Tuesday, January 22, 2019

အလျား၉၀’ အနံ ၃၀’ ရှိသော တောင်ကြီးမြို့နယ်၊ နမ့်ဆီးကျေးရွာအုပ်စု၊ ပင်ငိုကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)အား ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားပြုလုပ်

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ (၂၂) ရက်















နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနပံ့ပိုးကူညီမှု၊ ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေရှင်း၏ ရံပုံငွေထောက်ပံ့မှုဖြင့် စေတနာအဖွဲ့နှင့် ဒေသခံပြည်သူများပူးပေါင်းဆောက် လုပ်သည့် တောင်ကြီးမြို့နယ်၊ နမ့်ဆီးကျေးရွာအုပ်စု၊ ပင်ငိုကျေးရွာ အခြေခံအလယ်တန်းကျောင်း(ခွဲ)ကျောင်းဆောင်သစ်အား ပညာရေးဝန်ကြီးဌာန သို့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၂၂)ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် လွဲပြောင်းပေးအပ်ခဲ့ကြောင်းသိရပါသည်။

အခမ်းအနားကို ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဌဦးခွန်စံလွင်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဗဟိုချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်၊ စေတနာ(အဖွဲ့)မှတာဝန်ရှိပုဂ္ဂိုလ်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်နှင့် ဌာနဆိုင်ရာလူကြီးမင်းများမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ အမှတ်တရသစ်ပင်စိုက်ပျိုးခြင်း၊ တစ်ပြိုင်နက်တည်း ကျောင်းဆောင်သစ်အား လှည့်လည်ကြည်ရှုခြင်း၊ လိုအပ်သည်များကို မှာကြားခဲ့ခြင်းနှင့် ကျောင်းသား/သူများမှ မြန့်မာကျောင်းသီချင်းဖြင့် သီဆိုကာ အခမ်းအနားကိုဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဌဖြားခွန်စံလွင် အမှာစကားပြောကြားရာမှာ ပညာရေးဝန်ကြီးဌာနအနေဖြင့် လူသား အရင်းအမြစ်ဖွံ့ဖြိုးတိုးရေးလုပ်ငန်းများကို အဓိကထားဆောင်ရွက်လျက်ရှိရာမှာ ကျောင်းသား၊ သူများရဲ့သင်ယူတတ် မြောက်မှုအရည်အသွေးမြှင့်မားရေး၊ ပညာသင်ယူမှုအခွင့်အရေးမြှင့်မားရေးစသည်တို့ကိုဦးတည်ပြီး ဘက်စုံလွှမ်းခြုံသော ပညာရေးကဏ္ဍလေ့လာဆန်းစစ်မှု(CESR)ကို အခြေခံကာ အမျိုးသားမဟာစီမံကိန်း(၂၀၁၆-၂၀၂၁)ကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံရဲ့အနာဂတ်ဟာ ပညာရေးအပေါ်မှာမူတည်နေတဲ့အတွက် ပညာရေး ကဏ္ဍကိုပြုပြင် ပြောင်းလဲရာမှာ ဆရာ၊ ဆရာမများနဲ့မိဘများကလည်း ပူးပေါင်းဆောင်ရွက်သွားရမှာဖြစ်ပြီး ကျောင်းသူ/သား များအား စာပေသင်ကြားပေးရုံသာမက ပျော်ရွှင်စွာကျောင်းတက်နိုင်ရန်အတွက် ကျောင်းသူ/သားအချင်းချင်း ပူးပေါင်းဆောင်ရွက်လိုစိတ်၊ တီထွင်ကြံဆလိုစိတ်စတဲ့ စိတ်ဓာတ်များဖွံ့ဖြိုးလာအောင် ပြုစုပျိုးထောင်ပေးမှ ဒေသဖွံ့ဖြိုးရေး၊ တိုင်းပြည်ဖွံ့ဖြိုးရေးကို အထောက်အကူပြုနိုင်တဲ့ နိုင်ငံသားကောင်းလူငယ်လူရွယ် များဖြစ်လာမှာဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ရှမ်းပြည်နယ် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်နန္ဒာပပလင်းမှ ၎င်းတို့ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များနှင့် လုပ်ငန်းစဉ်အခြေအနေ များကို အကျယ်တ၀င့်ရှင်းလင်းပြောကြားပေးကာ တောင်ကြီးမြို့ ခရိုင်ပညာရေးမှူးဆရာကြီးဦးကိုကိုနိုင်မှ ‘ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက်၁၉၉၈ခုနှစ်ကတည်းက ပအိုဝ်းဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အခုချိန်မှာ ပအိုဝ်းရပ်မိရပ်ဖများနဲ့ ပညာရေးဝန်ထမ်းများအားလုံး အပေးအယူမျှတစွာနဲ့ ပူးပေါင်းပြီးပညာရေးလုပ်ငန်းများကို ဆောင်ရွက်နေတာတွေ့ရတဲ့အတွက် အထူးဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ ပအိုဝ်းဒေသမှာ တာဝန်ထမ်းဆောင်ရတာလည်းဝမ်းမြောက်မိပါတယ်၊ ပအိုဝ်းဒေသတိုင်းရင်းသားများဟာ မိမိနိုင်ငံ၊ မိမိဒေသများသာမက ကမ္ဘာကျော်အောင် အမျိုးဂုဏ်ဇာတိဂုဏ်ကိုထိန်းသိမ်းတတ်သော လူမျိုးများဖြစ်တဲ့အတွက် ဒီနေရာမှာ တာဝန်ထမ်းဆောင်ရတာ ပိုမိုပြီးဂုဏ်ယူမိတာဖြစ်ပါကြောင်း၊ အမျိုးဂုဏ်ကိုတန်ဖိုးထားတဲ့မိမိရဲ့ ရိုးရာဝတ်စုံကို မြတ်မြတ်နိုးနိုးဝတ်ဆင်တဲ့ တိုင်းရင်းသားများဖြစ်ခြင်းနှင့်အတူ အုပ်ချုပ်တဲ့ခေါင်းဆောင်တွေရဲ့ နောက်ကနေပြီးတော့မှ လမ်းညွှန်မှုအတိုင်းစိုက်စိုက်မတ်မတ် လိုက်နာကျင့်သုံးတဲ့အတွက် လည်း ဒေသတစ်ခုဟာတစ်ဆထက်တစ်ဆဖွံ့ဖြိုးတိုးတက်လာတာကို တွေ့ရှိရပါကြောင်းနှင့် ပညာရေးအခန်းကဏ္ဍနှင့်ပတ်သက်သည့်အကြောင်းအရာများကိုလည်းကောင်း ပြောကြားခဲ့ပြီး၊ နိပွန်ဖောင်ဒေးရှင်း(စေတနာအဖွဲ့)မှ ဒေသဆိုင်ရာစီမံကိန်း ဒါရိုက်တာဆရာမဒေါ်အေးအေးသန့်မှ ၎င်းတို့၏ဖောင်ဒေးရှင်းလုပ်ငန်းစဉ်များကိုလည်းကောင်း ပြောကြားပေးခဲ့ကြောင်းသိရပါသည်။

