Friday, September 20, 2019

ဆုံးဖြတ်ချက်

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၀)ရက်


အဘယ်ကြောင့် ဆုံးဖြတ်ချက်ခိုင်မာရန် လိုအပ်သနည်း။
လူတို့သည် နေ့စဉ်ဘဝအလုပ်လုပ်ရာတွင် ဆုံးဖြတ်ချက်ဖြင့် အလုပ်လုပ်ကြသည်။ ဆုံးဖြတ်ချက်ချ ရာတွင် မှန်ကန်သော ဆုံးဖြတ်ချက်ချခြင်းသည် အလွန်အရေးကြီးပါသည်။ တစ်စုံတစ်ယောက်၏ ဆုံးဖြတ်ချက်ကြောင့် ကျွန်ုပ်တို့ကို ကောင်းကျိုးပြုနိုင်သကဲ့သို့ ဆိုးကျိုးများလည်း သက်ရောက်နိုင်ပါသည်။

သတ္တဝါတို့သည် ဆုံးဖြတ်ချက်ချရာတွင် ခိုင်မာရန်အတွက် အလွန်အရေးပါပါသည်။ ခိုင်မာမှန်ကန်သော ဆုံးဖြတ်ချက်ချရာတွင် တောင်များကဲ့သို့ မတုန်လှုပ်အောင် ကြံ့ခိုင်သောစိတ်ဓာတ်တည်ကြည်မှုသည် အလွန်အရေးကြီးပါသည်။ စိတ်ဓာတ်မကြံ့ခိုင်၊ မတည်ကြည်ပါက တစ်စုံတစ်ယောက်၏စကားကြောင့် ရေငွေ့ကဲ့သို့ အငွေ့ပြန်ကာ လေထဲ၌ပျောက်ကွယ်သွားတတ်သည်။ ထိုစိတ်ဓာတ်တည်ကြည်ရန်အတွက် သတိထားရန် အလွန်အရေးပါသည်။

မှားသည်မှန်သည် စောင့်ကြည့်မည့် သတိသည် အလွန်အရေးပါ၏။ သတိမရှိသည့်နောက်သည် မောဟလိုက်၏။ မောဟသည် ကိတ်မုန့်လို ချိုမြိန်နူးညံ့၏။ လူတစ်ယောက် မောဟဖြစ်သော အချိန်တွင် ကိုယ့်ကိုယ်ကို မောဟဖြစ်မှန်းသိပ်၍မသိကြချေ။ ထို့ကြောင့် မောဟမဖြစ်ရန်အတွက် သတိကြီးစွာ ထားရမည်ဖြစ်ပါသည်။ လူတစ်ယောက်သည် ကိုယ့်ကိုယ်ကို ဒေါသဖြစ်စေသော အလုပ်လုပ်ရာတွင်ဖြစ်စေ၊ စကား၌ဖြစ်စေသတိမထားဘဲ ဒေါသဖြင့် မမှန်မကန်ဆုံးဖြတ်သောအရာသည် ကိုယ့်ကိုယ်ကို ဘဝပျက်သည်အထိ ဒုက္ခပေးတတ်သည်။

မှန်ကန်သောဆုံးဖြတ်ချက်ချသည်လည်း အများအကျိုးဆောင်ခြင်းနှင့်တူပါသည်။ လူတော်တော် များများသည် ပရဟိတအဖွဲ့ဝင်မှသာလျှင် အများအကျိုးဆောင်သည်ဟုမြင်ကြသည်။ ပရဟိတအဖွဲ့ဝင်မှ အများကောင်းကျိုးဆောင်ခြင်းမဟုတ်ပါ။ ဥပမာ- လူတစ်ယောက်သည် မှန်ကန်သောဆုံးဖြတ်ချက်ချပြီး ကိုယ်တိုင်အကောင်ထည်ဖော်ကာ ကိုယ့်အတွက်အကျိုးရှိသကဲ့သို့၊ အများအကျိုးလည်းရှိခြင်းသည် အများအကျိုး ဆောင်ခြင်းဟူ၍လည်း ပြောဆိုနိုင်သည်။ လူအများကိုလည်းမထိခိုက် ကိုယ့်ကိုယ်လည်း မထိခိုက်ခြင်းသည်လည်း အများကောင်းကျိုးဆောင်ရွက်ခြင်းနှင့်အတူတူပင်ဖြစ်သည်။ ထို့ကြောင့် မှန်ကန်သော ဆုံးဖြတ်ချက်ချပြီး အကောင်အထည်ဖော်ရန်မှာ အလွန်အရေးပါပါသည်။

