Tuesday, July 30, 2019

အသက်(၂၁)နှစ်အောက် ရပ်ကွက်/ကျေးရွာပေါင်းစုံ မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲ ကျင်းပ

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၃၀)ရက်







မြို့နယ်အတွင်းရှိ ရွက်ပုန်းတီးလူငယ် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာစေရန် ၊ နိုင်ငံတော်၏ အားကစား အဆင့်အတန်း တိုးတက်မြင့်မားရန်နှင့် မိမိမြို့နယ်ဂုဏ်၊ မိမိဒေသဂုဏ်ဆောင်နိုင်မည့် အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် အားကစားကွင်းတွင် ဇူလိုင်လ (၂၉) ရက် မွန်းလွဲ(၃)နာရီက အသက်(၂၁)နှစ်အောက် ရပ်ကွက်/ကျေးရွာပေါင်းစုံ မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲကို ကျင်းပပြုလုပ်သည်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ဖြူက အားကစားသမားများအား "ယခုဘောလုံးပြိုင်ပွဲမှာ အားကစားသမားများအနေနဲ့ အားကစားသမား စိတ်ဓာတ်အရင်းခံပြီး၊ ဒိုင်လူကြီးများရဲ့ဆုံးဖြတ်ချက်ကို နာခံကြရန်၊ သတ်မှတ်ထားသော ဥပဒေဘောင်စည်းမျဉ်းများအရ သန့်ရှင်းစွာ ယှဉ်ပြိုင်ကစားသွားကြရန်၊ မြို့နယ်အဆင့်မှ ခရိုင်၊ ခရိုင် အဆင့်မှ ပြည်နယ်၊ ပြည်နယ်အဆင့်မှ နိုင်ငံ့လက်ရွေးစင်အထိ တက်လှမ်းနိုင်ရေး ရည်မှန်းချက်ထားကာ အားသွန်ခွန်စိုက် ယှဉ်ပြိုင်ကစားသွားကြရန်" တိုက်တွန်းပြောကြားသွားသည်။

ဟိုပုံးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်ကလည်း "ပြိုင်ပွဲကျင်းပရေးကော်မတီ၊ ကွင်းပြင်ဆင်ရေးကော်မတီ၊ ပြန်ကြားရေးဆပ်ကော်မတီ၊ ကျန်းမာရေးကော်မတီ၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ဆပ်ကော်မတီ တို့ဖွဲ့စည်းကာ လုပ်ငန်းတာဝန်များကိုလည်း ခွဲဝေပေးထားပြီးဖြစ်ကြောင်း၊ အားကစားထူးချွန်စေရန် ဘက်ပေါင်းစုံ အရည်အသွေးပြည့်မှီရန် လိုအပ်ကြောင်း၊ ပြည်သူများ၏ အားပေးမှု၊ အားကစားဝါသနာရှင်များ၏ ကူညီထောက်ပံ့မှုတို့အပြင် အဓိကကျသည့် အားကစားသမားများနှင့် စီမံအုပ်ချုပ်သူများ၏ ခံယူချက်မှန်ကန်ရန်နှင့် ဇွဲ၊စိတ်ဓာတ်ကို အရင်းခံပြီးကြိုးစားအားထုတ်မှု ထက်မြက်ရန် အထူးလိုအပ်ကြောင်း" ပြောကြားသည်။

