Tuesday, August 20, 2019

ရှမ်းတောင်၊ လင်းခေးခရိုင်၊ နန်းတိန်းချောင်းကူးတံတားအား မှီခိုသည့် ပြည်သူများနှင့် သက်ဆိုင်ရာများ သိရှိနိုင်စေရန်

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၁)ရက်








ဒေသခံ ရဟန်းရှင်လူ ပြည်သူများ ခက်ခဲစွာဖြတ်သန်းသွားလာရသည့် ချောင်းအား အဆင်ပြေချော့မွေ့စွာ ဖြတ်သန်းသွားလာနိုင်ရန်အတွက် ရှမ်းပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၉)၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေမှ ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၊ မအွန်လောင်းကျေးရွာအုပ်စု၊ မအွန်လောင်းကျေး ရွာအတွင်းရှိ နန့်တိန်းချောင်းကူးတံတားကို နိုင်ငံတော်အစိုးရမှ သင့်လျော်သည့် အဆင့်မြှင့် သံကူကွန်ကရစ်တံတား(၁)စင်း တည်ဆောက်ပေးနိုင်ပါရန် ဒေသခံပြည်သူများကိုယ်စား သိရှိလိုပါသဖြင့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးထံသို့ ကြယ်ပွင့်ပြမေးခွန်းမေးမြန်းကြောင်း သိရှိရပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနမှ ပြန်လည်ဖြေကြားချက်အရ ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မအွန်လောင်းကျေးရွာအတွင်းရှိ နန့်တိန်းချောင်းကူးတံတားသည် မအွန်လောင်း - ပန်တ၀ိလမ်းပေါ်တွင် တည်ရှိသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စီမံခန့်ခွဲသော လမ်းပေါ်ရှိ တံတားဖြစ်ပါသည်။

အဆိုပါတံတားအား အဆင့်မြှင့်တင်တည်ဆောက်ပြီးပါက ကျေးရွာ(၁၇)ရွာ၊ အိမ်ခြေ(၇၂၀)အိမ်၊ လူဦးရေ(၃၅၀၀)ခန့်တို့၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ နန့်တိန်းချောင်းကူးတံတားသည် လမ်းအဆင့်သတ်မှတ်ချက်အရ Class(A) ဦးစားပေး အဆင့်(၁)တွင် ပါဝင်သည့် မအွန်လောင်း - ပန်တ၀ိ လမ်းပေါ်တွင် တည်ရှိသဖြင့် ၂၀၁၉ - ၂၀၂၀ဘဏ္ဍာ ရေးနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေခွဲဝေရရှိမှုပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်ကို အဆိုပါ ဒေသနေပြည်သူများနှင့် သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များသိရှိစေရန် အသိပေးတင်ပြအပ်ပါသည်။

လွှတ်တော်ရေးရာဌာန
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ဗဟိုဌာနချုပ်ရုံး
Powered by Blogger.