Tuesday, September 10, 2019

ကက္ကူဒေသဝန်းကျင် ခရီးသွားလာရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၀)ရက်




မြန်မာ-SECO-UN Trade Cluster စီမံကိန်း၊ သစ်သီးဝလံထုတ်လုပ်မှု စွမ်းရည်မြှင့်တင်ရေးနှင့် တာဝန်ယူမှုရှိသောခရီးသွားလုပ်ငန်းတို့အကြား ချိတ်ဆက်လုပ်ကိုင်ဆောင်ရွက်မှု ဖွံ့ဖြိုးရေးစီမံကိန်း၏ ဆောင်ရွက်ချက်တစ်ခုဖြစ်သည့် ကက္ကူဒေသဝန်းကျင် ခရီးသွားလုပ်ငန်းဆိုင်ရာ ထုတ်ကုန်အသစ် ပေါ်ထွက်လာစေရေးအတွက်ရည်ရွယ်၍ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ ကက္ကူကျေးရွာအုပ်စု၊ ကက္ကူဘုရားဓမ္မာရုံ၌ စက်တင်ဘာလ (၉) ရက် နံနက်(၁၀)နာရီက ကက္ကူဒေသ ဝန်းကျင်ခရီးသွားလာရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်သည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှူးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်နှင့် ကျောက်တလုံးကြီးမြို့အုပ်ချုပ်ရေးမှူးဦးစောချမ်းတို့က အမှာစကားပြောကြားခဲ့ပြီး၊ ပအိုဝ်းဒေသပြည်သူလူထုပူးပေါင်းပါဝင်သော ခရီးသွားလုပ်ငန်း(CITPAR) အစီအစဉ်ညှိနှိုင်းရေးမှူး ခွန်ထွန်းဦးက (CITPAR) လုပ်ဆောင်ချက်များ၊ ကက္ကူဒေသ အကြောင်း ရှင်းလင်းတင်ပြပြီးနောက် တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေး ရာ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။

ယင်းနောက် International Trade Centre(ICT) မှ အကြံပေး Dr.Nicole Haeusler မှ ကက္ကူဒေသသို့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် (၅)ရက်တာ ကွင်းဆင်းကြည့်ရှုခြင်းမှ တွေ့ရှိချက်များ တင်ပြဆွေးနွေးပြီး ရှေ့လုပ်ငန်းစဉ်များကို တက်ရောက်လာသူများနှင့်အတူ ဝိုင်းဝန်းဆွေးနွေးခဲ့သည်။

International Trade Centre(ICT) မှ ကက္ကူဘုရားနှင့်ပတ်သက်သည့် အချက်အလက်စာစောင် များနှင့် လမ်းညွှန်သင်တန်းပေးခြင်း၊ စွန့်ပစ်အမှိုက်များ စနစ်တကျ စီမံခန့်ခွဲခြင်းသင်တန်း၊ ဧည့်လမ်းညွှန်သင်တန်း စသည့်သင်တန်းများအပြင် ကက္ကူဒေသအတွင်း လည်ပတ်ရာတွင် ဆောင်ရန်/ ရှောင်ရန်များ ဖော်ထုတ်ခြင်း၊ သတင်းအချက်အလက် ဝက်ဆိုဒ်၊ လက်ကမ်းစာစောင်များ၊ ကြေငြာစာများစသည့် ကဏ္ဍများတွင် ဖွံ့ဖြိုးတိုးတက်လာရန် ပံ့ပိုးခြင်းတို့ကိုဆောင်ရွက်ပေးမည်ဖြစ်ရာ ဒေသခံ ပြည်သူများ ပူးပေါင်းပါဝင်မှု အားကောင်းပါက ကက္ကူဒေသဝန်းကျင် ခရီးသွားလာရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာပြီး ဒေသခံများ၏ ဝင်ငွေတိုးတက်လာစေမည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာကာ ဆင်းရဲမှုလျော့ချရေးကို အထောက်အပံ့ဖြစ်စေရန် မျှော်လင့်ထားကြောင်း International Trade Centre(ICT) မှ အကြံပေး Dr.Nicole Haeuslerက ပြောကြားသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှူးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်၊ ကျောက်တလုံးကြီးမြို့အုပ်ချုပ်ရေးမှူး ဦးစောချမ်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လက်မှုလုပ်ငန်းရှင်များ၊ စက်လှေပိုင်ရှင်များ၊ ရိုးရာမုန့်လုပ်ငန်းရှင်များ၊ ကျေးရွာ ကော်မတီဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကက္ကူ ၊ နမ့်စဲစ် ဘုရားဂေါပကအဖွဲ့နှင့် ဖိတ်ကြားထားသည့် လုပ်ငန်းရှင်များတက်ရောက်ကြကြောင်း သိရှိရသည်။

ထက်ထက်
၀၉-၂၅၂၇၉၅၀၇၉
Powered by Blogger.