ထို့နောက်ကျေးရွာရပ်မိရပ်ဖများကိုယ်စား ကျောင်းအကျိုးတော်ဆောင် ဖြားရဲမြင့်က ကျောင်းဆောင်သစ်တည်ဆောက်ပြီးစီးပြီဖြစ်သောကြောင့် ကျောင်းသားလူငယ်များလည်း ၀မ်းမြောက်စွာ ပညာသင်ကြားရတော့မည်ဖြစ်ကြောင်း၊ နောင်နှစ်စဉ်ပညာသင်နှစ်မှာ ကျောင်းသားဦးရေတိုးများလာမည်ဖြစ်ကြောင်း၊ ရပ်ရွာပြည်သူ၏ ကျောင်းဆရာ/များလည်း အလက(ခွဲ)မှ အလက၊ အထကအဆင့်သို့ရအောင်ဆက်လက် ကြိုးစားပေးကြရန်တိုးတွန်းပြောကြားလိုကြောင်း၊ ရပ်ရွာပြည်သူများလည်းရပ်ရွာဖွံ့ဖြိုးတိုးတက်အောင် အမြဲဆောင်ရွက်နေကြောင်း၊ ၂၀၀၂-၂၀၀၃ပညာသင်နှစ်မှစ၍ မူလွန်မှ အလက(ခွဲ)အထိဖွင့်လှစ်နိုင်သည်မှာ ယခုဆိုလျှင် (၁၅)နှစ်(၁၆)နှစ်ရှိနေပြီ ဒါပေမဲ့ကျောင်းဆရာ/မများ မလုံလောက်သည့်အတွက် ကျောင်းသားလူငယ်များ ပညာဖွံ့ဖြိုးတိုးတက်အောင် နှစ်စဉ်ကျောင်းဆရာ/မ(၂)ဦးဌားရမ်းရပါကြောင်း၊ ၂၀၁၉-၂၀၂၀ပညာသင်နှစ်ကျောင်းဆရာ/မများလုံလုံလောက်လောက်ချပေးပါရန် ပညာရေးဌာနသို့ တောင်းခံအပ်ပါကြောင်း၊ နမ့်ဆီးအခြေခံပညာအထက်တန်းကျောင်းသို့ သွားလာရသည့် ကျောင်းသား/သူများနှင့် ပြည်သူများသွားလာရအဆင်ပြေစေရန် (၂)မိုင်ခန့်ရှိသည့် ကျောက်ချောလမ်းကိုလည်း ကတ္တရာလမ်းအဆင့်ခင်းပေးရန်လည်း မေတ္တာရပ်ခံလိုကြောင်းနှင့် ကျေးဇူးတင်စကားများ ပြောကြားပေးခဲ့ပါသည်။

