Sunday, January 27, 2019

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးခွန်သိန်းဖေမှ ကြယ်ပွင့်မပြမေးခွန်းမေးမြန်းခြင်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး၏ ပြန်လည်ဖြေကြားချက်

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ (၂၈)ရက်

Photo- MRTV




ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့နယ်ခွဲ၊ ပင်တွန်ကျေးရွာအုပ်စု၊ ထီခေါင်းကျေးရွာမှ ညောင်ရွှေမြို့နယ်၊ နန်းတက် - လွယ်မွန်းကျေးရွာသို့ ဆက်သွယ်သည့် မြို့နယ်ချင်းဆက်၊ ကျေးရွာချင်းဆက်ကိုယ်ထူကိုယ်ထမြေသားလမ်းအားကျောက်ချောလမ်းအဖြစ် အဆင့်မြင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိကိုဒုတိယအကြိမ် (၁၁)ကြိမ်မြောက် အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးတွင် ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေက ကြယ်ပွင့်မပြမေးခွန်းမေးမြန်းခဲ့ပါသည်။

အဆိုပါ မေးခွန်းများနှင့် ပတ်သက်ပြီးသက်ဆိုင်ရာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းမှ ပြန်လည်ဖြေကြားရာတွင် လွှတ်တော်ကိုယ်စားလှယ်မေးမြန်းသည့် ထီခေါင်း - နန်းတက် - လွယ်မွန်းကျေးလက်လမ်းသည် တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့နယ်ခွဲ၊ ကျောက်တလုံး-ပင်တွန်လမ်းမကြီးပေါ်ရှိထီပုံရွာမှ ထီခေါင်းရွာအထိ (၈/၃)မိုင်၊ ထီခေါင်းရွာမှ ညောင်ရွှေမြို့နယ်၊ နန်းတက်ရွာအထိ (၅)မိုင်၊ နန်းတက်ရွာမှ ဆီဆိုင်-ညောင်ရွှေ လမ်းမကြီးပေါ်ရှိလွယ်မွန်းရွာအထိ (၃)မိုင်၊ စုစုပေါင်း (၁၆/၃)မိုင်ခန့် ရှည်လျားသည့် လမ်းကြောင်းတွင် ပါဝင်ပါသည်။ အဆိုပါလမ်း  (၁၆/၃)မိုင်အနက် ကျောက်တလုံးမြို့နယ်ခွဲ၊ ထီပုံး - ထီခေါင်း (၈/၃)မိုင် မြေသားလမ်းဖောက်လုပ်ခြင်းနှင့် ကွန်ကရစ်တံတား (၃၀)ပေ (၁)စင်း၊ (၂၀)ပေ (၂)စင်း၊ (၁၀)ပေ (၁)စင်းနှင့် (၅)ပေ Box Culvert (၅)စင်းတည်ဆောက်ခြင်းလုပ်ငန်းများအား ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။

ကျန်ရှိသည့် ကျောက်တလုံးကြီးမြို့နယ်ခွဲ၊ ထီခေါင်းမှ ညောင်ရွှေမြို့နယ်၊ နန်းတက် - လွယ်မွန်းလမ်းပိုင်း (၈/၀)မိုင်ကိုဒေသမှ ကိုယ်ထူကိုယ်ထတစ်ကြောင်း ထိုးမြေလမ်းဖောက်လုပ်ထားပြီး ကျောက်တလုံးကြီးမြို့နယ်ခွဲ၊ ထီခေါင်းကျေးရွာမှ ညောင်ရွှေမြို့နယ်၊ နန်းတက်ကျေးရွာအထိ (၅/၀)မိုင်မှာအတက်အဆင်းမတ်စောက်သောလမ်းအကျယ် (၈)ပေခန့်ရှိတောင်ပေါ်ပတ်လမ်းဖြစ်ကြောင်း၊ နန်းတက်ကျေးရွာမှ လွယ်မွန်းကျေးရွာအထိ (၃/၀)မိုင်မှာမြေပြန့်ဖြစ်သည့်အပြင် လယ်မြေ၊ ခြံမြေများနှင့် လွတ်ကင်းခြင်းကြောင့် သတ်မှတ်အကျယ်ဖြင့် အဆင့်မီမြေသားလမ်းဖောက်လုပ်နိုင်ရေးအတွက်လုံလောက်သောမြေအကျယ်ရရှိနိုင်သည့် လမ်းအပိုင်းဖြစ်ပြီးလက်ရှိလမ်းအကျယ် (၁၄)ပေခန့် ရှိပါကြောင်း၊ ထီခေါင်း - နန်းတက် - လွယ်မွန်းကိုယ်ထူကိုယ်ထမြေသားလမ်းအားကျောက်ချောလမ်းအဖြစ် အဆင့်မြင့်တင်ပေးရန်အတွက် သတ်မှတ်လမ်းအကျယ် (၂၆)ပေခန့်ရှိသောမြေလမ်းအဖြစ် ဦးစွာဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် လမ်းကြောင်းတစ်လျှောက် (၂၀)ပေတံတား (၁)စင်းနှင့် (၁၀)ပေ Box Culvert (၂)စင်းတို့ ထည့်သွင်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း ဒေသ၏တင်ပြချက်၊ မြေပြင်ကွင်းဆင်းစစ်ဆေးချက်များအရသိရှိရပါသည်။