" နိုင်ငံတော်ကလည်း မြန်မာ့ဘောလုံးအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ မြို့နယ်အသီးသီးသို့ သွားရောက်ကာ မြို့နယ်ဘောလုံးအဖွဲ့ချုပ်များကို ဖွဲ့စည်းပေးခဲ့ပြီး၊ အသက်(၁၃)နှစ်အောက်၊ အသက်(၁၅)နှစ်အောက်နှင့် အသက်(၁၇)နှစ်အောက် ဘောလုံးအသင်းများတွင် လူငယ်လက်ရွေးစင်များ ရွေးချယ်ကာ တစ်နှစ်ပတ်လုံး စဉ်ဆက်မပြတ်လေ့ကျင့်ပေးလျက်ရှိကြောင်း၊ ဟိုပုံးမြို့နယ်မှ မြန်မာ့လက်ရွေးစင်ဂိုးသမား မြဖူးငုံ၊ မြန်မာနေရှင်နယ်လိဂ် (U-19) ပြိုင်ပွဲ Shan United ဘောလုံးအသင်းတွင် ခွန်အောင်နိုင်၊ မြန်မာနိုင်ငံတက္ကသိုလ်လက်ရွေးစင် ခွန်ဝင်းဗိုလ်နဲ့စိုင်းဇွဲဆက် ၊ (U-15) အမျိုးသမီးမြန်မာ့လက်ရွေးစင် နန်းချိုမွေးနဲ့ (U-13) ရှမ်း/တောင် အမျိုးသမီးအသင်းတွင် နန်းအောင်ဖူးတို့ကို မွေးထုတ်ပေးနိုင်ခဲ့ပြီ ဖြစ်ပြီး ယခုနှစ်ပြိုင်ပွဲတွင်လည်း ပေါ်ထွက်လာရန် ရည်မှန်းထားပြီး ဟိုပုံးမြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အသင်းပေါင်း(၃၁)သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကာ တစ်ရက်လျှင်(၂)ပွဲ ကစားသွားမည် ဖြစ်ကြောင်း၊ ပထမဆု(၈)သိန်း၊ ဒုတိယဆု(၅)သိန်းနှင့် နေရာအလိုက်အကောင်းဆုံးကစားသမားဆုများကိုလည်း ချီးမြှင့်သွား မည်ဖြစ်ကြောင်း၊" မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နန္ဒာလှိုင်က ပြောကြားသည်။

အသက်(၂၁)နှစ်အောက် ရပ်ကွက်/ကျေးရွာပေါင်းစုံ မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဝင်များ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးခွန်မောင်ဖြူ၊ ဟိုပုံးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနန်းတင့်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေး၊ကြက်ခြေနီ၊ ပြိုင်ပွဲဝင် အားကစားသမားများ၊ အားကစားဝါသနာရှင်များနှင့် ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ကြကာ၊ ဖွင့်ပွဲအခမ်း အနားတွင် ဟိုပုံးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ များတို့်က အာရှမြန်မာ တေးသီချင်းဖြင့်လည်းကောင်း၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းမှ ဘင်ခရာတပ်ဖွဲ့ မှ သရုပ်ပြ ကပြဖျော်ဖြေပေးသွားပြီး၊ ကပြဖျော်ဖြေသွားသည့် အဖွဲ့များအား မြို့နယ်အုပ်ချုပ်ရေးမှူးဦးနန်းတင့်က ဂုဏ်ပြု လက်ဆောင်ပေးအပ်ခဲ့ပြီး ရှမ်းပြည်နယ် ဘောလုံးအဖွဲ့ချုပ်မှ ပြိုင်ပွဲတွင် အသုံးပြုနိုင်ရေး ဘောလုံးများ ပေးအပ်ခဲ့ပြီး ပွဲစဉ်(၁)အဖြစ်လွယ်အွန့်ကျေးရွာအုပ်စုဘောလုံးအသင်းနှင့်တောင်ရပ်ကွက်(၂)ဘောလုံးအသင်းတို့၏ပွဲစဉ်အား ဟိုပုံးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနန်းတင့်က ဘောလုံးကန်၍ စတင်ယှဉ်ပြိုင်ခဲ့ပြီး ပွဲစဉ်အပြီးတွင် တောင်ရပ်ကွက်(၂)ဘောလုံး အသင်းက လွယ်အွန့်ကျေးရွာအုပ်စုဘောလုံးအသင်းကို (၃)ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ထက်ထက်(ဟိုပုံး)
Powered by Blogger.