စာပေဖတ်ရှုလေ့လာမှုဓလေ့သည် လူသားများလူနေမှုအဆင့်အတန်းတိုးတက်လာစေနိုင်သည့် ထူးခြားသည့် အရင်းအနှီးတစ်ခုဟုဆိုလျှင် မှားမည်မထင်ပါ။ “စာပေ”အရေးအသား၊ “ဘာသာစကား” အပြောအဆိုများသည် လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံဆက်သွယ်ဆက်ဆံရာတွင် ပေါင်းကူးဆက်သွယ်ပေးသည့် တံတားဟုဆိုနိုင်ပေသည်။ လူတိုင်းသည် မိမိတို့အသိဉာဏ်တိုးပွားစေရန်အတွက် မိမိတို့နေထိုင်မှုပတ်ဝန်းကျင်ပေါ်အခြေခံ၍ စာပေဖတ်ရှုလေ့လာမှု မတူညီနိုင်ပါ။ အကျိုးပြုစာပေ၊ ရည်ညွှန်းစာပေ၊ သုတစာပေမှအစအခြေခံရသဝတ္ထုအဆုံးဖတ်မှတ်ကြရပါသည်။ မိမိလေ့လာရန်လိုအပ်သည့်စာပေများကိုကဏ္ဍများခွဲခြားထားနိုင်ပါကစာပေဖတ်ရှုလေ့လာမှုအားကောင်းလာနိုင်သည့်နည်းလမ်းတစ်သွယ်ဖြစ်လာနိုင်ပါသည်။ ဝါသနာအလျောက် ရေးသားထုတ်ဝေသည့်ပုဂ္ဂိုလ်များ၏ စာအုပ်များ၊ စကားပုံများ၊ ကဗျာများ၊ ဥပမာများနှင့် ဆောင်းပါးများအကြောင်းကိုလည်းတစ်စေ့တစ်စောင်းတင်ပြလိုပါသည်။
“ရေမြှင့်ကြာတင့်သကဲ့သို့ စာပေမြှင့်လျှင် လူမျိုးတင့်မည်”ဆိုသည့်စကားပုံအတိုင်းလူတစ်ဦး၊ ရွာတစ်ရွာ၊ မြို့တစ်မြို့၊ နိုင်ငံတစ်နိုင်ငံဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့ဆိုလျှင် စာပေလိုက်စားမှုသည် များစွာအထောက်အကူဖြစ်စေသည့်အကြောင်းအရာများကိုဦးစွာတင်ပြလိုပါသည်။ (၁) မှားယွင်းသောအယူအဆအစွဲအလမ်းများပပျောက်စေရန်၊ (၂) စိတ်ကောင်းရှိရန်၊ (၃) လောကဓံခံနိုင်ရည်ရှိရန်၊ (၄) စိတ်ဖိစီးမှုသက် သာရန်၊ (၅) ကိုယ်ချင်းစာစိတ်ရှိရန်၊ (၆) လူညံ့မဖြစ်ရန်၊ (၇) လူတော်လူကောင်းဖြစ်ရန်၊ (၈) ဆင်ခြင်တုံတရားရှိလာရန်၊ (၉) မဇ္ဇျိမပဋိပဒါလမ်းစဉ်များကျင့်သုံးနိုင်ရန် စသည့်အချက်တိုင်းသည် စာဖတ်ခြင်းမှ ရရှိနိုင်ပါသည်။
