Sunday, December 17, 2017

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေ ဆတ်သေဒေသရှိ ဒေသခံ ပြည်သူများနှင့်တွေ့ဆုံ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၁၇) ရက်





၂၀၁၇၊ ဒီဇင်ဘာ(၁၇)ရက်နေ့တွင် ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု၊ ဆတ်သေဘုန်းတော်ကြီးကျာင်းတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေနှင့် တာဝန်ရှိပုဂ္ဂိုလ်များက ဒေသခံပြည်သူများအား လာရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။ ထိုသို့ တွေ့ဆုံရာတွင် ဦးစွာပထမ ဆတ်သေကျောင်းဆရာတော်ထံ သရဏဂုဏ်သုံးပါးနှင့်တကွ ငါးပါးသီလ ခံယူကာ ဆရာတော်မှ ယခုကဲ့သို့ တာဝန်ရှိ ပုဂ္ဂိုလ်များ လာရောက်ခဲ့သည့်အတွက် ၀မ်းမြောက်ဝမ်းသာဖြစ်မိပါကြောင်း၊ အလုပ်တခု လုပ်ပြီဆိုရင် အကျိုး ရှိ/မရှိ ဆင်ခြင်စဉ်းစားသုံးသပ်ဖို့ လိုအပ်ကြောင်း၊ ဒေသရှိ ပြည်သူများအနေဖြင့် မူးယစ်ဆေးဝါးကိစ္စရပ်များနှင့်ပတ်သက်၍ အချင်းချင်း သွန်သင်ဆုံးမမှု မရပါက အာဏာစက်ဖြင့် တားမြစ်ဖို့ လိုအပ်နေကြောင်းကို မိန့်ကြားခဲ့ကြောင်း သိရသည်။

အမျိုးသားလွှတ်တော်ဖြားခွန်သိန်ဖေက ဒီနေ့ခေတ်သည် ဒီမိုကရေစီခေတ်ဖြစ်သည့်အတွက် မိမိရပ်ရွာ မိမိဒေသ ဖွံ့ဖြိုးတိုးတက်လိုလျှင် ရပ်ရွာရှိ ပြည်သူများက အရေးကြီးကြောင်း၊ မိမိဒေသ လိုအပ်ချက်များကို သက်ဆိုင်ရာ ကျေးရွာအုပ်စု၊ မြို့နယ်၊ ခရိုင်၊ ပြည်နယ်အစိုးရဌာနများနှင့် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များထံသို့ တင်ပြဖို့ လိုအပ်ကြောင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ဗဟိုဌာနချုပ်ရုံးသို့လည်း မိမိတင်ပြလိုသည့် အချက်များကို ပေးပို့နိုင်ပါကြောင်း၊ ပအိုဝ်းနိုင်ငံရေးသည် တည်ဆောက်ရေးပင်ဖြစ်ကြောင်း၊ ကိုယ့်ဒေသဖွံ့ဖြိုးတိုးတက်ဖို့ တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ လူထုအင်အားကောင်းလာအောင်၊ ပညာတတ်ပေါများလာအောင် လုပ်ဆောင်ရမှာဖြစ်ပါကြောင်း၊ ဆတ်သေဒေသတွင် အိမ်ခြေပေါင်း(၁၀၀၀) ကျော်ရှိသည့်အတွက် နောင်တချိန်တွင် မြို့ဖြစ်လာမည်ဖြစ်ရာ မြို့နှင့်လျော်ညီသော အင်္ဂါရပ်များ အဆင်သင့်ဖြစ်လာအောင် ကြိုးစားလုပ်ဆောင်ကြဖို့ လိုအပ်ကြောင်း၊ အားကစားကွင်းစသည့် မြေနေရာများကို အစီစဉ်ဆွဲကာ လုပ်ဆောင်ထားဖို့ လိုအပ်ကြောင်း၊ ပြည်ထောင်စုလွှတ်တော်တွင် လုပ်ဆောင်နေသည့် အကြောင်းအရာများ၊ လက်ရှိစီးပွားရေး အခြေနေများ၊ ၁၉၉၁-ခုနှစ်မှစ၍ လက်ရှိလုပ်ဆောင်နေသည့် ဖွံ့ဖြိုးရေးလုပ်ငန်းအကြောင်းများကိုလည်း ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) အတွင်းရေးမှူး(၂) ဖြားခွန်ထွန်းရွှေ၊ အတွင်းရေးမှူး(၄) ဖြားခွန်ကိုး၊ ရပ်စောက်မြို့နယ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဥက္ကဋ္ဌ ဖြားခွန်စံသိန်း၊ ရပ်စောက်မြို့နယ်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ရုံးတာဝန်ခံ ခွန်သန်းမောင်တို့မှ လက်ရှိတည်ဆောက်ပြီးနေသည့် ရပ်စောက်မြို့နယ် ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ ရုံးအဆောက်အဦးနှင့်ပတ်သက်သည့် အကြောင်းအရာများ ပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက် ဒေသခံပြည်သူလူထုမှ ပင်ဖြစ်-ဆတ်သေလမ်းပိုင်းနှင့် ရေ၊ မီးကိစ္စရပ်များ၊ မြေမဲ အလကကျောင်း(ခွဲ)မှ အလက(ပတ်ကား)သို့ မည်သို့ တိုးမြှင့်နိုင်ရန်ကိုလည်း တက်ရောက် ဆွေးနွေးမေးမြန်းခဲ့ကြကြောင်း သိရသည်။ ထိုတွေ့ဆုံပွဲသို့ ဒေသခံ ပြည်သူလူထု (၃၀၀)နီးပါး တက်ရောက်ကြကြောင်း သိရသည်။

ခွန်ရာဇာဓိပတိ
Powered by Blogger.