Thursday, January 24, 2019

ပေ(၁၂၀x၃၀)ရှိ ပင်လောင်းမြို့နယ် ပင်ခင်ကျေးရွာအုပ်စု အမကမူလွန်ပင်ခင်ကျောင်းဆောင်သစ်အား ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ (၂၄) ရက်
















နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပံ့ပိုးကူညီမှု၊ ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေရှင်း၏ ရံပုံငွေထောက်ပံ့မှုဖြင့် (စေတနာအဖွဲ့)နှင့် ဒေသခံပြည်သူများပူးပေါင်းဆောက်လုပ်သည့် ပင်လောင်းမြို့နယ် ပင်ခင်ကျေးရွာအုပ်စု အမက(မူလွန်)ပင်ခင်ကျောင်းဆောင်သစ်အား ပညာရေး ဝန်ကြီးဌာန သို့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၂၄)ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် လွဲပြောင်းပေးအပ်ခဲ့ ကြောင်းသိရပါသည်။

ကျောင်းဆောင်သစ်အား ပင်ခင်ကျောင်းထိုင်နာယကဆရာတော်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဌဖြားခွန်စံလွင်၊ ပင်လောင်းမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဖြားခွန်မောင်သောင်းနှင့် ပြည်နယ်လွတ်တော်ဖြားခွန်စောအောင်၊ နိပွန်ဖောင်ဒေးရှင်း (စေတနာအဖွဲ့) မှဆရာမဒေါ်အေးအေးသန့်၊ ရှမ်းပြည်နယ်တောင်ပိုင်း နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန် ကြားရေးမှူးဦးခင်မောင်သက်တို့ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီးသည်နှင့် အမှတ်တရသစ်ပင်စိုက်ပျိုးခဲ့ကြကြောင်းသိရှိရပါသည်။

အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဌဦးခွန်စံလွင်မှ "၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ စစ်တမ်းများအရမြန်မာနိုင်ငံမှာ အသက်(၅)နှစ်မှ (၁၆)နှစ်အထိ ကလေး(၂.၇)သန်းမှာ ကျောင်းလုံးအနေဖူးသူနှင့် တ၀က်တပျက်နှင့် ကျောင်းထွက်သွားရသူများဖြစ်ကြောင်း၊ အသက်(၁၅)နှစ်နှင့် အထက် စာအတတ်သူဦး ရေမှာလည်း(၃.၅)သန်းရှိသည့်အတွက်ကြောင့် ပညာရေးနှင့်ပတ်သက်ပြီး ဖြည့်ဆည်း ပေးစရာများစွာရှိကြောင်း၊ ပညာရေးလိုအပ်ချက်များကို မိဘဆရာပူးပေါင်းကလေးပညာကောင်း ဆိုသည့်ဆောင် ပုဒ်အတိုင်း လိုက်နာ ဆောင်ရွက်ပေးကြလိုကြောင်းနှင့် မိဘပြည်သူများ သိသင့်သိထိုက်သည့် ပညာဗဟုသုတများ” ကို တိုက်တွန်းအမှာစကားပြောကြားပေးခဲ့ပါသည်။

ဆက်လက်ပြီး ပင်လောင်းမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဦးခွန်မောင်သောင်းက ပင်လောင်းမြို့နယ်၏ပညာရေးနှင့် ပတ်သက်ပြီး တာဝန်ရှိပုဂ္ဂိုလ်တွေ ဘယ်လိုကြိုးစားလာခဲ့ရသည့်အကြောင်းများ၊ မိဘတွေနဲ့သားသမီးတွေကို ဘယ်လိုတွန်းလှန်ခဲ့ရသည့်အကြောင်းများ၊ သားသမီးတွေဟာ ပညာရေးနှင့်ပတ်သက်ပြီးတော့မှ ဘယ်လိုအနေအထားမျိုးဆောင်ရွက်ရင်ကောင်းမလဲ အကြောင်းများ၊ နိပွန်ဖောင်ဒေးရှင်းရဲ့ အမှတ်တရဖြစ်ခဲ့ရတဲ့ အကြောင်းအရာများနှင့် ငြိမ်းချမ်းရေးဆိုင်ရာအကြောင်းအရာများကိုလည်ကောင်း ပင်လောင်းမြို့နယ်၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဦးခင်မောင် သက်နှင့်နိပွန်ဖောင်ဒေးရှင်း (စေတနာအဖွဲ့) မှဆရာမဒေါ်အေးအေးသန့်တို့မှလည်း ၎င်းတို့၏ လုပ်ငန်းစဉ်အကြောင်းအရာများကို လည်းကောင်းအကျယ်တ၀င့် အမှာစကားအသီးသီးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

ထို့နောက် ကျောင်းဆောင်သစ်နှင့် သက်ဆိုင်သည့်စာရွက်စာတမ်းများ လွှဲပြောင်းပေးအပ်ခြင်း၊ ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် နိပွန်ဖောင်ဒေးရှင်း (စေတနာအဖွဲ့)မှ ရံပုံငွေ (၈၆)သိန်းကို ပြန်လည်ပေးအပ်ခြင်းနှင့် ကျောင်းဆောင်သစ်အထိမ်းအမှတ်အနေဖြင့် အလံများ ပြန်လည်ပေးအပ်ခဲ့ပါသည်။

