တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ (၂၄)ရက်
လူ့ဘုံ၏အလှတရားအစစ်၊ လူ့ဘုံ၏ ဂုဏ်အစစ်ကားစည်းကမ်းပင်ဖြစ်သည်။ စည်းကမ်းသည် ချုပ်ချယ်မှုမဟုတ်ပေ။ ထိန်းသိမ်းမှုသာလျှင်ဖြစ်သည်။ စည်းကမ်းဟူသည် သက်ရှိတို့လိုက်နာအပ်သောဘောင်၊ လူ့အဆင့်အတန်းအတွက် သတ်မှတ်ချက်သာ ဖြစ်သည်။ စည်းကမ်းသည် လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်ဖြစ်သည်။ အလုပ်ခွင်စည်းကမ်းဆိုသည်မှာ “အလုပ်တာဝန်ဆောင်ရွက်နေရာတွင် လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်” ဖြစ်ပါသည်။ တစ်နည်းအားဖြင့် အလုပ်စည်းကမ်း ဖြစ်ပါသည်။ အလုပ်စည်းကမ်းကို အလုပ်လုပ်သူတိုင်းလိုက်နာရပါမည်။ အလုပ်စည်းကမ်းကိုလိုက်နာကြမည်ဆိုလျှင် အလုပ်လည်းတိုးတက်၊ အလုပ်လုပ်သူများလည်းတိုးတက်လာပါလိမ့်မည်။ အလုပ်စည်းကမ်းကိုမလိုက်နာလျှင် အလုပ်လည်းမပြီးသည့်အပြင် အလုပ်လည်းပရမ်းပတာဖြစ်ပေမည်။
စည်းကမ်းဟူသည် သက်ရှိတို့လိုက်နာအပ်သောဘောင်၊ လူ့အဆင့်အတန်းအတွက် သတ်မှတ်ချက်သာဖြစ်ပါသည်။ နေရာတိုင်းတွင် စည်းကမ်းရှိပါသည်။ လူတို့အတွက် လူ့စည်းကမ်းရှိသကဲ့သို့ ရဟန်းတွင်လည်း ရဟန်းစည်းကမ်းရှိပါသည်။ ထို့တူလမ်းသွားလျှင် လမ်းစည်းကမ်း၊ ‘စည်းကမ်းလိုက်နာဘေးကင်းကွာ’ ဟူသည့်ဆိုရိုးအတိုင်း ယာဉ်တွင်လည်းယာဉ်စည်းကမ်းရှိပါသည်။ ရွာတစ်ရွာတွင် စည်းကမ်းမရှိပါက လူဆိုး သူခိုးများ၊ အန္တရာယ်ပြုတတ်သော သားရဲတိရစ္ဆာန်များ အလွယ်တကူဖျက်ဆီးနိုင်သည်။ ထို့အတူ မြစ်တစ်ခုတွင် ကမ်းပါးမရှိပါကလယ်ယာ၊ အိုးအိမ်တို့ကိုလွှမ်းမိုးပျက်စီးစေနိုင်သည်။ ရွာ၏နယ်နိမိတ်သည် စည်းဖြစ်သည်။ မြစ်ချောင်းနှင့်လယ်ယာတို့၏ ပိုင်းခြားမှုကားကမ်းဖြစ်သည်။ လူတို့တွက်ကား စည်းကမ်းသည် နယ်နိမိတ်ပင် ဖြစ်သည်။
‘စည်းကမ်းသည် လူ၏တန်ဖိုး’ ဟူသောဆိုရိုးစကားအတိုင်း စည်းကမ်းရှိမှသာလူသည်တန်ဖိုးရှိပေမည်။ တန်ဖိုးရှိသောလူဖြစ်ရေးအတွက် စည်းကမ်းရှိမရှိက အဆုံးအဖြတ်ပေးမြဲဖြစ်ပါသည်။ စည်းကမ်းမရှိလျှင်ကား တန်ဖိုးမရှိနိုင်ပေ။ လူချင်းတူသော်လည်းစည်းကမ်းရှိသူနှင့် စည်းကမ်းမဲ့သူ၏ ဘဝသည် ကွာခြားလှပါသည်။ တိုင်းပြည်တစ်ပြည်သည် မည်မျှပင်ဖွံ့ဖြိုးတိုးတက်နေစေကာမူ စည်းကမ်းမရှိပါက ထိုတိုင်းပြည်၏ လွတ်လပ်ရေးသည် ကြာရှည်မတည်မြဲနိုင်ပါ။ သူ့ကျွန်ဘဝသို့ ရောက်ရှိသွားပေမည်။
