်ရှိသော နိုင်ငံရေးမူဝါဒများနှင့် ပါတီအောင်နိုင်ရေးနည်းလမ်းများကို အခြားသောပါတီငယ်များက အတုယူကျင့်သုံးသင့်ပေသည်။

မြန်မာနိုင်ငံသည် လာမည့်(၂၀၂၀)တွင် အထွေထွေရွေးကောက်ပွဲကြီးကို ပြန်လည်ကျင်းပတော့မည်ဖြစ်သည်။ နိုင်ငံရေးပါတီများသည် မိဘပြည်သူများကို ကွင်းဆင်းစည်းရုံးခြင်း၊ မဲဆန္ဒရှင်များကို ကွင်းဆင်းထိတွေ့ခြင်း၊ မိမိတို့၏ပါတီဝင်များကို ခိုင်မြဲစေရန် ထိန်းသိမ်းခြင်း လုပ်ငန်းများကို လက်ဦးမှုရယူပြီး အကောင်အထည်စတင်ဖော်ဆောင်ရမည့်ကာလ ရောက်ရှိလို့လာပြီဖြစ်သည်။

နိုင်ငံရေးလောကတွင် အောင်မြင်သောပါတီများသည် တက်ကြွမှု၊ ပါတီဝင်များနှင့်ထိတွေ့မှု နှင့်ပါတီဝင်များကို တိုးပွားစေမှုများရှိသော ပါတီများသည် ရွေးကောက်ပွဲတွင် အနိုင်ရကြမည်ဖြစ်သကဲ့သို့ မအောင်မြင်သောပါတီများသည် တက်ကြွမှုမရှိခြင်း၊ ချိတ်ဆက်မှုအားနည်းခြင်း၊ ပါတီဝင်များလျော့နည်းလာခြင်းတို့ကြောင့် ရွေးကောက်ပွဲတွင် ၎င်းပါတီကိုရှုံးနိမ့်စေမည်ဖြစ်သည်။

ပါတီဝင်များသည် မိမိပါတီအတွက် ရွေးကောက်ပွဲမတိုင်မီကာလနှင့် ရွေးကောက်ပွဲ ကာလအတွင်း အောင်မြင်အောင် စာရင်းဝင် ဖွဲ့စည်းထားရန်အလွန်အရေးကြီးသည်။ ဒေသတွင်း မိမိပါတီ၏ ပြည်သူကိုမျက်နှာမူမှု၊ ပါတီ၏လုပ်ငန်းများကို ပြီးမြောက်အောင်ဆောင်ရွက်ထားမှု၊ မိမိပါတီရေရှည်ရပ်တည်နိုင်ရန်နှင့် တိုးတက်စေရန်အတွက် ပါတီဝင်များကို စည်းရုံးလုပ်ဆောင် စေရမည်ဖြစ်သည်။

အမျိုးသားနိုင်ငံရေးအတွက် အလားအလာရှိသောသူများကို ရွေးထုတ်ပေးရမည်၊ ပါတီဝင်ဖြစ်ဖို့စည်းရုံးရမည်၊ မိမိပါတီ၏မူဝါဒများကို သေချာပြင်ဆင်ထားရမည်ဖြစ်သည်။ ပါတီဝင် များ၏အသံ၊ ပါတီဝင်များ၏ဆန္ဒသဘောထား၊ မိမိပါတီနှင့်ပတ်သက်သည့်ကိစ္စရပ်များ၊ အပြန် အလှန်ချိတ်ဆက်မှုများကို အလေးပေးဆောင်ရွက်သွားရမည်ဖြစ်သည်။ ပါတီဝင်အသစ်များကို ကျေးရွာအဆင့်မှ ဗဟိုအဆင့်အထိ ထိုက်သင့်သည့်နေရာတွင် နေရာပေးရမည် သို့မှသာ အောင်မြင်သော စည်းရုံးရေးရရှိမည်ဖြစ်သည်။

