Tuesday, October 1, 2019

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လုပ်ငန်းခွင်အကြိုဆရာအတတ်ပညာ ဒီပလိုမာအထူးသင်တန်း အပတ်စဉ်(၃) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်










၂၀၁၉-ခုနှစ်၊ အောက်တိုဘာလ(၁)ရက်၊ နံနက်(၁၀)နာရီအချိန်တွင် တောင်ကြီးမြို့ရှိ၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လုပ်ငန်းခွင်အကြိုဆရာအတတ်ပညာဒီပလိုမာအထူးသင်တန်းကျောင်းတွင် အပတ်စဉ်(၃) DTEd (၂၂/၁၇) ၏ သင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဖြားခွန်စံလွင်က အဖွင့်အမှာစကားပြောကြားပြီး တောင်ကြီးပညာရေးကောလိပ် ဒုတိယကျောင်းအုပ်ကြီး ဒေါ်မြတ်မြတ်ဝေ၊ ရှမ်းပြည်နယ်၊ ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး ဦးဝင်းမောင်တို့ကလည်း အမှာစကားများ အသီးသီး ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ထူးချွန်သည့် သင်တန်းသူ/သားများအား ဆုများချီးမြှင့်ခြင်း၊ သင်တန်းသူ/သားများကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခြင်း၊ သင်တန်းသူ/သားများမှ ဖျော်ဖြေရေးအကများဖြင့် ဖျော်ဖြေခြင်း အစီအစဉ်များ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွှေတောင်ကုမ္ပဏီမှ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လုပ်ငန်းခွင်အကြိုဆရာအတတ်ပညာဒီပလိုမာ အထူးသင်တန်းကျောင်းအတွက် လိုအပ်လျက်ရှိသော သင်ထောက်ကူပစ္စည်းများကို ပံ့ပိုးကူညီသွားမည်ဖြစ်ပြီး ၁၃၂×၃၀ ပေရှိ RC နှစ်ထပ်ကျောင်းဆောင်ကိုလည်း ဆောက်လုပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့်ဆက်စပ်ဒေသအတွင်းရှိ ကျေးလက်နှင့်မြို့ပြအခြေခံပညာကျောင်းများတွင် တိုင်းခြား/နယ်ခြားမှ လာရောက်တာဝန်ထမ်းဆောင်သည့် ဆရာ/ဆရာမများမှာ တာဝန်ထမ်း ဆောင်ပြီးလျှင် မိမိတို့ ဇာတိမြို့များသို့ ပြန်လည်ပြောင်းရွှေ့ကြသည့်အတွက် နှစ်စဉ်လိုအပ်လျက်ရှိသော ဆရာ/ ဆရာမများ ဖြည့်ဆည်းနိုင်စေရန်နှင့် မျိုးဆက်သစ်လူငယ်များ၏ ပညာရေးအဆင့်အတန်း ပိုမိုမြင့်မားစေရန် ရည်ရွယ်၍ ပြည်ထောင်စုအစိုးရ၊ ရှမ်းပြည်နယ်အစိုးရ တို့နှင့်ပူးပေါင်းကာ ၂၀၁၆-ခုနှစ်၊ ဇန်နဝါရီလမှစတင်ကာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ ဒီပလိုမာအထူးသင်တန်းကျောင်းကို ဖွင့်လှစ်ခဲ့ပြီး အပတ်စဉ်(၁)မှ (၄)အထိ သင်တန်းသားပေါင်း (၄၅၂)ဦးရှိပြီး လုပ်ငန်းခွင် ဝင်ရောက်ထမ်းဆောင်သူ (၂၁၁)ဦး၊ BEd အဆင့် တက်ရောက်သူ(၁၀)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

သင်တန်းအပတ်စဉ်(၁)နှင့် (၂)တွင် ဟိုပုံး၊ ပင်လောင်း၊ ဆီဆိုင်နှင့် ဆက်စပ်မြို့နယ်များဖြစ်သည့် တောင်ကြီး၊ ညောင်ရွှေ၊ ပင်းတယ၊ ရပ်စောက်၊ ကလော၊ ကယားပြည်နယ်မှ လွိုင်ကော်၊ ဘော်လခဲ၊ ဖါးဆောင်းမြို့နယ်များမှ သင်တန်းသား/သူများ တက်ရောက်ကြပြီး အပတ်စဉ်(၃)နှင့်(၄)တို့မှာ ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်း (၃)မြို့နယ်မှ သင်တန်းသား/သူများ တက်ရောက်ကြကြောင်း သိရသည်။

ယနေ့အခမ်းအနားသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြားခွန်သိန်းဖေ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြားခွန်သန်းထူး၊ ခွန်အောင်ကျော် နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ရွှေတောင်ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ လူမှုအဖွဲ့အစည်းများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခွန်ဓဇ
Powered by Blogger.