ဆက်လက်ပြီး ပင်ခင်ကျေးရွာအုပ်စုဒေသခံများအားလုံးကိုယ်စား ကျောင်းဆောက်လုပ်ရေးကော်တီ ဦးတင်ထွန်းမှ ယခုလိုမမျော်လင့်ဘဲ ကျောင်းဆောင်သစ် ပေ (၁၂၀x၃၀) ကျောင်းဆောင်သစ်အပြင် ကျောင်းသုံးပရိဘောဂများအား ရရှိခဲ့တဲ့အတွက် ဒေသခံပြည်သူများအနေဖြင့် အလွန်ကျေးဇူးတင်ဝမ်းမြောက်မိပါကြောင်း၊ မကြာတော့မယ့် အချိန်ကာလတစ်ခုမှာ ဤဒေသမှ ရှိကြတဲ့ အနာဂါတ်မျိုးဆက်သစ်ကလေးများအားလုံး ဤကျောင်းဆောင်သစ်တွင် လူသစ်စိတ်သစ်ဘ၀သစ်ဖြင့် ငြိမ်းချမ်းစွာပညာသင်ကြားရတော့မယ်ဖြစ်ကြောင်း၊ ဤကျောင်းဆောင်သစ်ဖြစ်မြောက်အောင် အဖက်ဖက်မှကူညီပေးသော လူကြီးမင်းများဌာနဆိုင်ရာဝန်ထမ်းများအားလုံးနှင့် ကျေးဇူးတင်ထိုက်တူအားကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါ ပင်ခင်အမကမူလွန်ကျောင်းဆောင်သစ်ကို  ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေရှင်း၏ ရံပုံငွေထောက်ပံ့မှုဖြင့် စေတနာအဖွဲ့မှ သိန်း(၅၂၀)ကျော်နှင့် ဒေသခံမိဘပြည်သူများမှ သိန်း(၈၆)ကျော် ပါဝင်လှူဒါန်းပြီး ပေ(၁၂၀x၃၀) တစ်ထပ်ကျောင်း၊ အုတ်နံရံ၊ အင်္ဂတေကြမ်းခင်း၊ အလူဇင့်သွပ်မိုး၊ (၅)ခန်းတွဲ ရေလောင်းအိမ်သာတစ်လုံး၊ (၅ x ၅ x ၅)ပေအရွယ် ရေလှောင်ကန်(၁)ကန်၊ အလံတိုင်၊ ကျောင်းသားစာရေးခုံနှင့်ထိုင်ခုံ(၅၀)စုံ၊ ဆရာ/မ စားပွဲခုံ နှင့်ထိုင်ခုံ(၅)စုံ၊ ၀ိုက်ဘော့ (၅)ချပ်နှင့် ဒေသဖွံ့ဖြိုးရေးရန်ပုံအတွက် (၈၆)သိန်းး ပေးအပ်လှူဒါန်းကျောင်းသိရပါသည်။

ပင်ခင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဖြားခွန်မောင်ကြီးက လွန်ခဲ့သော (၃/၄)နှစ် ကျောင်းဆောင်မလောက်သည့် အခက်အခဲများကိုကြုံတွေ့ရပြီး ဘုန်းကြီးကျောင်းမာ စာသင်ရတယ် အဲ့ကနေတဆင့် ဘုန်းကြီးကဦးဆောင်ပြီး ဒီနေရာမှာ ကျောင်းဆောင်ဆောက်လုပ်ပေးခဲ့ပါတယ်။ ယခုတော့ စေတနာအဖွဲ့က ထပ်ပြီး ကျောင်းဆောင်သစ်ထပ်မံဆောက်လုပ်ပေးတဲ့အတွက် ပိုပြီးအဆင်ပြေတာပေါ့။ ပင်ခင်အလက(မူလွန်)ကျောင်းမှာ ကျောင်းသားဦးရေ (၁၄၂)ဦး ပညာသင်ကြားလျက်ရှိသည်။ ပင်လောင်းမြို့နယ်၊ ပင်ခင်ကျေးရွာအုပ်စုသည် နိုင်ငံတော်၏ အစားထိုးဖွံ့ဖြိုးမှု ရှေ့ပြေးစီမံကိန်း(Pilot Project)တွင် နိုင်ငံတော်မှ ဖွံ့ဖြိုးမှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

ထိုအခမ်းအနားသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသဦးစီးဥက္ကဌ ဖြားခွန်စံလွင်နှင့် အဖွဲ့များ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဗဟိုဌာနချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပါရမီဖွံ့ဖြိုးရေးကွန်ယက် ဥက္ကဋ္ဌဦးအောင်ခင်နှင့်အဖွဲ့များ၊ ပင်လောင်မြို့နယ် ပြည်သူ့လွှတ်တော် ဖြားခွန်မောင်သောင်း၊  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဖြားခွန်စောအောင်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်သက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုင်းချမ်းမြေ့ဝင်း၊ မြို့နယ်ပညာရေးမှူး ဦးထိန်ဝင်းအောင်၊ နိပွန်ဖောင်ဒေးရှင်း(စေတနာအဖွဲ့)မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျောင်းအုပ်နှင့် ကျောင်းဆရာ/မများ၊ ကျောင်းဆောက်လုပ်ရေးကော်မတီအဖွဲ့များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် ဒေသခံရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

နန်းခမ်းဗွေ
Powered by Blogger.