Saturday, August 3, 2019

မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိပုဂ္ဂိုလ်များ ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး ဖြားတန်အောင်ခမ်းထီအားလာရောက်တွေ့ဆုံ

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၃) ရက်





၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၃) ရက်၊ နေ့လည် (၂း၃၀) အချိန်တွင် ကျောက်တလုံးကြီးမြို့ရှိ ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး အဂ္ဂမဟာ သီရီသုဓမ္မ မဏိဇောတဓရ ဝဏ္ဏကျော်ထင် ဖြားတန်အောင်ခမ်းထီအား  မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိပုဂ္ဂိုလ်များက လာရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် ဖြားတန်အောင်ခမ်းထီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာမှာ- တိုင်းရင်းသား လုပ်ငန်းရှင်များအနေဖြင့် ယနေ့အဘနေအိမ်သို့ရောက်ရှိလာတဲ့ တစ်ဦးချင်းအနေဖြင့်သော် လည်းကောင်း၊ အသင်းအဖွဲ့လိုက်အဖြစ်သော်လည်းကောင်း၊ ပအိုဝ်းတစ်မျိုးသားလုံးကိုယ်စား ဝမ်းမြောက်စွာ ကြိုဆိုပါကြောင်း၊ ကျွန်တော်တို့ အားလုံးဟာ ဒီနိုင်ငံမှာ ကံတူအကျိုးပေးကောင်းစွာဖြင့် ဒီမြေ၊ ဒီရေ၊ ဒီလေ မှာပဲ အတူတကွကြီးပြင်းလာကြတဲ့အတွက် အထူးတလည်ပဲ ကျွန်တော်တို့ဟာ ဒီနိုင်ငံရဲ့ အရင်းအမြစ် လူသားတွေဖြစ်ပါကြောင်း၊ ဒီနေ့စုစည်းကြတဲ့ ကောင်းမြတ်တဲ့ စုစည်းမှုကို အခြေပြုပြီးတော့ နောင်သားစဉ် မြေးဆက်ထိ ကျွန်တော်တို့ရဲ့ အမိမြန်မာနိုင်ငံ လာမည့်ဖက်ဒရယ်ပြည်ထောင်စုမှာ အတူတကွ ကျွန်တော် တို့ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ဒီနိုင်ငံရဲ့စည်းလုံးညီညွှတ်တဲ့ အင်အားဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံ တိုးတက်ရာ တိုးတက်ကြောင်း လုပ်ငန်းဆောင်တာများကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ကြပါစေလို့ အဘအနေဖြင့် ဆန္ဒပြုမိပါကြောင်း စသော ကြိုဆိုနှုတ်ခွန်းဆက် စကားများ ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိပုဂ္ဂိုလ်များ မိမိတို့၏ တိုင်းရင်းသားလူမျိုးများနှင့် လုပ်ငန်းအသီးသီးတို့ကို ရှင်းလင်းမိတ်ဆက်ပေးခဲ့ကြပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။

ထိုတွေ့ဆုံရခြင်း ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းသည် မြန်မာနိုင်ငံ မှာရှိတဲ့ တိုင်းရင်းသားများအားလုံးနှင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ ပအိုဝ်းလုပ်ငန်းရှင်များအသင်းကို ဖြားတန်အောင်ခမ်းထီ၏ လမ်းညွှန်မှုဖြင့် စနစ်တကျဖွဲ့စည်းသွားချင်ပါကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားအားလုံးနှင့် ပူးပေါင်းပြီး စီးပွားရေးကောင်းမွန်လာစေရန်၊ တိုင်းရင်းသားအားလုံးပူးပေါင်းပြီး ပအိုဝ်းဒေသအတွင်းရှိ စီးပွားရေးလုပ်ငန်းများ၊ တိုင်းရင်းသားခေါင်းဆောင်များနှင့် ရင်းနှီးမှုရရှိလာစေရန်၊ ရေရှည်မှာ ကျွန်တော်တို့အသင်းက ဦးဆောင်ပြီး  တိုင်းရင်းသားများအားလုံး ချစ်ခင်ရင်းနှီးမှု ပိုမိုရရှိလာအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စသော ရည်ရွယ်ချက်များဖြင့် လာရောက်တွေ့ဆုံ ဖြစ်ကြောင်း မြန်မာနိုင်ငံ တိုင်းရင်းလုပ်ငန်းရှင်များအသင်းမှ  ဒေါက်တာအောင်ရဲဇော်က
ပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိပုဂ္ဂိုလ်များသည် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသနှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အခြေအနေများ သွားရောက်လေ့လာကြမည်ဖြစ်ကြောင်း သိရသည်။

ခွန်ယံသေ



Powered by Blogger.