အဆိုလမ်းအား အဆင့်မြင့်တင်ပေးခြင်းဖြင့် တောင်ကြီး - ကျောက်တလုံးလမ်းမှ ဆီဆိုင် - ညောင်ရွှေ(တုံဟုံး)လမ်းမကြီးသို့ ဆက်သွယ်သွားလာနိုင်မည်ဖြစ်သဖြင့် ကျောက်တလုံးကြီးမြို့နယ်နှင့် ညောင်ရွှေမြို့နယ်များရှိကျေးရွာ(၆)ရွာ၊ အိမ်ခြေ၊ (၄၄၈)အိမ်၊ လူဦးရေ (၂၈၂၄)ဦးတို့အားအကျိုးပြုနိုင်မည်ဖြစ်ကြောင်းသိရှိရပါသည်။

သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်မေးမြန်းသည့် ထီခေါင်း - နန်းတက် - လွယ်မွန်းကိုယ်ထူကိုယ်ထမြေသားလမ်း (၈)မိုင်အား ကျောက်ချောလမ်းအဆင့်မြင့်တင်ပေးရန်ကိစ္စနှင့် စပ်လျဉ်း၍ မြို့နယ်/ခရိုင် ဒေသကော်မတီများမှ အသေးစိတ်မြေပြင်ကွင်းဆင်းလေ့လာစိစစ်၍ အမှန်လိုအပ်ပါက အသေးစိတ်အချက်အလက်များနှင့်တကွ ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြပေးရန် လိုအပ်မည်ဖြစ်ပြီး ကွင်းဆင်းတင်ပြချက်အပေါ် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လေ့လာစိစစ်၍ လိုအပ်သလိုရန်ပုံငွေတင်ပြလာပါက နယ်စပ်ဒေသဖွံဖြိုးရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော်နိုင်ရန် မှတ်တမ်းတင်ထားရှိမည်ဖြစ်ပါကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် စီမံကိန်းလုပ်ငန်းများကို နှစ်စဉ်ထည့်သွင်းလျာထားရာတွင် ရန်ပုံငွေဝင်ဆံ့မှုဘောင်အတွင်းကသာ လျာထားဆောင်ရွက်ရပါသဖြင့် ရန်ပုံငွေတိုးမြင့်ရရှိမှုအပေါ်မူတည်၍ လုပ်ငန်းများကိုပိုမိုလျာထားပေးနိုင်မည်ဖြစ်ပါကြောင်းနှင့် လက်ရှိအတိုင်းရန်ပုံငွေရရှိမည်ဆိုပါက ယခုလွှတ်တော်ကိုယ်စားလှယ်မေးမြန်းသည့်လုပ်ငန်းကိုတတိယ(၅)နှစ်စီမံကိန်းတွင်သာ လုပ်ငန်းဦးစားပေးအစီအစဉ်အရ လျာထားဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်းပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်ဟု သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် မဲဆန္ဒရှင်မိဘပြည်သူများသိရှိနိုင်စေရန် အသိပေးတင်ပြအပ်ပါသည်။


လွှတ်တော်ရေးရာဌာန
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး
Powered by Blogger.