Thursday, October 4, 2018

ပညာနှင့် ပညာ၏တန်ဖိုး

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၄)ရက်


“ ဥစ္စာဟူသည် မျက်လှည့်မျိုး၊ ပညာဟူသည် မြတ်ရွှေအိုး “ ဟူသောစကားကိုလူတိုင်းလိုလိုသိဖူးကြားဖူး ကြပေလိမ့်မည်။ ထိုစကားသည် မှန်သည်ထက်များစွာပိုနေသောစကားဖြစ်သည်။ ပညာကရှေ့ဆောင်လမ်းပြပြုမှသာလျှင် လူတစ်ဦး၏ ကြိုးစားမှုမှာအကျိုးဖြစ်ထွန်းနိုင်ပေလိမ့်မည်။ ဘဝတစ်သက်တာတွင်ပညာနှင့်တူသောဥစ္စာသည် မရှိပေ။ လူတိုင်းတို့၏ဘဝတွင် ပညာသည် အလွန်အရေးကြီးလှပေသည်။

ခေတ်အဆက်ဆက် လူသားတို့သည် မိမိတို့၏ ဘဝအတွေ့အကြုံများကိုစာပေဖြင့် မှတ်တမ်းတင်ခဲ့ကြသည်။ နှောင်းခေတ်လူတို့ဝေဖန်ချင့်ချိန်နိုင်ရန်အတွက်အသိပညာအတတ်ပညာများကိုအမွေအဖြစ် ထားခဲ့ကြသည်။ ထိုစာပေများကိုလေ့လာဆည်းပူးသင်ယူကြခြင်းဖြင့် “ပညာပြည့်ဝနှလုံးလှ”အဖြစ်သို့ ရောက်နိုင်သည်။

ပညာဟုဆိုရာတွင် စာအုပ်စာပေများမှလည်းကောင်း၊ မိမိ၏ပတ်ဝန်းကျင်များမှလည်းကောင်း ကြားနာသင်ယူမှတ်သားရသောသုတပညာ၊ မိမိကိုယ်တိုင် ထိုးထွင်းသိမြင်နားလည်နိုင်သောပကတိပညာဟူ၍ ပညာနှစ်မျိုးရှိပေသည်။ ထိုစာပေနှစ်မျိုးတွင် ပကတိပညာကားသင်ယူရန် လွန်စွာခက်ခဲပေသည်။ ထိုပညာကားအသိပညာပေါ် တည်မှီ၍ မိမိ၏အတွင်းစိတ်သဏ္ဍန်ကို တိုးတက်အောင်ပြုပြင်ပြောင်းလဲစေခြင်း ဖြင့်သာ ရရှိနိုင်ပေသည်။ ထို့ကြောင့်ပင် လယ်တီတော်ဆရာကြီးက “ ရွတ်တတ်ဖတ်တတ်တာမျှနှင့်တတ်သည်မမည်၊ ဝမ်းတွင်းဥာဏ် သဘောပေါက်မှ တတ်သည်မည်”ဟုဆိုမိန့်မြွတ်ကြားခဲ့ပေသည်။ ယင်းကြောင့် လူတိုင်းလူတိုင်းသည် သုတပညာကိုရော၊ ပကတိပညာကိုပါ တတ်သိနိုင်ရန် ကြိုးစားအားထုတ်ကြ ရပေမည်။

ပညာရှာရာတွင် အချိန်အခါနေရာမရွေးသင့်ပါ။ ပညာသည် နေ့စဉ်လုပ်ကိုင်နေရသောအလုပ်တို့နှင့် အများဆုံးဆက်သွယ်နေပေသည်။ ပညာကိုဆည်းပူး၍ မကုန်နိုင်ပေ။ အခါအခွင့်သင့်လျှင် သင့်သလိုရသမျှ ပညာများကိုလေ့လာဆည်းပူးကြရပေမည်။

