Friday, November 1, 2019

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ (၃)မြို့နယ်ထဲမကပဲ တခြားဆက်စပ်မြို့နယ်များတွင်ပါ ဖွံ့ဖြိုးရေးလုပ်ငန်းများကို တတ်နိုင်သလောက် လုပ်ဆောင်နေကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ပါတီဥက္ကဋ္ဌ ဖြားခွန်စံလွင် ပြောကြား

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်



 





၂၀၁၉-ခုနှစ်၊ နိုဝင်ဘာ(၁)ရက်၊ နံနက်(၁၀)နာရီခွဲအချိန်တွင် ရပ်စောက်မြို့နယ်၊ ပအိုဝ်းအမျိုးသား ဘက်စုံဖွံ့ဖြိုးရေးရုံး၌ ရပ်စောက်မြို့နယ်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ၊ လူငယ်များတွေ့ဆုံပွဲတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ ဗဟိုဥက္ကဋ္ဌ ဖြားခွန်စံလွင်က မိမိတို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်အနေဖြင့်
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ (၃)မြို့နယ်ဖြစ်သည့် ပင်လောင်း၊ ဆီဆိုင်၊ ဟိုပုံးတို့သာမက တခြားဆက်စပ်မြို့ နယ်များတွင်လည်း ဖွံ့ဖြိုးရေးလုပ်ငန်းများကို တတ်နိုင်သလောက် လုပ်ဆောင်နေကြောင်း ပြောကြားခဲ့ပါသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီသည် အမျိုးသားနိုင်ငံရေးပါတီဖြစ်ပြီး တိုင်းပြည်တည်ဆောက်ရာတွင် ပါဝင်လုပ်ဆောင်နိုင်ရန်အတွက် ၂၀၁၀-ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ ပါတီအနေဖြင့် (၉)နှစ်သက်တမ်းသို့ ရောက်ရှိလာပြီဖြစ်ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်အနေဖြင့် မည်သူ့ကိုမှ ရန်သူလို သဘောမထား၊ မည်သူ့ကိုမဆို မိတ်ဆွေအနေဖြင့်သာ သဘောထားမှတ်ယူပါကြောင်း၊  ယခုခေတ်သည် လူတစ်ယောက်တည်း လုပ်ဆောင်ရသည့် ခေတ်မဟုတ်၊ အများစုပေါင်း လုပ်ဆောင်ရသည့် ခေတ်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းများကို မိမိအနေဖြင့် ပြည်တွင်း/ပြည်ပ တတ်သိပညာရှင်များနှင့်ပူးပေါင်းကာ သုတေသနပြုလုပ်ပြီး စနစ်တစ်ကျ စီမံချက်ရေးဆွဲကာ လုပ်ဆောင်နေပါကြောင်း၊ ရပ်စောက်မြို့နယ် တာဝန်ရှိသူများအနေဖြင့် ကိုယ့်ဒေသ လိုအပ်ချက်များကို ကွင်းဆင်းပြုစုပြီး ပညာရေး၊ ဖွံ့ဖြိုးရေး၊ စီးပွားရေး၊ လူငယ်အခြေနေများ၏ ပကတိအခြေနေများကို သိရှိပြီး မည်သူနှင့် ပူးပေါင်းလုပ်ဆောင်ရမည်ကို သိရှိဖို့ လိုအပ်ကြောင်း၊ ပအိုဝ်းအမျိုးသားများအနေဖြင့် အားငယ်သေးသိမ်နေသည့် စိတ်ဓာတ်များကို မမွေးမြူပဲ ရှင်သန်တက်ကြွသည့် စိတ်ဓာတ်မျိုး မွေးမြူရန်လိုအပ်ကြောင်း၊ ပညာတတ်လူငယ်များအနေဖြင့် အစိုးရဌာနဆိုင်ရာများတွင် တာဝန်ထမ်းဆောင်ဖို့ လိုအပ်ကြောင်း၊ နောင်တစ်ချိန် ကိုယ့်ကိုယ်ကို ရပ်တည်နိုင်သည့် လူမျိုးဖြစ်အောင် ကြိုးစားရမှာဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ဖြားခွန်စံလွင်က ပြောကြားသည်။

