Wednesday, August 28, 2019

လူမျိုးဖျက်အမှောင်ပယောဂများသို့ ပန်ကြားစာ

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၈)ရက်


ဤဆောင်းပါးခေါင်းစဉ်သည် စာဖတ်ပရိတ်သတ်များအတွက် အနည်းငယ်စိတ်ကသိကအောင့်ဖြစ် စေလိမ့်မည်ဟု ထင်မြင်ယူဆပေသည်။ သို့သော်လည်း ယခုရေးသားမည့်ဆောင်းပါးအတွက် ဤခေါင်းစဉ်သည်သာလျှင် အနည်းငယ်အပ်စပ်မှု ရှိပေလိမ့်မည်ဟု ထင်မြင်ယူဆမိသောကြောင့် “လူမျိုးဖျက်အမှောင် ပယောဂများသို့ပန်ကြားစာ”ဟု ခေါင်းစဉ်တပ်လိုက်ရခြင်းပင်ဖြစ်ပေသည်။ မိမိအနေဖြင့် ဤဆောင်းပါးကို ယခင်ကတည်းက ရေးသားချင်ခဲ့ပါသော်လည်း အခြားသော ဦးစားပေးလုပ်စရာများရှိနေသည်က တစ်ကြောင်း၊ အလားတူဆောင်းပါးမျိုးကို မိမိထက် စာအရေးအသားကောင်းမွန်ပြေပြစ်သော၊ အသိပညာ ဗဟုသုတပြည့်စုံကြွယ်ဝသော မျိုးချစ်စာရေးဆရာ ရဟန်းသံဃာတော်ကြီးများ လူပုဂ္ဂိုလ်များမှ အကြံပြု တိုက်တွန်းရေးသားပေလိမ့်မည်ဟု ထင်မြင်ယူဆခဲ့သည်ကတစ်ကြောင်း စသည့်အကြောင်းအမျိုးမျိုးကြောင့် ဤဆောင်းပါးအား မရေးသားဖြစ်ခဲ့ပေ။ အခြားတစ်ဖက်တွင်လည်း မိမိ၏ အသိပညာဗဟုသုတအားနည်းခြင်း၊ စာအရေးအသားအားမကောင်းခြင်းလည်း ပါဝင်ပေသည်။ သို့သော် ယခုတွင်မူ  ပအိုဝ်းလူမျိုးအချင်းချင်း သွေးစည်းနေသည်ကို မနာလိုမုန်းတီးဖြစ်ပြီး အချင်းချင်းသွေးမကွဲ ကွဲအောင် နောက်ကွယ်ကနေ ဖျက်လို ဖျက်ဆီးလုပ်နေသည့် လူမျိုးဖျက်အမှောင်ပယောဂများ၏ လုပ်ရပ်များ၊ သတင်းစကားများကို  ပအိုဝ်းတိုင်းရင်းသားလူမျိုးများ နားယောင်ယုံကြည်မိမည်ကို စိုးရိမ်ခြင်းကြောင့်သော်လည်းကောင်း၊ ဘိုးဘေးဘီဘင်ခေတ်အဆက်ဆက်ကတည်းက လက်ဆင့်ကမ်းထိန်းသိမ်းလာခဲ့ကြသည့် ပအိုဝ်းလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုများ၊ ဓလေ့ထုံးတမ်းအစဉ်အလာများ၊ ဘာသာစကား၊ စာပေများကို တန်ဖိုးမထားအထင်မကြီး မလေးစားတတ်သော အချို့သောမိမိတို့ပအိုဝ်းတိုင်းရင်းသားလူမျိုးကြောင့် သမိုင်းစာမျက်နှာတွင် ပအိုဝ်းလူမျိုးပျောက်ကွယ်သွားမည်ကို စိုးရိမ်ခြင်းကြောင့်သော်လည်းကောင်း ယခုဆောင်းပါးအား ရေးသားဖြစ်ရ ခြင်းပင်ဖြစ်သည်။