ကျောင်း၊ ရုံးတွင်လည်းစည်းကမ်း၊ အလုပ်တွင်လည်း စည်းကမ်းရှိပါသည်။ ထိုစည်းကမ်းများကို လိုက်နာဆောင်ရွက်မှ လူတန်းစေ့စေ့ နေနိုင်မည်ဖြစ်ပါသည်။ စည်းကမ်းမလိုက်နာခဲ့လျှင် ‘မြန်မာတွေ စည်းကမ်းဖောက်လို့ ထီးနန်းပျောက်ခဲ့ပြီ’ ဟူသောစကားသည် စည်းကမ်းဖောက်၍ သူ့ကျွန်ဘဝ ရောက်ခဲ့ရသော မြန်မာတို့၏ အဖြစ်ကိုမီးမောင်းထိုးပြနေပါသည်။
စည်းကမ်းမည်သည် အလေ့အကျင့်မှ ပေါ်ပေါက်လာခြင်းဖြစ်သည်။ အလေ့အကျင့်ကောင်းသူသည် အကျင့်စရိုက်ကောင်းသူဖြစ်၍ စည်းကမ်းကောင်းသူလည်းဖြစ်တတ်ပါသည်။ အကျင့်ဆိုးရှိသူသည် စရိုက်မကောင်းသူဖြစ်၍ စည်းကမ်းမဲ့သူလည်းဖြစ်တတ်ပါသည်။ စည်းကမ်းမဲ့မှုကြောင့် မိမိကိုသာမက သူတစ်ပါးကိုပါ ပျက်စီးနစ်နာစေတတ်ပါသည်။ စည်းကမ်းကိုငယ်စဉ်ကတည်းက လေ့ကျင့်ပေးသင့်သည်။ ဆုံးမခြင်းသည် စည်းကမ်းပေးခြင်းတစ်မျိုးပင်ဖြစ်သည်။ ‘သားငယ်ကိုမဆုံးမမူ၊ မိဘတစ်လည်၊ ရန်သူမည်၏’ ဟုဆိုရိုးရှိသည်။ ဆုံးမခြင်းသည် စည်းကမ်းပေးခြင်းတစ်မျိုးပင်ဖြစ်သည်။ ဖြောင့်လွန်းသောသစ်ပင်သည် အတက်ရခက်သကဲ့သို့ ကြီးလေးလွန်းသောစည်းကမ်းသည် လိုက်နာရန်ခက်ခဲလှဘိ၏။ စည်းကမ်းတင်းကျပ်လွန်းလျှင် စိတ်ဓာတ်ပျက်ပြားတတ်သည်။ ထို့ကြောင့် စည်းကမ်းသည် “ထောင်”မဖြစ်သင့် “အိမ်” ဖြစ်သင့်သည်။
လူ့ဘဝတွင်စည်းကမ်းကြောင့် အောင်ပန်းပန်၍ အောင်လံစိုက်ခဲ့သည်ကို သမိုင်းစာမျက်နှာများတွင် ထင်ရှားစွာတွေ့နိုင်ပါသည်။ စည်းကမ်းသည် လူ့သမိုင်းကိုပြောင်လက်တောက်ပစေနိုင်သည်။ ဤနည်းအားဖြင့် လူ့ဘဝတွင်စည်းကမ်းသည် ရေပမာ၊ လေပမာမရှိမဖြစ်လိုအပ်ကြောင်း နားလည်လာရသည်။ စည်းကမ်းသည် နေရာတကာတွင်ရှိလေသည်။ လူသားတစ်ဦး၏ နေ့စဉ်လှုပ်ရှားသွားလာလုပ်ကိုင်နေသည့် လုပ်ငန်းဆောင်တာ အားလုံးစည်းကမ်းနှင့်မလွတ်ကင်းနိုင်ချေ။ စည်းကမ်းနှင့်ဆက်စပ်၍ လူများလိုက်နာထိန်းသိမ်းကြရမည့် သတ်မှတ်ချက်များ၊ ဥပဒေများ၊ နည်းလမ်းများ၊ ကျင့်ဝတ်များစသည်တို့ ပေါက်ဖွားလာခဲ့သည်။ အိမ်စည်းကမ်း၊ ရပ်ရွာစည်းကမ်း၊ လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်း၊ ကျောင်းစည်းကမ်း၊ ဝန်ထမ်းစည်းကမ်းစသည်ဖြင့် လိုက်နာဖွယ်စည်းကမ်းများရှိပါသည်။
ထို့ကြောင့် လုပ်ငန်းခွင်စည်းကမ်းကိုလိုက်နာရမည်။ သို့မှသာ အလုပ်ခွင်လည်း တိုးတက်ကြီးပွားလာပါမည်။ ကျွဲကူးရေပါဆိုသကဲ့သို့ အလုပ်ခွင်ရှိလူများလည်း တိုးတက်ကြီးပွားလာပါလိမ့်မည်။ မိမိ၏အဖွဲ့အစည်းလည်းတိုးတက်ပြီး တိုင်းပြည်လည်းတိုးတက် ကြီးပွားချမ်းသာလာမည်ဖြစ်ပါသည်။ ကျွနုပ်တို့အားလုံး အလုပ်ခွင်စည်းကမ်းလိုက်နာခြင်းဖြင့် တိုင်းပြည်အကျိုးမျော်ကိုး၍ လိုက်နာကြပါစို့ဟု တိုက်တွန်းအပ်ပါသည်။
နန်းစန်းစန်းဝင်း
Like On Facebook
Follow On Twitter
Subscribe On RSS