Wednesday, June 19, 2019

အချိန်နှင့်ဒီရေသည်လူကိုမစောင့်

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၀)ရက်


လောကတွင်သဘာဝဖြစ်စဉ်ကြီးရှိသည်။ သဘာဝဖြစ်စဉ်အတွင်းမှ မည်သူမျှမကျော်လွှားနိုင်ပေ။ သဘာဝ တရားကြီးသည်သူ့သဘော သူဆောင်၍ မရပ်မနားလည်ပတ်နေသည်။ ထိုသို့မရပ်မနား လည်ပတ်နေသော နိယာမတရားများအောက်တွင် လူသားသည် ကျင်လည်ရုန်းကန်နေရပေသည်။

ကမ္ဘာလောကကြီးအား နေနှင့်လတို့ဝန်းရံလျက် နေ့နှင့်ညကို ဖြစ်စေသည်။ ထိုနေ့နှင့်ညအချိန်ကာလများမှ သီတင်းပတ် (လ၊နှစ်)များဖြစ်၍ ရာသီစက်ဝန်းသည် လည်ပတ်နေရပေသည်။ ပန်းများပွင့်၍ လည်းကောင်း၊ နွေမိုးဆောင်းပြောင်း၍လည်းကောင်း၊ ရာသီစက်ဝန်းသည်လည်ပတ်ရပေသည်။ ထိုအချိန်ကာလစက္ကန့်၊ မိနစ်၊ နာရီ၊ ရာသီများသည် ဘ၀၏ခရီးတာအချိန်အခါဖြစ်သည်။

မြစ်၊ ချောင်း၊ အင်းအိုင်၊ ရေပြင်သမုဒ္ဒရာတို့သည် မပြတ်သောအလျှင်ဖြင့် စီးဆင်းနေကြသည်။ လရောင်၏ဆွဲအားကြောင့် သမုဒ္ဒရာရေမြင့်တက်ခြင်း၊ ကျခြင်းဖြစ်ပေါ်လာရပေသည်။ သမုဒ္ဒရာရေပြင်တက် ခြင်း၊ ကျခြင်းပေါ်မူတည်၍ မြစ်ချောင်းဒီရေတက်ခြင်း၊ ကျခြင်းဖြစ်ပေါ်လာရပေသည်။ ထိုသဘာဝယန္တရားတို့ ကို အမှီပြု၍ ဖြစ်ပေါ်လာသော ဒီရေတောများသည် လူတို့အား စောင့်ဆိုင်း၍နေမည်မဟုတ်ပေ။ ထို့ကြောင့် လူသားတို့၏ မှတ်သားတွေ့ကြုံမှုအပေါ်မူတည်ကာ ဆိုရိုးစကားတစ်ခုဖြစ်ပေါ်လာရပေသည်။ “အချိန်နှင့်ဒီ ရေသည်လူကိုမစောင့်” ဟူသောဆိုရိုးစကားဖြစ်ပေသည်။
         
လူတို့၏ သဘာဝတွင် ဆောင်ရွက်ရန်ကိစ္စများလှပေသည်။ “ ကိစ္စများမြောင် လူတို့ဘောင်” ဟုမှတ်သားကြပြန်သည်။ များပြားလှသော ဆောင်ရွက်ဖွယ်များကို လူသားသည် အချိန်မီ၊ အခါမီဖြည့်ဆည်းတာဝန် ထမ်းဆောင်ရသည်။ “ လွတ်သောငါး၊ ကြီး၍မရ” ဟူသကဲ့သို့ အချိန်မီ မဆောင်ရွက်နိုင်ပါက အကျိုးမဲ့ဆုံးရှုံးနိုင်သည်။ ပညာရှာရမည့်အချိန်၊ ဥစ္စာရှာရမည့်အချိန်၊ တရားရှာရမည့် အချိန်ဟူ၍ ကာလသဘာဝကို သုံးပိုင်းပိုင်းထားပေသည်။ ငယ်စဉ်အချိန်ပညာရှာရမည်။ ငယ်ရွယ်စဉ် ဉာဏ်တက်ချိန်၌ ပညာမရှာမှီးက အချိန်အရွယ်လွန်မြောက်သွားသည်။ “မိုးလွန်မှထွန်ချ” ဆိုသကဲ့သို့ လွန်မြောက်သွားမှလုပ်ဆောင်၍ မဖြစ်နိုင်ချေ။ “ ပညာရဲရင့်ပွဲလယ်တင့်” ဟူသောစကားအတိုင်း ပညာရှာမှီးမှသာ လူအများအလယ်၌ တင့်တယ်ပေမည်။ သို့မှသာ စီးပွားဥစ္စာရှာချိန်ဝယ် ထိုက်ထိုက်တန်တန် ရှာဖွေနိုင်ပေမည်။ ဒုတိယအရွယ် ဥစ္စာရှာချိန်၌လည်း ဥစ္စာကိုကောင်းမွန်စွာ သိုမှီး သိမ်းဆည်း နိုင်ပေမည်။

“ ခြကိုပုံပြု၊ ပျားကိုတုလော့” ဟူသောစကားအတိုင်း ခြငယ်၊ ပျားငယ်များကဲ့သို့ စီးပွားရှာရပေမည်။ ပျားသတ္တ၀ါများသည် အကောင်ငယ်သော်လည်း ဇွဲ၊ လုံ့လအပြည့်ဖြင့် ပန်းတကာကြား လူးလာခေါက်တုန့် ပြုလျက် မနားတမ်း ပန်းဝတ်ရည်စုပ်ယူကာ ဘ၀ပြည့်စုံရေးကို သိုမှီးကြပေသည်။ စီးပွားဥစ္စာပြည့်စုံမှသာ လူ့ လောကအလယ်တင့်တယ်နိုင်ပေမည်။ ဥစ္စာစီးပွားသည် လူ့လောက၏တန်ခိုးပင်ဖြစ်သည်။

ပညာမလုံလောက်ပါက သိသင့်သိအပ်သော တရားထူး တရားမြတ်များကို သိရှိခွင့်ရမည်မဟုတ်ပေ။ တရားရှာဖွေသောအခါ၌လည်း မရေမရာဖြစ်တတ်သည်။ ထို့အတူ ကျောင်းသားလူငယ်တို့သည် ငယ်ရွယ်စဉ် ပညာကို အပတ်တကုတ်ကြိုးစား သင်ယူခြင်းဖြင့် ပထမအရွယ်ကို အပြည့်အ၀အသုံးချသင့်သည်။ သို့မှ တိုင်းပြည်၏ အားထားရသော သားကောင်းရတနာ၊ သမီးကောင်းရတနာများဖြစ်လျှက် လူ့အဖိုးတန်များ ဖြစ်လာကြပေမည်။ အချိန်သည်သုံးလူအတွက် ရွှေအတိဖြစ်၍ အဖိုးတန်လှပေမည်။

ထို့ကြောင့် “ အချိန်သည်ဘ၀ဖြစ်သည်” ဟူသောဆိုရိုးအတိုင်း အချိန်ကိုဖြုန်းတီးခြင်းသည်ဘ၀ကို ဖြုန်းတီးခြင်းဟုသဘောပေါက်လျှက် စိန်စီထားသောစက္ကန့်တိုင်းကို ကောင်းမွန်စွာသုံးနိုင်ကြပါစေဟုဆုတောင်းရင်း ရေးသားတင်ပြလိုက်ရပါသည်။

ခွန်ကျော်သန်း မျင့်မိုရ်ဟေ့
Powered by Blogger.