ဤဆောင်းပါးသည် အခြားမည်သူ တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုခုကိုမျှ ရည်ရွယ်၍ ရေးသားခြင်းမျိုးမဟုတ်ပဲ မိမိတို့ ပအိုဝ်းတိုင်းရင်းသားလူမျိုးအချင်းချင်း သွေးမကွဲပဲ ထာဝစဉ်စည်းလုံး ညီညွှတ်နေစေလိုခြင်းနှင့် ဘိုးဘေးဘီဘင်ခေတ်အဆက်ဆက်မှသည် ယနေ့ထိတိုင် မပျောက်ပျက်အောင် အမြတ်တနိုးတန်ဖိုးထား လက်ဆင့်ကမ်းထိန်းသိမ်းလာခဲ့သည့် မိမိတို့ပအိုဝ်းတိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ၊ ဓလေ့ထုံးတမ်းအစဉ်အလာများကို မျိုးဆက်သစ်လူငယ်များအနေဖြင့် ပုခုံးပြောင်းတာဝန်ထမ်းဆောင်ရာတွင် ဆက်လက်တာဝန်ကျေပွန်စေလိုခြင်းကြောင့် ရေးသားလိုက်ရခြင်းပင်ဖြစ်သည်။ အခြားတစ်ဖက်တွင်လည်း ယနေ့ခေတ်လို အရာရာခေတ်မီဖွံ့ဖြိုးတိုးတက်နေသည့် ခေတ်ကာလကြီးတွင် ခေတ်နှင့်အပြိုင်လိုက်၍ ခေတ်မီစွာနေထိုင်လျက်ရှိနေကြသည့် အချို့သော မျိုးဆက်သစ်ပအိုဝ်းတိုင်းရင်းသားလူငယ်မောင်မယ်များအနေဖြင့် မိမိတို့၏ ရိုးရာဝတ်စားဆင်ယင်မှုများကို အမြတ်တနိုးတန်ဖိုးထား ပြန်လည်ဝတ်စားဆင်ယင်လာစေရန်၊ ပအိုဝ်းစာပေများကို လေ့လာသင်ယူလိုစိတ် ပြန်လည်ရှင်သန်ပေါက်ဖွားလာစေရန်နှင့် ပအိုဝ်းဘာသာစကားကို ပြန်လည်ပြောဆိုလာစေရန် ရည်ရွယ်၍လည်း ယခု ဆောင်းပါးအား ရေးသားလိုက်ရခြင်းပင်ဖြစ်ပေသည်။

စာဖတ်ပရိတ်သတ်များ သိရှိပြီးဖြစ်သည့်အတိုင်း ယနေ့ခေတ်ကို လူများက “Information Technology(IT)ခေတ်”ဟုခေါ်ဆိုလျက်ရှိကြသကဲ့သို့ အချို့ဆိုလျှင် “Globalizationခေတ်”ဟုတင်စား ခေါ် ဆိုလျက်ရှိကြပြန်သည်ကို ကြားဖူးသိရှိပြီးဖြစ်ပေမည်။ မှန်ပေသည်။ ကမ္ဘာကြီးသည် ရွာကြီးသဖွယ်လို ဖြစ်နေပြီး မိမိလိုအပ်သော အချက်အလက်များ၊ သိလိုသည့်အကြောင်းအရာများကို လက်ညိုးလေးတစ်ချက် ထောက်လိုက်ရုံနှင့် အကုန်သိနိုင်သည့်ခေတ်ပင်ဖြစ်သည်။ ဤသည်ကိုပင် အချို့လူများက “Online Media ခေတ်”ဟုလည်း ခေါ်ဆိုကြသေးသည်။ ဤကဲ့သို့သော စက်မှုဖွံ့ဖြိုးတိုးတက်နေသည့်ခေတ်ကြီးနှင့်အညီ မိမိတို့ပအိုဝ်းတိုင်းရင်းသားလူမျိုးများ၏ လူနေမှုအဆင့်အတန်းများ၊ မှီတင်းနေထိုင်ရာဒေသများသည်လည်း နောက်ကောက်ကျကျန်မှုမရှိပဲ ခေတ်နှင့်အပြိုင် ရင်ဘောင်တန်းလျက်ရှိနေသည်ကို စာဖတ်ပရိတ်သတ်များ လည်း သိရှိပြီးဖြစ်ပေသည်။ ဘက်စုံဖွံ့ဖြိုးတိုးတက်လျက်ရှိနေသည့်ခေတ်နှင့်အညီ မိမိတို့ပအိုဝ်းတိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုအကများ၊ ရိုးရာဝတ်စားဆင်ယင်မှုပုံစံများ၊ ရိုးရာတူရိယာများနှင့် ရိုးရာအသုံးအဆောင်ပစ္စည်းများကို အနာဂါတ်မျိုးဆက်သစ် ပအိုဝ်းတက္ကသိုလ်ကျောင်းသား လူငယ်မောင်မယ်များ၏ ထိန်းသိမ်းဖော်ဆောင်မှုဖြင့်သော်လည်းကောင်း၊ ပြည်တွင်း၊ ပြည်ပရှိ မျိုးချစ်ပအိုဝ်းရဟန်း သံဃာတော်ကြီးများ၊ ပအိုဝ်းလူမျိုးခေါင်းဆောင်ကြီးများ၏ ဦးဆောင်မှုဖြင့်သော်လည်းကောင်း ပအိုဝ်း တိုင်းရင်းသားလူမျိုးများ အချင်းချင်း စည်းလုံးညီညွှတ်ခြင်းအားကိုယူကာ “ပအိုဝ်း”ဟူသည့်တိုင်းရင်းသား လူမျိုးတစ်မျိုးအကြောင်းကို “Online Media”များမှတစ်ဆင့်  မြန်မာ၊ ကမ္ဘာကသိအောင် ဖော်ဆောင်ချပြနိုင်ခဲ့ပြီးဖြစ်သည်။ ထို့အပြင် တိုင်းရင်းသားယဉ်ကျေးမှုအလှပြိုင်ပွဲများတွင်သော်လည်းကောင်း၊ ပြည်တွင်း ပြည်ပ အခမ်းအနားပွဲများတွင်သော်လည်းကောင်း ပအိုဝ်းတိုင်းရင်းသာလူမျိုးများ၏ ရိုးရာအကများ၊ ရိုးရာယဉ်ကျေးမှုများကို မြန်မာ၊ ကမ္ဘာမှ ချီးကျုးခြင်း၊ ဂုဏ်ပြုခြင်း၊ အသိအမှတ်ပြုခြင်းများကိုလည်း ထိုက်သင့် သလောက်ခံစားခဲ့ရပြီးလည်းဖြစ်သည်။ ထို့အတူ တိုင်းရင်းသားယဉ်ကျေးမှုအလှပြိုင်ပွဲများတွင် ပအိုဝ်းတိုင်းရင်းသားယဉ်ကျေးမှုအလှဆုရရှိခဲ့ခြင်းအပေါ် ပအိုဝ်းတိုင်းရင်းသားလူမျိုးဖြစ်သည့် မိမိအနေဖြင့် အလွန်ပင်ဂုဏ်ယူဝမ်းသာကြည်နူးမဆုံးဖြစ်ခဲ့ရပြီး ပအိုဝ်းတိုင်းရင်းသားလူမျိုးများကိုယ်စား ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် ပအိုဝ်းတိုင်းရင်းသားလူငယ်မောင်မယ်များကိုလည်း ကျေးဇူးတင်ဂုဏ်ပြုလျက်ရှိပါကြောင်းကို ဤဆောင်းပါးဖြင့် မှတ်တမ်းတင်အပ်ပေသည်။

အထက်တွင် ဖော်ပြခဲ့ပြီးဖြစ်သည့်အတိုင်း ပအိုဝ်းတိုင်းရင်းသားလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုများ၊ ဓလေ့ထုံးတမ်းအစဉ်အလာများကို မြန်မာ၊ ကမ္ဘာကသိရှိအောင် ဖော်ဆောင်သင့်သလောက် ဖော်ဆောင်ချပြခဲ့ပြီးလည်းဖြစ်ပေသည်။ ခေတ်အဆက်ဆက်မှ ဘိုးဘေးဘီဘင်များ၊ ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီးများက သမိုင်းပေးတာဝန်ကို ကျေပွန်စွာ ထမ်းရွက်ခဲ့ကြပြီးဖြစ်ပေသည်။ ထို့အတူ ယနေ့အချိန်ခါတွင် တက္ကသိုလ်အသီးသီး၌ ပညာသင်ယူနေကြသည့်  ပအိုဝ်းတက္ကသိုလ်ကျောင်းသူ/သား