ဆက်လက်ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ ဗဟိုအတွင်းရေးမှူးချုပ် ဖြားခွန်သိန်းဖေက “ ပအိုဝ်းလူမျိုး လူဦးရေအနေနဲ့ ကြည့်မယ်ဆိုရင် (၁)သန်းကျော်ရှိတယ်၊ တစ်နိုင်ငံလုံး လူဦးရေအများဆုံးရှိတဲ့ လူမျိုးတွေထဲမှာ ပအိုဝ်းက အဆင့်(၇)ရှိတယ်၊ တစ်ချို့က အဆင့်(၆)လောက်ရှိတယ်လို့ ပြောကြတယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်မှာရှိတဲ့ လူဦးရေက ပအိုဝ်းလူမျိုးနဲ့ယှဉ်ရင် နည်းပါးတယ်၊ ဒီတော့ ပအိုဝ်းလူမျိုးနဲ့ ထိုက်တန်တဲ့ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်တွေ ရှိနေပြီလား၊ ပအိုဝ်းတွေအနေနဲ့ စဉ်းစားသင့်တယ်၊ ဒီဟာကို သိပြီးတော့ ပအိုဝ်းခေါင်းဆောင်တွေအဆက်ဆက်က ပအိုဝ်းလူကြီးများအနေနဲ့ မိမိနဲ့ ထိုက်တန်တဲ့ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့် ရရှိအောင် လက်နက်ကိုင်ပြီး လုပ်ဆောင်တယ်၊ သံခင်း တမန်ခင်းနဲ့ တောင်းယူတယ်၊ ဒါပေမယ့် မရဘူး၊ တိုက်လို့လည်း မရ၊ တောင်းလို့လည်း မရ၊ ဒီတော့ ဖြားဗွာလှဖေ ချမှတ်ထားသည့် လမ်းစဉ်အတိုင်း တည်ဆောက်ရယူရမှာဖြစ်တယ်၊ မိမိရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်ရရှိအောင် တည်ဆောက်ရယူရမှာဖြစ်တယ်၊ ရပ်စောက်မြို့နယ်ထဲမှာလည်း ပအိုဝ်းစာ/ယဉ်အဖွဲ့၊ ပါတီ စတဲ့ အဖွဲ့အစည်း အသီးသီးရှိကြတယ်၊  ကိုယ့်ဒေသ ဖွံ့ဖြိုးတိုးတက်ရန်မှာ မိမိမှာသာ တာဝန်အရှိဆုံးဖြစ်တယ်၊ လူငယ်များအနေဖြင့်လည်း အဖွဲ့အစည်းအသီးသီးမှာ ပါဝင်ထမ်းဆောင်ဖို့ လိုအပ်တယ်၊ အုပ်ချုပ်ရေးကဏ္ဍ (ခမ်း၊နယ်ႏ၊ အွိုင်း)၊ ပါတီ၊ စာ/ယဉ်၊ တပ်မတော်စတဲ့ အဖွဲ့အစည်းအသီးသီးမှာ ဘွဲ့ရ ပညာတတ်လူငယ်တွေ ပါဝင်ဖို့ လိုအပ်တယ်၊ ဒီလိုပါဝင်နိုင်အောင် လူငယ်များ တစ်ဦးချင်းစွမ်းရည်ရှိလာအောင် ကြိုးစားဖို့ လိုအပ်တယ်၊ ကိုယ်ဝါသနာပါရာ လုပ်နိုင်အောင် ပြင်ဆင်ထားဖို့ လိုအပ်တယ်၊ ၂၀၁၅-ရွေးကောက်ပွဲမှာ (PYN)အဖွဲ့ထဲက ခွန်အောင်ကျော်နှင့် ခွန်စောအောင် တို့နှစ်ယောက်ကို ပါဝင်ယှဉ်ပြိုင်စေခဲ့တယ် “ ဟု ပြောကြားသည်။

တွေ့ဆုံပွဲတွင် ပအိုဝ်းလူငယ်ကွန်ယက်(PYN)ဥက္ကဋ္ဌဖြစ်သည့် ခွန်အောင်ကျော် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)လည်း ပြည်သူ့လွှတ်တော်တွင် ၎င်းတာဝန်ထမ်းဆောင်နေသည့် ကိစ္စရပ်များကိုလည်းကောင်း၊ ဒီမိုကရေစီခေတ်ဖြစ်သည့်အတွက် စီးပွားရေး၊ ပါတီ၊ လူငယ် စသည့် အဖွဲ့အစည်းများ များစွာပေါ်ပေါက်နေသဖြင့် လူငယ်များမှာ မိမိဆင်ခြင်စဉ်းစားဉာဏ်ဖြင့် နေကြဖို့ လိုအပ်ကြောင်း၊ မည်သည့်ခရီး မည်သို့ရောက်အောင် စွမ်းဆောင်နိုင်မည်ဆိုသည်ကို ချင့်ချိန်စဉ်းစားတွေးတောတတ်ဖို့ လိုအပ်ကြောင်း၊ (PYN)လူငယ်များ ရှင်သန်နိုင်စေဖို့ မြို့နယ်လူကြီးများအနေဖြင့် လက်တွဲကူဖို့ လိုအပ်ကြောင်းများကိုလည်း ပြောကြားသည်။

တွေ့ဆုံပွဲတွင် တက်ရောက်လာသည့် ရပ်စောက်မြို့နယ် လူငယ်များမှ မေးမြန်းသည့် မေးခွန်များကိုလည်း တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

ခွန်ဓဇ

Powered by Blogger.