Monday, December 18, 2017

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၊ သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီး၏ သီရိမင်္ဂလာဗိမာန်တော်ကြီး တည်ဆောက်နိုင်ရန် တတိယအကြိမ် အလှူတော်ငွေပေးအပ်ခြင်း လှူဒါန်းပွဲနှင့် ဂုဏ်ပြုလွှာပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်










၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၁၈)ရက်၊ နံနက် ၉:၃၀ အချိန်တွင် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ သီရိမင်္ဂလာဗိမာန်တော်ကြီးအဆောက်အအုံတွင် သီရိမင်္ဂလာဗိမာန်တော်ကြီး တည်ဆောက်နိုင်ရေးအတွက် တတိယအကြိမ်အလှူတော်ငွေ ပေးအပ်လှူဒါန်းပွဲနှင့် ဂုဏ်ပြုလွှာ ပေးအပ်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

ပထမဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုကြပြီး အခမ်းအနားကြွရောက်လာသည့် အလှူရှင်များက သံဃာတော်အရှင်မြတ်ထံငါးပါးသီလခံယူကာ သံဃာတော်များမှ သီလပေးခြင်းနှင့် ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းတို့ဖြင့် အခမ်းအနားကို စတင်ခဲ့ပါသည်။ ထို့နောက် သီရိဗိမာန်တော်ကြီး တည်ဆောက်နိုင်ရေးအတွက် အနယ်နယ်အရပ်ရပ်မှ အလှူရှင်များက အလှူတော်ငွေများလှူဒါန်းပေးအပ်ကာ အဆိုပါအလှူတော်ငွေများကို ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဌ ဖြားခွန်စံလွင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေ နှင့် အခြားသောဌာနဆိုင်ရာအကြီးအကဲတို့မှ အလှူတော်ငွေများကို လက်ခံပေးပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။

ဗိမာန်တော်တည်ဆောက်နိုင်ရေးအတွက် လက်ခံရရှိသည့်အလှူငွေ၊ သုံးစွဲငွေ၊ လက်ကျန်ငွေများနှင့် ပတ်သက်ပြီး ပထမနှင့်ဒုတိယအကြိမ်အလှူရှင်များ လှူဒါန်းခဲ့သော အလှူငွေစုစုပေါင်းမှာ ကျပ်သိန်းပေါင်း (၁၃၆,၁၆၅,၈၃၀)သိန်းလက်ခံရရှိပြီး ယခုတတိယအကြိမ်မှာ အလှူရှင်များထံမှ စုစုပေါင်းကျပ်ငွေ (၁၉၂,၀၈၀,၆၁၂)သိန်း လက်ခံရရှိကြောင်း ဗိမာန်တည်ဆောက်ရေးကော်မတီ ဦးစိုင်းလှမောင် မှ ဆက်လက်ရှင်းလင်းတင်ပြခဲ့ပါသည်။

ဆက်လက်၍ အခမ်းအနား သို့ကြွရောက်လာကြသော သက်ဆိုင်ရာအလှူရှင်များနှင့် ဌာနဆိုင်ရာအကြီးအကဲများက သံဃာတော်များကိုရှိခိုးကန်တော့ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေပြီး ဗုဒ္ဓ သာသနံ စီရံတိဌတု (၃)ကြိမ်ရွတ်ဆိုဆုတောင်ပြီး အလှူတော်ငွေမင်္ဂလာ အခမ်းအနား ကို ရုပ်သိမ်းခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ ဖြားခွန်စံလွင်နှင့် အဖွဲ့ဝင်များ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြားခွန်သိန်းဖေ၊ ဟိုပုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးနန်းတင့်နှင့် အဖွဲ့ဝင်များ၊ အခြားသောဌာနဆိုင်ရာအကြီးအကဲများနှင့် သက်ဆိုင်ရာအလှူရှင်များစုစုပေါင်း (၂၀၀)ဦး ခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
 
ခွန်စနေအောင်

Powered by Blogger.