ကျောင်းသားဆိုသည်မှာပထမအရွယ်နုနယ်ချိန်၌ပညာဆည်းပူးပန်းသို့ခူးနေသောနိုင်ငံ၏ ရင်သွေးရင်နှစ်များ ဖြစ်ကြလေသည်။ အားကစားဆိုသည်ကားလူသားတို့၏ ဘ၀ကို စွမ်းမြောက်စေရန်၊ ထွန်းပေါက်စေရန် အထိရောက်ဆုံးအကူအညီပေးနိုင်သည့် ကိုယ်လက်လှုပ်ရှားမှုပင်ဖြစ်သည်။ ထို့ကြောင့် ပညာနှင့်တည်ဆောက်မည့်ဘ၀အတွက် အားကစားကိုထပ်လောင်းပေါင်းထည့်ခြင်းဖြင့် ကျောင်းသားလူငယ်တို့၏ အနာဂတ်ကိုပိုမိုလှပတင့်တယ်အောင် ဖန်းတီးရမည်ဖြစ်ပါသည်။ ကျောင်းသားနှင့်အားကစားကားခွဲခြား၍ မရကောင်းသောအရာတည်း။
ပညာသင်ကြားရေးစနစ်သည် ကမ္ဘာနှင့်အ၀ှမ်း တစ်စနှင့်တစ်စတိုးတက်လာသည်နှင့်အညီကျောင်းသားနှင့် အားကစားသည်လည်းပိုမို၍ယှဉ်တွဲပေါင်းစည်းမိကြတော့သည်။ အားကစားသည် ကျောင်းသားဘ၀တွင် အားထားသင့်သောအရေးပါသည့် ကဏ္ဍတစ်ရပ်ဖြစ်ကြောင်းစာသင်ကျောင်းတိုင်းတွင် လက်ခံလာကြသည်။ ကိုယ်လက်လှုပ်ရှားအားကစားခြင်းသည် စာသင်သားတို့၏ အသိဥာဏ်ကိုပိုမိုဖွံ့ဖြိုးစေရန် အထောက်အကူပေးရုံသာမကကျန်းမာကြံ့ခိုင်ခြင်းကိုပါ ပေးနိုင်ကြောင်းဖရားဗယ်နှင့် မွန်တက် ဆိုးရီးဟူသောကလေးများ၏ဖွံ့ဖြိုးရေးပညာရှင်နှစ်ဦးကဆိုခဲ့သည်။
လူသားတို့၏ ဘ၀တွင် ကျန်းမာစွာနေထိုင်ရေးသည် အရေးကြီးဆုံးသောအခြေခံလိုအပ်ချက် ကြီးပင်ဖြစ်သည်။ အာရောဂျံပရမံအာဘံဟု မြတ်စွာဘုရားကိုယ်တော်တိုင်ကဟော်ကြားတော်မူခဲ့ရာကျန်းမာခြင်းသည် ဘ၀တွင် အကောင်းဆုံးသောလာဘ်ကြီးတစ်ပါးပင်ဖြစ်ပြီးထိုကျန်းမာခြင်းသည်အားကစားကဖွဲ့စည်းဖန်းတီးပေးသည့် လက်ဆောင်မွန်တစ်ခုလည်း ဖြစ်ပါသည်။ ကျန်းမာသော ခန္ဒာကိုယ်၌သာတက်ကြွရွင်လန်းသော စိတ်ဓါတ်ကိန်းဝပ်မည်ဖြစ်သည်။ “ကိုယ်ကျန်းမာမှ စိတ်ရွင်” ဟုလည်းဆိုကြပေရာကျန်းမာခြင်းသည် ပညာရှာဖွေခြင်း၏ ပင်မအရင်းအမြစ်ဖြစ်ကြောင်းထင်ရှားလှပါတော့သည်။
ရွင်လန်းသောစိတ်နှင့် ထက်မြက်သောဦးနှောက်တို့ရှိမှသာသင်ခန်းစာများကိုအလွယ်တကူမှတ်သားလေ့ကျင့်နိုင်ပေလိမ့်မည်။ဗလငါးတန်တွင် ဥာဏဗလသည် အရေးကြီးသော်လည်းဤဥာဏဗလဖွံ့ဖြိုးစေရန်အတွက် ကာယဗလသာအကူအညီပေးရပေသည်။ အစကောင်းမှ အနှောင်းသေချာဆိုသည့်အတိုင်း ကျောင်းသားဘ၀တွင် အခြေခိုင်ခဲ့မှသာနောင်တစ်ချိန်တွင် တိုင်းပြည်အတွက် အသုံးဝင်သောပညာရှင်တစ်ဦးဖြစ်နိုင်ပါသည်။ သစ်ကောင်း၊ ၀ါးကောင်းနှင့် ဆောက်မှသာအိမ်ကောင်းကို ရရှိနိုင်ပေ၏။ အုတ်ကောင်း၊ အင်္ဂတေကောင်းနှင့် ဆောက်မှသာတိုက်ကောင်းကိုရနိုင်၏။ လှပကောင်းမွန်ထက်မြက်သောဘ၀တစ်ခုကို ရရှိနိုင်ရန်မှာလည်း ကောင်းသောကျန်းမာခြင်းကသာဖန်တီးပေးနိုင်ပါသည်။ ကိုယ်လက်လှုပ်ရှားခြင်းကင်းခဲ့လျှင် ပညာတတ်၍ ချည့်နဲ့သောကျောင်းသားများသာဖြစ်လာကြပြီး ဤကျောင်းသားများ အလုပ်ခွင်သို့ဝင်ရောက်လာလျှင် အလုပ်ကြိုးစားသော်လည်း ချူချာသော ၀န်ထမ်းများသာ ဖြစ်လာကြပေလိမ့်မည်။
ကျောင်းသားဘ၀တွင် မပျော်ပိုက်ရခြင်းမှာ ကစားခုန်စားခြင်းကို ပိတ်ပင်ခံခဲ့ရခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်အောင်ဆန်းက သူ၏ကျောင်းသားဘ၀နှင့် ပညာရေးဆောင်းပါးတွင် ရေးသားခဲ့ဖူးပါသည်။ ပညာဥာဏ်ဘက်မှ အခွင့်အလမ်းရ၍ ပေါက်မြောက်ခဲ့သလောက် ကိုယ်လက်ကျန်းမာရေးတွင် အခွင့်အလမ်းမရခဲ့၍ များစွာ ချို့ယွင်းခဲ့ရကြောင်း ဗိုလ်ချုပ်က ဆိုပါသည်။ ကျောင်းတိုင်းတွင် အားကစားရုံသည် မရှိမဖြစ်ပင် လိုအပ်နေပြီဖြစ်သည်။ ယနေ့အခါတွင်မူ နိုင်ငံတော်မှ အားပေးကူညီမူဖြင့် အားကစားနှင့် ကြံ့ခိုင်ရေးနည်းပြဆရာ/ဆရာမများစွာကို သင်တန်းပို့ချလျက် ကျောင်းများသို့ ပို့လွတ်ပေး၏။ အားကစားပစ္စည်းများနှင့် သင်တန်းများလည်း ဖွင့်လှစ်ပေး၏။ နွေရာသီအခြေခံနှင့် အဆင့်မြင့် အားကစားသင်တန်းများလည်း နိုင်ငံတော်အတွက် ကောင်းသော ကျောင်းသားလူငယ်များကို မွေးဖွားပေးနိုင်၏။ ကျောင်းအလိုက်၊ မြို့နယ် အလိုက်သာမက တိုင်းနှင့်ပြည်နယ်အဆင့်ထိ ကျောင်းသားအားကစားပြိုင်ပွဲများကို ကျင်းပပေးခဲ့၏။ ၁၉၈၉တွင် မြစ်ကြီးနား၌လည်းကောင်း၊ ၁၉၉၀ တွင် ပုသိမ်၌လည်းကောင်း၊ ၁၉၉၁ တွင် မြို့တော်ရန်ကုန်၌လည်းကောင်း၊ ၁၉၉၂ တွင် တောင်ကြီးမြို့၌လည်းကောင်း၊ ၁၉၉၃ တွင် ရခိုင်ပြည်နယ် စစ်တွေမြို့၌လည်းကောင်း ကျောင်းသားအားကစားပွဲတော်များကို ပြုလုပ်ပေးခဲ့ပြီဖြစ်ပါသည်။
အားကစားသည် ကိုယ်ခန္ဒာ၏ ကြံ့ခိုင်မူကိုသာမက စိတ်ဓါတ်၏ အရည်အချင်းကိုပါ မြင့်မားစေရန် တစ်ခန်းတစ်ကဏ္ဍမှ ကူညီပေးနိုင်သေး၏။ လူအပါအ၀င် သက်ရှိအားလုံးသည် အားကစား၏ အခြေခံဖြစ်သော လှုပ်ရှားခြင်း၊ ကစားခြင်းမှ မကင်းလွတ်နိုင်ပေ။ ဤသို့လှုပ်ရှားကစားခြင်းသည်ကပင် ဘ၀ရေးတွက် အခြေခံကျပါသည်။ လူမဆိုထားနှင့် ကြောင်ကလေးများ ဆော့ကစားခြင်းသည်ပင် ကြီးလာသောအခါ အစာဖြစ်သော ကြွက်ကို ဖမ်းယူနိုင်ရန် လေ့ကျင့်ခြင်းဖြစ်သည်။ ခွေးကလေးများ ဆော့ကစားခြင်းသည်လည်း ရန်သူနှင့် ရင်ဆိုင်ရသည့်အခါ ခုခံတတ်အောင် လေ့ကျင့်နေသည်နှင့် တူပါသည်။ ထို့အတူပင် ကလေးငယ်များ၏ ကစားခြင်းသည်လည်းနောင်ရေးအတွက် လေ့ကျင့်မှုရယူနေခြင်းသာ ဖြစ်တော့သည်။ အမြှော်အမြင်နှင့် တွေးတောနိုင်လာခြင်း၊ စိတ်ဓါတ်ခိုင်မာလာခြင်း၊ ဥာဏ်ပွင့်လင်းခြင်းနှင့် မိမိကိုယ်ကို ယုံကြည်မှုရှိခြင်းစသော အရည်အသွေးများကို ရရှိလာစေပါသည်။ မိမိနှင့်ပြိုင်ဘက်ကို အထင်လည်း မသေးရ၊ အထင်လည်းမကြီးရဟူသော အားကစားစိတ်ဓါတ်မျိုးဖြစ်စေပြီး ဖြူစင်သန့်ရှင်းစွာ ယှဉ်ပြိုင်ခြင်းသည် သာလျှင်မွန်မြတ်သော ယှဉ်ပြိုင်မှုဖြစ်ကြောင်း သိတတ်လာပါသည်။ အားကစားနည်းဥပဒေကို စည်းကမ်းတကျလိုက်နာရခြင်းဖြင့် စည်းစနစ်ကျစွာ ဆောင်ရွက်တတ်သော အကျင့်ဖြစ်စေပါသည်။ ဘောလုံး၊ ဘောလီဘောစသော အားကစားနည်းကမူ တစ်ယောက်ကောင်းနှင့်မရနိုင်။ စည်းလုံးညီညွတ်ခြင်းသည်သာ အဓိကဖြစ်ကြောင်း သင်ကြားပေး၏။ ထို့ကြောင့် အားကစားတစ်ခုကို အခြေခံလျက် ကျောင်းသားများ၌ ပေါင်းစည်းညီညာတတ်သောစိတ်ကို အမြတ်ရရှိခြင်းသည် တိုင်းပြည်အတွက် အဖိုးမဖြတ်နိုင်သော အကျိုးတစ်ခုပင် ဖြစ်လေသည်။
အားကစား ထူးချွန်သည့် မိမိဂုဏ်သာမဟုတ်၊ မိမိကျောင်း၊ မိမိ၏ပြည်နယ်သာမက မိမိ၏ နိုင်ငံအတွက်ပါ ဖြစ်သည်ကို ကျောင်းသား ကျောင်းသူတိုင်းကလည်း သိကြသည်ပင်။ “ငယ်ရွယ်နုသောအားမမေ့ငြားနှင့်၊ ရင်ဖျားကုန်စင် တတ်မြော်မြင်ကတစ်ခုမျှလျှက် အသက်မွေးကျောင်း ဖြစ်တုံ့ရှောင်၏” ဟူသောဆုံးမစာအတိုင်းပင် ယုတ်စွအဆုံးအသက်မွေးပညာရပ်တစ်ခုဟုပင်ဆိုနိုင်ပါသေးသည်။
အချုပ်အားဖြင့်ဆိုရသော် လူကြီးဖြစ်စေ၊ လူငယ်ဖြစ်စေအားကစား၏ အသီးအပွင့်များကိုရရှိခံစားနိုင်ရန်အတွက် အားကစားဝါသနာကို အမြစ်မှစ၍ မြေတောင်မြောက်ပေးရန်ပင်ဖြစ်ပါသည်။ ကျောင်းသားကျောင်းသူများကိုတံဖျာနှင့် နှက်မှဥာဏ်ပညာထွက်မည်ဟုယုံကြည်လျှင် မှားမည်ဖြစ်သည်။ အားကစားသည်သာကျောင်းသားတို့အတွက် အရာရာကိုဖန်းတီးပေးနိုင်သောအစွမ်းသတ္တိအမှန်ရှိ၏။
အားကစားလှုပ်ရှားမှုဖြင့်သာ ကျွန်တော်တို့ကျောင်းသားကျောင်းသူများသည် ကျန်းမာကြံ့ခိုင်သောကိုယ်၊ တတ်ကြွရွင်လန်းသောစိတ်နှင့် အနာဂတ်တွင် နိုင်ငံတော်၏ တာဝန်များကို ဖြောင့်ဖြူးစွာထမ်းဆောင်နိုင်မည်ဖြစ်ပါတော့သည်။
ဘာသာစုံဂုဏ်ထူးရှင်တစ်ဦး၏ဆုရစာစီစာကုံးစာအုပ်မှကိုးကားပါသည်။
ခွန်ကျော်သန်း
မျင်,မိုရ်ဟေ့,
Like On Facebook
Follow On Twitter
Subscribe On RSS