Wednesday, July 3, 2019

လူ့အခွင့်အရေးအကြောင်း သိကောင်းစရာများဆွေးနွေးပွဲ ဆီဆိုင်မြို့၌ ကျင်းပ

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၄)ရက်



မြန်မာနိုင်ငံအတွင်း၌ လူ့အခွင့်အရေးမြှင့်တင်ခြင်းနှင့် ကာကွယ်ခြင်းအားဖြင့် လူ့အခွင့်အရေးကို လေးစားလိုက်နာကျင့်သုံးသည့် လူ့အဖွဲ့အစည်းတစ်ရပ်ပေါ်ပေါက်လာစေရန်အတွက် လူ့အခွင့်အရေးအကြောင်း သိကောင်းစရာများ ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို ဇူလိုင် (၃) ရက် နံနက် (၉) နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၊ မြို့နယ်ခန်းမဆောင်၌ ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းအကြောင်းကိုလည်းကောင်း၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးက လူ့အခွင့်အရေးဆိုင်ရာ အခြေခံအယူအဆများ အကြောင်းကိုလည်းကောင်း၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးနိုင်က မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ အကြောင်းကိုလည်းကောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ကော်မရှင်မှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားသည်။

အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သန်းထူး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များဖြစ်သည့် ဦးခွန်လှသိန်း၊ ဦးခွန်မောင်ပယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တပ်မတော်သားများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများ၊ ဒေသခံပြည်သူများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် လူမူရေးအသင်းအဖွဲ့များ တက်ရောက်ကြကြောင်း သိရသည်။

ခွန်ရဲထွေး (ပြန်ဆက်)
Powered by Blogger.