ထို့နောက် ကျောင်းဆောင်သစ်နှင့် သက်ဆိုင်သောစာရွက်စာတမ်းများလွှဲအပ်ခြင်း၊ ဒေသဖွံ့ဖြိုးရေးရံပုံငွေ(၉၅)သိန်းကိုပြန်လည်ပေးအပ်ခြင်း၊ ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်း၊ ကျောင်းဆောင်သစ်အထိမ်းအမှတ်အနေဖြင့် အလံပေးအပ်ခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

အဆိုပါ ပင်ငိုအခြေခံအလယ်တန်းကျောင်းခွဲကျောင်းဆောင်သစ်ကို ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေရှင်း၏ ရံပုံငွေထောက်ပံ့မှုဖြင့် စေတနာအဖွဲ့မှ သိန်း(၅၀၀)ကျော်နှင့် ဒေသခံမိဘပြည်သူများမှ သိန်း(၉၀)ကျော် ပါဝင်လှူဒါန်းပြီး ပေ(၉၀x၃၀) RC တစ်ထပ်ကျောင်း၊ အုတ်နံရံ၊ အင်္ဂတေကြမ်းခင်း၊ ဇင့်သွပ်မိုး၊ (၅)ခန်းတွဲ ရေလောင်းအိမ်သာ(၁)လုံး၊ ရေလှောင်ရေလှောင်ကန်(၂)လုံး၊ အလံတိုင်၊ ကျောင်းသားစာရေးခုံနှင့်ထိုင်ခုံ(၄၅)စုံ၊ ဆရာ၊ ဆရာမစားပွဲခုံ နှင့်ထိုင်ခုံ(၄)စုံ၊ ၀ိုက်ဘော့ (၄)ချပ်များလည်း လှူဒါန်းကျောင်းသိရပါသည်။ အဆိုပါ ပင်ငိုအခြေခံအလယ်တန်းကျောင်းခွဲကျောင်းတွင် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၁၅၀)ဦး ပညာသင်ကြားလျက်ရှိပြီး ဆရာ/မ(၆)ဦးသာရှိခြင်းကြောင့် ဆရာ/မများမလုံလောက်သဖြင့် ကျေးရွာရန်ပုံငွေဖြင့် ကျေးရွာဆရာ/မများခန့်ထားရကြောင်း၊ ဆရာ/များ မလုံလောက်သည့်အတွက် အချို့သောမိဘများက သားသမီးများကို နီးစပ်ရာမြို့ရှိကျောင်းများသို့ ပို့ဆောင်ရသည့်အတွက် ကုန်ကျစရိတ်များများပြားကြောင်းနှင့် အချို့မှာ အဝေးသို့ပို့ဆောင်ရန် ငွေကြေးမတတ်နိုင်သည့်အတွက် ကျောင်းဆက်လက်မတက်ရတော့သည်များလည်း ရှိကြောင်း သိရသည်။

နိပွန်ဖောင်ဒေးရှင်း(စေတနာအဖွဲ့)၏ Education For Peace And Developmaent  EDP စီမံကိန်းအ၇ ၂၀၀၂ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ကျောင်းဆောင်ပေါင်း (၁၆၁)ဆောင်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ (၁၄၁)ဆောင် စုစုပေါင်း(၃၀၂)ဆောက်လုပ်ပေးခဲ့ရာမှာ တောင်ကြီးမြို့နယ်အတွင်းမှာ စာသင်ဆောင်ပေါင်း(၂၄)ဆောင်ကိုလည်းကောင်း၊ အသေးစားစီမံကိန်းဖြင့် ကျောင်းဆောင်ပေါင်း(၁၃)ဆောင်ကိုလည်းကောင်း ဆောက်လုပ်ပေးခဲ့ကြောင်းသိရပါသည်။

ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသဦစီးဥက္ကဌဖြားခွန်စံလွင်နှင့် အဖွဲ့များ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဗဟိုဌာနချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပင်းပက်စက်ရုံမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ KBZဘိလပ်မြေမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နိပွန်ဖောင်ဒေးရှင်း(စေတနာအဖွဲ့)မှတာဝန်ရှိသူများ ပြည်နယ်၊ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းဆောင်သစ်ဆောက်လုပ်ရေးကော်မတီဝင်များ၊ ဆရာ၊ ဆရာမများနှင့်  ရပ်မိရပ်များတက်ရောက်ခဲ့ကြကြောင်းသိရပါသည်။

နန်းခမ်းဗွေ၊ ခွန်ယံသေ
Powered by Blogger.