မှန်ကန်သောဆုံးဖြတ်ချက်ခိုင်မာရန်အတွက် ဝီရိယသည်လည်းလိုအပ်ပေသည်။ ဝီရိယအားထုတ် လျှင် အကောင်းနှင့်ကြုံတွေ့နိုင်သကဲ့သို့ အဆိုးနှင့်လည်းကြုံတွေ့နိုင်သေးသည်။ ဘယ်အခြေအနေကို ကြုံ တွေ့သည်ဖြစ်စေ ကြံ့ခိုင်သောစိတ်ဓာတ်ဖြင့် အားမလျော့ဘဲကြိုးကြိုးစားစားအားထုတ်ရမည်ဖြစ်သည်။ သာမာန်လူတော်တော်များများသည် ကိုယ်လုပ်ရမည်ဖြစ်သော အလုပ်တစ်ခုကို မှန်ကန်အောင်ဆုံးဖြတ်ချက်ချပြီး အခြားသောလူက(မင်းဒါမလုပ်နဲ့ ဒါလုပ်) ဟုပြောသောအခါ ကိုယ်လုပ်သင့်သောအလုပ်ကို လုပ်ရန်တွန့်တိုကြသည်။ ကိုယ်ချသောဆုံးဖြတ်ချက်မှန်ကန်ပါက အခြားသူသည် ကိုယ့်ကိုယ်စကား ပြောလာလျှင် စိတ်ထဲတွင်မထားဘဲ ကိုယ့်အလုပ်ကိုယ်လုပ်လျှင် ဆုံးဖြတ်ချက်ခိုင်မာလာလိမ့်မည်ဖြစ်သည်။ အကယ်၍ ကိုယ်မတော်တဆဆုံးဖြတ်ချက်မှားလျှင် သတိကြီးစွာထားပြီး စိတ်ပျက်လက်ပျက် ထိုင်မနေဘဲ (လဲကျလျှင်ပြထ) ဟူသော စကားပုံအတိုင်းမှား ယွင်းသောဆုံးဖြတ်ချက်ကို သင်ခန်းစာယူပြီး ပြန်၍ ပြင်ဆင်ရမည်ဖြစ်ပါသည်။

လောဘစိတ်၊ ဒေါသစိတ်နှင့် မောဟစိတ်စသည့် မကောင်းသောစိတ်ဖြင့် မမှန်မကန်ဆုံးဖြတ်သည့် ဆုံးဖြတ်ချက်များသည်လည်း အလွန်သတိထားစရာကောင်းသည့် အချက်ဖြစ်သည်။ လူသည် ထိုမကောင်း သောစိတ်ရှိလျှင် အတ္တဆန်သောဆုံးဖြတ်ချက်များကို ဆုံးဖြတ်လေ့ရှိသည်။ ထိုအတ္တဆန်သောစိတ်များ ကြောင့် မာနလည်း တစ်ဖြည်းဖြည်းကြီးလာသည်။ ထိုမာနကြောင့် အခြားသူများထံတွင် မလေ့လာမသင် ကြားဘဲ သူ့ကိုယ်သူ လူတတ်ကြီးထင်နေလေတော့သည်။ မလေ့လာမသင်ကြားသောကြောင့် သူသည် အသိဥာဏ်ကင်းမဲ့ပြီး သူလုပ်သမျှ မှန်သည်ဟု ထင်နေလေတော့သည်။

ကိုယ်ကိုတိုင် ဆုံးဖြတ်ချက်မချခင်တွင် အရင်တွေးပြီး ချသောအခါတွင်လည်း တစ်ပြိုင်နက်ထဲအသိ ဥာဏ်ဖြင့် ဆုံးဖြတ်ရမည်ဖြစ်သည်။ ဆုံးဖြတ်ချက်ချပြီးသောအခါတွင်လည်း ပြန်လည်သုံးသပ်ရန် လိုအပ်ပါ သည်။ ပြန်လည်သုံးသပ်ပြီးလျှင် မှားလျှင်ပြင်ပြီး မှန်ကန်ပါက ဆုံးဖြတ်ချက်ကိုခိုင်မာသည်ထက် ခိုင်မာလာအောင် ထိန်းသိမ်းရမည်ဖြစ်သည်။

ထို့ကြောင့် သတိကြီးစွာဖြင့် ဆုံးဖြတ်ချက်ကို နေ့စဉ်နေ့တိုင်း လူ့ဘဝအတွက် အလွန်အရေးကြီးသည်ဟု စိတ်ထဲတွင် မြဲမြဲမှတ်ထားကာ မှန်ကန်သောဆုံးဖြတ်ချက်များဖြင့် အလုပ်လုပ်ပြီး ထိုမှန်ကန်သော ဆုံးဖြတ်ချက်များကို ကျွန်ုပ်တို့ မပျောက်ကွယ်သွားအောင် ထိန်းသိမ်းပြီး မှန်ကန်သောအလုပ်ကို ကျွန်ုပ်တို့ကိုယ်တိုင် လုပ်ရမည်ဖြစ်ပြီးနေ့စဉ်ဘဝတွင် တိုးတက်သည်ထက်တိုးတက်အောင် နေထိုင်ဖို့ရန်အတွက် ခိုင်မာမှန်ကန်သော ဆုံးဖြတ်ချက်များကို ကျွန်ုပ်တို့ကိုယ်တိုင်အသိဥာဏ်ဖြင့်ဆုံးဖြတ်ရမည်ဖြစ်ပါသည်။

ခွန်သိန်းခွန်
Powered by Blogger.