လူငယ်မောင်မယ်များလည်း တက္ကသိုလ်များတွင် နှစ်စဉ်နှစ်တိုင်း အစဉ်အလာမပျက် မိမိတို့၏ ရိုးရာယဉ်ကျေးမှုများကို ထိန်းသိမ်းဖော်ဆောင်လျက်ရှိနေပြီး သမိုင်းပေးတာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ရန် ကြိုးစားလျက်ရှိနေကြသည်ကို မြင်တွေ့သိရှိရသည်မှာ မိမိတို့လူမျိုးအတွက် အားတက်ဖွယ်ရာမင်္ဂလာတစ်ပါးဖြစ်နေပေသည်။ သို့သော် သမိုင်းပေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်နေသူများရှိနေသကဲ့သို့ အခြားတစ်ဖက်တွင်လည်း မိမိတို့လူမျိုးအချင်းချင်းစည်းလုံးညီညွှတ်မှု ပျက်ပြားစေရန် မဟုတ်မမှန်သတင်းများဖြန့်၍ ပအိုဝ်းလူမျိုးများကို သူတို့၏ ဝါဒမိုင်းတိုက်နေသူများ၊ ဖြစ်စဉ်တစ်ခုကို အကြောင်းအရင်း သေသေချာချာ ကဂနဏမသိပါပဲ ဝေဖန်ပုတ်ခတ်ပြောဆိုနေသူများ၊ အပျက်သဘောဆောင်သည့် ဝေဖန်ရေးသားချက်များဖြင့် ဝေဖန်ပြောဆိုရေးသားကြသည့်သူများလည်း ရှိနေပေသည်။ ထိုမဟုတ်မမှန်သည့် သတင်းအချက်အလက်များကြောင့် ပအိုဝ်းလူမျိုးများ သွေးမကွဲသင့်ပဲ သွေးကွဲခဲ့ရသည့် သာဓကများလည်း များစွာကြီးရှိခဲ့ပေသည်။

ထို့အပြင် ထိုအပြုသဘောမဆောင်သည့် ဝေဖန်ရေးသားချက်များကြောင့်လည်း လူငယ်များအနေဖြင့် လိုင်းပေါ်တွင် ပအိုဝ်းလူမျိုးအချင်းချင်းအကြား အမြင်သဘောထားကွဲလွဲမှုကို ဖြစ်ပေါ်စေပြီး တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြန်အလှန် ဆဲရေးတိုင်းထွာမှုများ ဖြစ်နေရသည်ကို စာဖတ်ပရိသတ်များလည်း တွေ့မြင်သိရှိပြီးဖြစ်မည်ဟု မျှော်လင့်ပါသည်။ ထိုအချက်သည် မိမိတို့ ပအိုဝ်းလူမျိုးအချင်းချင်း စည်းလုံး ညီညွှတ်မှုမရှိခြင်း၏ သဘောကိုဆောင်နေပြီး ထိုကဲ့သို့ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ လိုင်းပေါ်တွင် အချင်းချင်း ဆဲရေးတိုင်းထွာမှုပြု၍လည်း မိမိတို့လူမျိုးအတွက် တစ်စုံတစ်ရာမျှအကျိုးမရှိစေပဲ အခြားတိုင်းရင်းသားများ၏ ဝေဖန်ကဲ့ရဲ့ခြင်း၊ အထင်အမြင်သေးခြင်းကို ခံရမည်ဖြစ်ပြီး လူမျိုးကွဲခြင်း၏ အကြောင်းတရားတစ်ခုကိုသာလျှင်  ဖြစ်စေနိုင်ပါသည်။ ထို့အပြင် အမျိုးသားရေးအကျိုးအတွက်မကြည့်ပဲ လောဘ စိတ်ဖုံးလွှမ်းနေသော ကိုယ့်ဘက်ကိုသာလျှင်ကြည့်တတ်သည့် လိပ်လိုလူမျိုးများ၊ “ဘယ်သူသေသေ ငါသေမှာပြီးရော”ဆိုပြီး တစ်ကိုယ်ကောင်းဆန်စိတ်ရှိသည့် လူမျိုးများသည် ပအိုဝ်းဒေသတွင် ရာဇာဝတ်မှုပေါများ စေရန်၊ အနာဂါတ်မျိုးဆက်သစ်ပအိုဝ်းလူငယ်များ၏ အောင်မြင်ရေးလမ်းကြောင်းပပျောက်စေရန်နှင့် ပအိုဝ်းလူမျိုးအချင်းချင်း သွေးစည်းမှုပပျောက်စေရန်ရည်ရွယ်၍ ပအိုဝ်းလူငယ်များအကြား၊ ပအိုဝ်းဒေသများအကြားတွင် မူးယစ်ဆေးဝါးဖြန့်ဝေနေသည့် လုပ်ရပ်များကို မိမိတို့ဒေသ၊ မိမိတို့လူငယ်များအကြားတွင် များစွာတွေ့မြင် သိရှိနေရပါသည်။

နောက်တစ်ချက်အနေဖြင့် အထက်တွင်ဖော်ပြခဲ့ပြီးသည့်အတိုင်း ယနေ့ခေတ်သည်“Online Media”ခေတ်ဖြစ်ပြီး ခေတ်နှင့်အညီ ပအိုဝ်းတိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုများ၊ ဓလေ့ထုံးတမ်း အစဉ်အလာများကို မြန်မာ၊ ကမ္ဘာကသိရှိအောင် ဖော်ဆောင်ချပြနိုင်ခဲ့ပြီးဖြစ်သည်။ သို့သော်လည်း အရာရာတိုင်းတွင် အဆိုးနှင့်အကောင်းသည် ဒွန်တွဲစမြဲရှိတတ်သည်မို့ အွန်လိုင်းမီဒီယာများမှတစ်ဆင့် အနောက် တိုင်းယဉ်ကျေးမှုများနှင့် အနောက်တိုင်းတွင် ကျင့်သုံးလျက်ရှိနေသည့် လူ့အခွင့်အရေးများသည် မိမိတို့ ပအိုဝ်းတိုင်းရင်းသားလူငယ်များအကြား ပြန့်နှံစိမ့်ဝင်လျက်ရှိနေပြီး ထိုအကျိုးဆက်များကြောင့် ပအိုဝ်းတိုင်းရင်းသားလူငယ်များ၏ အကျင့်စာရိတ္တပိုင်းများနှင့် ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာများ အပေါ်လေးစားတန်ဖိုးထားမှုများလည်း တဖြည်းဖြည်းယိုယွင်းပျက်စီးလျက်ရှိနေသည်ကို စာဖတ်ပရိတ်သတ်များလည်း တွေ့မြင်သိရှိပြီးဖြစ်ပေမည်။ ယနေ့ခေတ်တွင်  အချို့သောပအိုဝ်းတိုင်းရင်းသားလူငယ်များဆိုလျှင် အမိပအိုဝ်း၊ အဖပအိုဝ်းဖြစ်နေပါလျှက်နှင့် ပအိုဝ်းစာမရေးတတ် မဖတ်တတ်သော၊ ပအိုဝ်းစကားပင်မပြောတတ်သော လူငယ်များ အများအပြားတွေ့ရှိနေရပေသည်။ အချို့ဆိုလျှင် မိမိတို့၏ ရိုးရာအဝတ် အစားများကို ပအိုဝ်းလူမျိုးနှင့်စပ်ဆိုင်သည့် ပွဲလမ်းသဘင်များတွင်သော်လည်းကောင်း၊ အခါကြီးရက်ကြီး လပြည့်လကွယ်နေ့များတွင်သော်လည်းကောင်း ဝတ်စားဆင်ယင်မှုအားနည်းလာပြီး အနောက်တိုင်းအဝတ်အစားများ ဝတ်စားဆင်ယင်မှုများလာခြင်းသည် ပအိုဝ်းလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုများ ပပျောက်စေခြင်း အကြောင်းအရင်းတစ်ရပ်ပင် ဖြစ်ပေသည်။