ပါတီဝင်အသစ်များကို ပါတီ၏လှုပ်ရှားမှုတွေမှာပါဝင်လာစေခြင်း၊ အောက်ခြေအဆင့် လုပ်ငန်းဆောင်ရွက်စေခြင်း၊ မူဝါဒဖော်ဆောင်ခြင်း၊ အဖွဲ့ဝင်သစ်များကိုစုစည်းခြင်း၊ ရန်ပုံငွေရှာ ဖွေခြင်း၊ ကိုယ်စားလှယ်လောင်းများစုစည်းခြင်း၊ ပါတီဝင်များအား သင်တန်းပေးခြင်း စသည့်လုပ်ငန်းများကို စတင်အကောင်အထည်ဖော်သွားရတော့မည်ဖြစ်သည်။

နိုင်ငံရေးပါတီများသည် စည်းရုံးရေးကာလမတိုင်မီ ပါတီဝင်များကို အဆက်မပြတ်ဆက် သွယ်ရမည်။ ပါတီဝင်အသစ်များနှင့် ကိုယ်ဆက်သွယ်နိုင်မည့် နည်းလမ်းအားလုံးကို အသုံးပြု ရမည်၊ ပါတီဝင်များက ကိုယ့်ပါတီကို ဆင်သွယ်လာနိုင်မည့် နည်းလမ်းများကိုဖန်တီးပေးရမည်။ အပြန်အလှန်ဆင်သွယ်မှုသည် မိမိတို့ပါတီဝင်များအတွက် အဓိပ္ပါယ်ရှိသောခံစားမှုကိုဖြစ်စေပြီး စည်းရုံးရေးကာလတွက် ပိုမိုအားကောင်းစေမည်ဖြစ်သည်။

ပါတီဝင်များအားစည်းရုံးခြင်း၊ ထိတွေ့ဆက်ဆံခြင်းနှင့်ထိန်းသိမ်းခြင်းသည် မပြီးဆုံးနိုင်သော လုပ်ငန်းပင်ဖြစ်သည်။ ရွေးကောက်ပွဲကြားကာလအတွက် ပါတီဝင်များသည်  အရေးပါသော အချက်ပင်ဖြစ်သည်။ ရွေးကောက်ပွဲအနီးအနားကာလတွင် ကိုယ်စားလှယ်လောင်းများ မိမိ၏မဲဆန္ဒရှင်မိဘပြည်သူများအား နိုင်ငံရေးပါတီအကြောင်းနှင့် နိုင်ငံရေးအကြောင်းများ ပိုမိုသိလာစေရန် ပါတီဝင်သစ်များခန့်အပ်ပြီး အားကုန်ထုတ်သုံးကြိုးစားလုပ်ဆောင်ရမည်ဖြစ်သည်။

နိုင်ငံရေးပါတီတိုင်းသည် မိမိ၏ပါတီအသစ်ဝင်များကို စည်းရုံးခြင်း၊ ပါတီ၏မူဝါဒကို ကျယ်ကျယ်ပြန့်ပြန့်ချပြခြင်း၊ မဲဆန္ဒရှင်များအား ထိတွေ့ဆက်ဆံခြင်း စသည့်လုပ်ငန်းများကို ယခုအချိန်အခါမှစ၍ အစဉ်လုပ်ဆောင်ကြရမည်ဖြစ်သည်။

အထက်ပါ ပါတီလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်လုပ်ဆောင်ပြီး လာမည့်- ၂၀၂၀- အထွေထွေရွေးကောက်ပွဲတွင် အောင်မြင်မှုသရဖူကိုဆောင်းနိုင်သော နိုင်ငံရေးပါတီများ ဖြစ်ကြပါစေကြောင်းဆန္ဒပြုရင်း အဆုံးသတ်လိုက်ရပါသည်။

ခွန်ကောင်တန်
Powered by Blogger.