Monday, January 21, 2019

ဆောင်းရာသီ၏ အလှ

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ (၂၂) ရက်


မြန်မာနိုင်ငံတွင် ရာသီဥတု သုံးမျိုးရှိပြီး နွေ၊ မိုး၊ ဆောင်း ဟူ၍ ဖြစ်ပါသည်။ နွေပြီးလျှင်မိုး၊ မိုးပြီးလျှင်ဆောင်း၊ ဆောင်းပြီးလျှင်နွေ ဟုရာသီသံသရာသည် တစ်ရစ်ပတ်ပတ်လည်နေပါသည်။ ယခုမိုးအပြီး ဆောင်းရာသီသို့ရောက်လာသည်။ ဆောင်းရာသီသည် တန်ဆောင်းမုန်းလပြည့်ကျော်(၁)ရက် မှ တပေါင်းလပြည့်အထိ လေးလကြာပါသည်။ ဆောင်းရာသီသည် ရာသီဥတုသုံးမျိုးတွင် အလှပဆုံး ရာသီ ဖြစ်ပါသည်။

နွေသည် ပူပြင်းခြောက်သွေ့လှပါသည်။ မိုးသည် မိုးရေနှင့်အတူ စိုစွတ်လွန်းသည်။ ဆောင်းကား ထိုသို့မဟုတ်။ ခြေခင်းလက်ခင်းသာကာ အေးမြသောရာသီ ဖြစ်ပါသည်။ ဆောင်း၏ အေးမြမှုကို မြောက်ပြန် လေညှင်းက သယ်လာသည်။ ငွေနှင်းမှုန်မှုန်တို့လည်း ပါလာသည်။ ဆောင်းကားမခြောက်သွေ့လွန်း၊ မစိုစွတ်လွန်းဘဲ အေးမြမြနှင့် ပွင့်လင်းရာသီလည်းဖြစ်ပါသည်။ သစ်ပင်တောတောင် ရေမြေသဘာဝ ကလည်း လှချင်တိုင်း လှနေပါသည်။ သစ်ပင်တို့ကလည်းစိမ်းလန်း၊ ကောက်ပင်တို့ကလည်း စိမ်းလဲ့နေပါ သည်။ မကြာမီ ၀ါဝင်းလာတော့မည်။ မြစ်ချောင်းတို့ကလည်း ငြိမ့်ငြိမ့်ညောင်းညောင်း စီးဆင်းနေသည်။ မြစ်ချောင်းများတွင် သဲသောင်များထွန်းနေသည်။ ရေကျေးရေငှက်များဖြစ်သော ဟင်္သာ၊ သောင်တင်း၊ ရွှေပိန်ညင်းတို့ကလည်း လည်ချင်းယှက်ကာ ပျော်မြူးနေကြပါသည်။ လွမ်းမောဖွယ် ရှူခင်းအလှများ ဖြစ်ပါသည်။

ဆောင်းရာသီ၏ ရာသီပန်းများမှာ ခ၀ဲပန်း၊ ဂမုန်းအင်၊ သဇင်ပန်း၊ ခွာညိုပန်း၊ ပေါက်ပန်း၊ လက်ပံပန်း များ လှိုင်လှိုင်ပွင့်နေပါသည်။ ရာသီပွဲတော်များလည်းစုံသည်။ တန်ဆောင်တိုင်မီးထွန်းပွဲတော်၊ ကထိန်ခင်း ကြပါသည်။ မသိုးသင်္ကန်းလည်း ကပ်လှူကြသည်။ ကျီးမနိုးပွဲလည်းရှိသည်။ ဆေးပေါင်းခသည့် မဲဇလီဖူးသုပ် ဝေငှကြသည်။ မုန့်ဆန်းလှော်ကြသည်။ စာဆိုတော်ပွဲလည်းရှိသည်။ ရှေးက မြင်းခင်းသဘင်ပွဲ ရှိ၍ ယခုတော့မူ ဒီဇင်ဘာ အားကစားလဖြစ်သည်။ မီးအလှူ၊ မီးကုသိုလ်၊ မီးပုံးပွဲနှင့် ထမနဲပွဲရှိသည်။ ထို့နောက် သဲပုံစေတီပွဲ၊ ဘုရားပွဲတော်များ ရှိသည်။ ရာသီပွဲများသာမက အမျိုးသားနေ့၊ ပြည်ထောင်စုနေ့၊ လွတ်လပ်ရေးနေ့များလည်းရှိပါသည်။ ဤသို့ ပွဲတော်များနှင့် လှနေသောဆောင်း ဖြစ်ပါသည်။

ထိုအလှများအပြင် ပညာရေးအလှလည်း ရှိပါသေးသည်။ ဆောင်းသည် အေးမြမြနှင့် သာယာ လှသော ရာသီဖြစ်၍ ဥာဏ်အရွှင်ဆုံးကာလလည်း ဖြစ်သည်။ ကျောင်းသားကျောင်းသူတို့ စာပေလေ့လာ၍ အကောင်းဆုံးကာလလည်း ဖြစ်သည်။ စာအံသံတညံညံဖြင့် ဆောင်းရာသီ၏ ဂီတသံများ ဖြစ်ပါသည်။

ထို့ကြောင့် ဆောင်းရာသီကား တောတောင်ရေမြေသဘာဝကလည်း လှသည်။ ရာသီပန်းများ၊ ရာသီပွဲတော်များကလည်း သာယာစည်ကား လှပေသည်။ စည်းလုံးညီညွတ်မှု အလှကိုလည်း ပွဲတော်များက ဖော်ဆောင်နေသည်။ ကျန်းမာရေးအလှ၊ စာပေအလှ၊ ပညာရေးအလှများလည်း ပြည့်စံနေသည်။ ထို့ပြင် စပါးရွှေဝါ မှည့်မှည့်ဝင်း၍ စပါးပေါ်ချိန်၊ ငွေပေါ်ချိန်လည်း ဖြစ်ပါသည်။ ရာသီဥတု သုံးပါးတွင် ဆောင်းရာသီ ကား အနှစ်သက်ဆုံးရာသီ၊ အလှပဆုံးရာသီ ဖြစ်ပါသည်။

နန်း ခမ်း ညာ

Powered by Blogger.