ထိုသို့ ပအိုဝ်းလူမျိုးအချင်းချင်း စည်းလုံးညီညွှတ်မှုပပျောက်အောင် သွေးခွဲစကားဆိုနေသူများ၊ ပအိုဝ်းလူမျိုးတို့၏ အမြတ်တနိုးတန်ဖိုးထားရာ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ၊ ဓလေ့ထုံးတမ်းအစဉ်အလာ များကို ဖျက်လိုဖျက်ဆီး လုပ်နေသူများ၊ ပအိုဝ်းလူမျိုးတို့၏ နားမျက်စိအား ပိတ်ဆို့နေသူများနှင့်  အနာဂတ် မျိုးဆက်သစ်လူငယ်များ၏ တက်လမ်းအား ပိတ်ပင်တားဆီးနေသောသူများသည်ကို မိမိအနေဖြင့် “အသားထဲကလောက်ထွက်”ဆိုသည့် ဆိုရိုးစကားနှင့်အညီ “လူမျိုးသစ္စာဖောက်များ၊ လူမျိုးဖျက်အမှောင် ပယောဂများ”ဟု တင်စားခေါ်ဆိုလိုက်ချင်ပေသည်။ ထို့ကဲ့သို့သော “လူမျိုးသစ္စာဖောက်များ၊ လူမျိုးဖျက် အမှောင်ပယောဂများ” မိမိတို့ပအိုဝ်းတိုင်းရင်းသားလူမျိုးများတွင် များစွာပေါ်ပေါက်လာပါက “ပအိုဝ်း” ဟူ သည့်တိုင်းရင်းသားလူမျိုးတစ်မျိုးသည်လည်း သမိုင်းထဲက ပျောက်ကွယ်သွားရမည်မှာ အမှန်ပင်ဖြစ်သည်။ ထို့အပြင် မိမိတို့လူမျိုး၏ အဝတ်အစားကို ဝတ်ဆင်ရမှာရှက်ပြီး အခြားလူမျိုးများ၏ အဝတ်အစားကို ဝတ်ဆင်ပါမှ ခေတ်မီသည်ဟု ထင်နေသူများ၊ မိမိတို့လူမျိုး၏ ဘာသာစာပေကို သင်ယူရန် ပျင်းရိနေသူများနှင့် မိမိတို့ ဘာသာစကားကို ပြောဆိုရန်ဝန်လေးနေပြီး အခြားသူများ၏ ဘာသာစကားကို ပြောဆိုပါမှ ခေတ်မီသည်ဟု အထင်ကြီးပြီး ပြောဆိုနေသူများ မိမိတို့ပအိုဝ်းလူမျိုးထဲတွင် များစွာပေါ်ပေါက် လာပါက မိမိတို့ ပအိုဝ်းတိုင်းရင်းသားလူမျိုးသည်လည်း ပြည်ထောင်စုတွင်သာမက ကမ္ဘာ့သမိုင်းစာမျက်နှာ များတွင်ပါ ပျောက်ခြင်းမလှ ပျောက်ကွယ်သွားရမည်မှာ မြေကြီးလက်ခတ်မလွှဲပင်ဖြစ်သည်။

ထို့ကြောင့် စာဖတ်ပရိတ်သတ်များအနေဖြင့် သမိုင်းဖျက်သူ၊ သမိုင်းတရားခံ၊ လူမျိုးသစ္စာဖောက် လူမျိုးဖျက် အမှောင်ပယောဂများမဖြစ်စေရန်နှင့် မိမိတို့ပအိုဝ်းတိုင်းရင်းသားလူမျိုးများအနေဖြင့် မြန်မာတွင် သာမက ကမ္ဘာ့အလယ်တွင် တင့်တယ်လှပစွာ ရပ်တည်နေနိုင်ရန်အတွက် အချင်းချင်းအကြား အပြု သဘောဆောင်သော ဝေဖန်အကြံပြုချက်များကို ဝေဖန်ရေးသားအကြံပြုပေးစေလိုကြောင်း ပန်ကြားအပ်ပါ သည်။ ထို့အပြင် အနာဂတ်မျိုးဆက်သစ်ပအိုဝ်းတိုင်းရင်းသားလူငယ်မောင်မယ်များအနေဖြင့်လည်း မိမိတို့၏ ဘိုးဘွားစဉ်ဆက်ခေတ်အဆက်ဆက်မှသည် ယနေ့ထိတိုင် ထိန်းသိမ်းစောင့်ရှောက်လာခဲ့သည့် ရိုးရာယဉ် ကျေးမှုအမွေအနှစ်များ၊ ဓလေ့ထုံးတမ်းအစဉ်အလာများကို မိမိတို့၏ သားစဉ်မြေးဆက် ခေတ်အဆက်ဆက် တိုင်အောင် မပပျောက်ပဲ ထာဝစဉ်တည်မြဲနေနိုင်ရန်အတွက် လက်ဆင့်ကမ်းထိန်းသိမ်းကြရန်လိုအပ်ပြီး  မိမိတို့ လူမျိုး၏ ရိုးရာအဝတ်အစားများကို အမြတ်တနိုးတန်ဖိုးထား ဝတ်စားဆင်ယင်ရန်၊ မိမိတို့ လူမျိုး၏ စာပေများကို ပြန်လည်လေ့လာသင်ယူကြရန်နှင့် မိမိတို့လူမျိုး၏ ဘာသာစကားများကို ပြန်လည်ပြောကြား ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ထိုမှသာလျှင် မိမိတို့ပအိုဝ်းတိုင်းရင်းသားလူမျိုးသည်လည်း ကမ္ဘာတည်သ၍ ထာဝစဉ်ရှင်သန်ရပ်တည်နေနိုင်မည်ဖြစ်ပြီး လူမျိုးအတွက် သမိုင်းပေးတာဝန်ကျေပွန်သူ၊ တန်ဖိုးရှိသူဟု ခေါ်ဆိုသမုတ်ထိုက်မည်ဖြစ်ကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။

ဤဆောင်းပါးတွင် မိမိရေးသားတင်ပြလိုသည့် အခြားသောအကြောင်းအရာများ၊ အားနည်းချက်များ၊ ထပ်မံဖြည့်စွက်ရမည့်အကြောင်းအရာများလည်း များစွာကျန်ရှိနေအုံးမည်ဖြစ်သည်။ ယခုဆောင်းပါးကို မိမိအနေဖြင့် လူမျိုးချစ်စိတ်ကို အရင်းခံ၍ ရေးသားထားခြင်းဖြစ်ပြီး မိမိ၏ ရေးသားချက်အမှားများပါခဲ့သော် စာဖတ်ပရိတ်သတ်များမှ နားလည်ခွင့်လွတ်ပေးကာ ထပ်မံဖြည့်စွက်ရမည့်အကြောင်းအရာများ၊ ဝေဖန်အကြံပြုချက်များအားလည်း ဝေဖန်ဖြည့်စွက်အကြံပြုပေးစေလိုပါသည်။ ဤဆောင်းပါးကြောင့် မိမိတို့ပအိုဝ်း လူမျိုးအချင်းချင်း တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြန်အလှန်လေးစားမှု၊ နားလည်မှု၊ အပြုသဘောဆောင်သည့် ဝေဖန်ရေးသားအကြံပြုချက်များ ဝေဖန်ရေးသားအကြံပြုခြင်းများ အနည်းငယ်ရှိလာလျှင်၊ ပအိုဝ်းတိုင်းရင်းသားလူငယ်မောင်မယ်များအနေဖြင့် မိမိတို့၏ ရိုးရာဝတ်စားဆင်ယင်မှုများ၊ စာပေများ၊ ဘာသာစကားများကို ပြန်လည်ဝတ်စားဆင်ယင်ပြောဆိုသင်ယူချင်စိတ်များ အနည်းငယ်ရှိလာလျှင်နှင့်  မိမိတို့ဒေသတွင် မူးယစ်ဆေးဝါးသုံးစွဲသည့် လူငယ်များ အနည်းငယ်လျှော့နည်းလာမည်ဆိုလျှင် မိမိအနေဖြင့် ဤဆောင်းပါးအား ရေးသားရကျိုးနပ်ပေပြီဖြစ်သည်။

ခွန်ကျော;ခေါင်;
ထီရီးဟော်ထို
Powered by Blogger.