ကျွန်ုပ်တို့ အသက်ရှင်နေသမျှ ကာလပတ်လုံးပညာကိုသင်ယူလေ့လာနေကြရပေမည်။ ပညာသင်ကြားရန် အရွယ်လွန်သည်ဟုမရှိပေ။ ပညာသည် လူသားတို့အားပေါင်းသင်းဆက်ဆံရေးနေထိုင်မှု လောကဓံတရားတို့၏ အခြေခံကိုသိရှိနားလည်စေသည်။ ထို့မှတစ်ဆင့်တက်၍ ဆင်ခြင်တုံတရားကိုရရှိစေသည်။ ထို့သို့ဆင်ခြင်တုံတရားဖြင့် ချင့်ချိန်စဉ်းစား၍ ပညာကိုသူ့နေရာနှင့်သူသုံးစွဲခြင်းအားဖြင့်လည်းပညာ မဏ္ဍိုင်ကြီးကိုပို၍ကြီးကျယ်သည်ထက် ကြီးကျယ်အောင် တည်ဆောက်ပြုပြင်သွားနိုင်ပေမည်။

ပညာနှင့်ပြည့်စုံသူသည် လူအများ၏အလယ်တွင် ကေသရာဇာခြင်္သေ့မင်းကဲ့သို့ ရဲရင့်စွာပြောရဲဆိုရဲပါသည်။ ဥာဏ်ပညာကြောင့် လူအများ၏လေးစားခြင်းကိုခံရသည်။ လူအများကိုခေါင်းဆောင်နိုင်သည့် အ ရည်အချင်းနှင့်ပြည့်စုံသည်။ ထို့ကြောင့် ပညာသည် လူအပေါင်းတွင် မရှိမဖြစ်လိုအပ်သည်။ ထိုသို့အဓိကကျ သောပညာကိုရရှိထားပြန်ပါကလည်းထိုပညာကိုအလွဲသုံးစားမလုပ် တရားလမ်းမှန်ကျအောင် အသုံးပြုသူတစ်ဦးပေါ်ထွက်သဖြင့် ထိုသူတစ်ဦးတည်းအတွက်သာမကထိုသူအားအမှီပြု၍ နေထိုင်ကြသူများကိုလည်း ကြာရှည်လေးမြင့်စွာတည်၍ အဆင့်ဆင့်ပွားကာလောကသံသရာနှစ်ဖြာသောအကျိုးကိုတိုး၍သာပေါ်ပေါက်စေမည်ဖြစ်သည်။ ပညာဗဟုသုတသည် ရတနာတစ်ပါးဖြစ်သည်။ သို့သော် ကောင်းမွန်အောင်လက်တွေ့ဆောင်ရွက်ခြင်းသည် ထိုရတနာ၏ သော့ချက်ပင်ဖြစ်သည်။

ပညာသည်အခြားမည်သည့်အရာနှင့်မျှမတူ၊ အရာရာထူးခြားကဲသည်သာဖြစ်သည်။ ပညာရှိတစ်ယောက်သည် စကားမပြောခင် သူမည်သို့ပြောသင့်သည်ကိုမပြောခင်ကစဉ်းစားသော်လည်း ပညာမဲ့သူမှာကားစကားပြောပြီးမှ သူဘာပြောခဲ့သည်ကို ပြန်၍စဉ်းစားပေသည်။ ပညာရှိသူသည် သူဘာမှမသိသည်ကိုကောင်းစွာသိသော်လည်းဗဟုသုတကင်းမဲ့သူကားသူ့ကိုယ်သူအရာရာသိသည်ဟုထင်တက်စေသည်။ ပညာသည် လူတစ်ယောက်အားမည်သည့်နေရာတွင်မဆိုအမှားမဖြစ်အောင် ကာကွယ်ပေးသလိုပြည့်ဝသောသူတစ်ယောက်ဖြစ်ရန်လည်း မြှင့်တင်ပေးလေသည်။

စာဖတ်ခြင်းသည် ပစ္စည်းဥစ္စာတို့ထားရာ ဘဏ္ဍာတိုက်ကိုဖွင့်နိုင်သောသော့ကိုရရှိသည်နှင့်တူ၏။ ဘာသာအရပ်ရပ်ကိုတတ်မြောက်ခြင်းမှာတိုက်ခန်းအမျိုးမျိုးကိုဖွင့်နိုင်ခြင်းဖြစ်သည်။ ထိုသို့ပညာတည်းဟူသောသော့ကိုရရှိရုံနှင့် ကိစ္စပြီးသည်မဟုတ်သေး။ ရတနာတိုက်ခန်းသို့ သွားရောက်ဖွင့်ယူသုံးစွဲခြင်းတည်းဟူသောဝေဖန်နှိုင်းချိန်ခြင်း၊ လုံ့လဝီရိယစသည်တို့ကိုလိုအပ်သည်ကိုလည်းသတိမှုကြရာသည် ဟုပညာရှိကြီးတစ်ဦးကရေးသားဖော်ပြခဲ့ပေသည်။ သို့ဖြစ်ပါ၍ မိမိတတ်လိုသောပညာကိုလေ့လာဆည်းပူးရာတွင် လုံ့လဝီရိယကိုရှေ့ထား၍ ဇွဲကောင်းကောင်းဖြင့် အစမှအဆုံးတိုင် စေ့စပ်သေချာစွာတတ်မြောက်အောင် သင်ယူကြရန် လိုအပ်ပေသည်။

ထို့ပြင် ပညာတစ်ခုကိုသင်ကြားရာတွင် ရည်ရွယ်ချက်၊ မျှော်လင့်ချက်ကိုယ်စီရှိကြရပေမည်။ ထိုမျှော်လင့်ချက်သည်ပင် ပညာကိုသင်ကြားရာ၌ဇွဲ၊ လုံ့လရှိစေရန် အဓိကတိုက်တွန်းအားပေးသည့်အရာဖြစ်သည်။ ငါမတတ်နိုင်တော့ပြီဟုစိတ်ကိုလျှော့သည်နှင့်အတူ ကြိုးစားလိုသောဇွဲပါ ပျောက်ပျက်ရပေလိမ့်မည်။ ထို့ကြောင့် မည်သည့်ပညာကိုလေ့လာသည်ဖြစ်စေရည်ရွယ်ချက်တစ်ခုခိုင်မာစွာထားရှိနိုင်ရန် လိုအပ်ပေသည်။

ပညာသည် လူတစ်ဦးတစ်ယောက်၏ ရည်ရွယ်ချက်ကို ဖြည့်စွမ်းပေးနိုင်သည်သာမက နိုင်ငံတစ်နိုင်ငံ၏ တိုးတက်မှုအတွက်ပါ အရေးကြီးပေသည်။ ပညာသည် လူမျိုးအသီးသီးတို့၌သီးသန့်စီအကျုံးဝင်နေသည်။ ရှေးယခင်က ဗြိတိသျှလူမျိုးတို့သည် ကမ္ဘာ့နိုင်ငံအသီးသီးရှိအသိပညာအတတ်ပညာစာပေ အမြောက်အမြားကိုအင်္ဂလိပ်ဘာသာဖြင့်ပြန်ဆို၍ ပညာကုန်ကြမ်းဖြည့်တင်းခဲ့ကြသည်။ထို့ကြောင့် ကျွန်ုပ်တို့ နိုင်ငံတိုးတက်ကြီးပွားစေရန် ကမ္ဘာ့နိုင်ငံအသီးသီးမှ စာကောင်းပေကောင်းများကိုယခုထက်ပို၍ ဘာသာပြန်ဆိုရေးသားနိုင်ရန် လိုအပ်ပါသည်။ ယခုခေတ် အချိန်အခါတွင် ကမ္ဘာပေါ်၌စာအုပ်ကောင်းများစွာထွက် ပေါ်နေပေပြီ။

“ပညာဆည်းပူးခြင်းသည် ကောင်း၏။ ယခုအချိန်သည် ပညာသင်ယူရမည့်အချိန်ဖြစ်၏။ မိမိရောက်ရှိနေသောနေရာသည် ပညာဆည်းပူးရန် နေရာဖြစ်၏” ဟုသဘောထားကာပညာကိုရှာမှီးကြရပေသည်။ မိမိနိုင်ငံသားမိတ်ဆွေများလည်းပညာရှာခြင်းဖြင့် ပျော်မွေ့လာအောင်၊ စာမတတ်သေးသူများတတ် မြောက်လာအောင် တိုက်တွန်းအားပေးကြခြင်းဖြင့် နိုင်ငံဂုဏ်ကိုဆောင်နိုင်ရန် ကြိုးပမ်းကြရပေမည်။

ခွန်ကျော်ဦး
ကိုးကားချက် - ပညာ့လက်သံ စာအုပ်
Powered by Blogger.