“စာအုပ်စာပေလူ့မိတ်ဆွေ”ဆိုသည့်အတိုင်းစာပေများကိုလေ့လာဖတ်ရှုရာတွင် စာကြည့်တိုက်မှ သော်လည်းကောင်း၊ Online မှ သော်လည်းကောင်း၊ မိမိရရှိသည့်မုန့်ဖိုးငွေမှ ဝယ်ယူခြင်းဖြင့် သော်လည်းကောင်းအမျိုးမျိုးလေ့လာဖတ်ရှုနိုင်ပါသည်။ “အလိမ္မာစာမှာရှိ”ဆိုသည့်အတိုင်းစာပေတွင်မွေ့လျော်နိုင်မှသာလျှင် မိမိတို့သည် ခေတ်နှင့်အညီပြောင်းလဲနေသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစသည်တို့နှင့် အမှီလိုက်နိုင်ရန် နည်းလမ်းကောင်းဖြစ်သည်။
ဆက်လက်၍ မိမိလေ့လာဖတ်ရှုထားသည့် စာရေးဆရာအချို့၏ စာပေများအကြောင်းမှ စာဖတ်ပရိသတ်များစာပေလိုက်စားရာတွင် အထောက်အကူဖြစ်စေရန်၊ စိတ်ခွန်အားဖြစ်စေရန် ရည်ရွယ်၍ ထပ်ဆင့်မျှဝေချင်ပါသေးသည်။ ပထမဦးစွာဝန်ကြီးချုပ်ဦးနုအကြောင်းကိုအကျဉ်းချုံးတင်ပြလိုပါသည်။ ဝန်ကြီးချုပ်ဦးနု၏စာအုပ်ကောင်းများထဲမှ မိတ္တဗလဋီကာစာအုပ်သည် စာဖတ်ပရိသတ်များအတွက် လူမှုဆက်ဆံရေးပညာကိုများစွာအထောက်အကူဖြစ်စေသည်ကိုဖတ်ရှုလေ့လာဖူးသည့်ပုဂ္ဂိုလ်တိုင်းအသိပင်ဖြစ်သည်။
အိုးဝေဦးညိုမြကလည်းစာဖတ်ပရိသတ်များကို “မီးစာဟူသည်၊ ရေနံဆီ၌၊ တာရှည်စိမ်မှ၊ အရည်ဝကာ၊ ကာလရှည်ကြာ၊ လင်းရောင်ဖြာသို့၊ ပမာထို့တူ၊ စာကြည့်သူလည်း၊ နတ်လူရပ်ရွာ၊ ကောင်းကျိုးငှာလျှင်၊ လေ့လာကျက်မှတ်၊ ပိဋကတ်တိုက်၊ မပြတ်မွေ့လျော်၊ စာမှာပျော်မှ၊ နောင်သော်မြန်မာ၊ ပြည်တော်သာလိမ့်မည်”ဟူသောကဗျာဖြင့် စာဖတ်ပရိသတ်များအတွက် အလင်းပြလမ်းညွှန်ခဲ့ပါသည်။
စာအုပ်ဝယ်ဖတ်နိုင်အောင် ငါးကင်ရောင်းခဲ့ရသည့် ဆရာဇော်ဇော်သည် ယခုအချိန်တွင် လူများကြည့်ရှုအသုံးပြုလေ့လာနိုင်ရန်ရည်ရွယ်၍ စာကြည့်တိုက်ကိုရန်ကုန်မြို့နှင့် မန္တလေးမြို့နေစာဖတ်ပရိသတ်များအတွက် စာအုပ်ပေါင်းများစွာကိုအလွယ်တကူအခမဲ့ ကြည့်နိုင်အောင် ဖန်တီးလှူဒါန်းခဲ့သည်မှာခေတ် လူငယ်တို့ အတုယူစံထားဖွယ်တစ်ခုဖြစ်သည်ကိုစာပေဖတ်ရှုလေ့လာသည့်အတွက် ပြန်လည်မျှဝေပေးနိုင် ခြင်းသာဖြစ်သည်။
စာသည် လူမျိုးမရွေး၊ ဘာသာမရွေး၊ ကိုယ့်ဘာသာအက္ခရာစံနည်းနှင့်ကိုယ်ရှိနေကြသည်ကို မြှင့်တင်ရန်လိုအပ်ပါသည်။ စာပေမြှင့်မှ၊ လူမျိုးမြှင်မည်၊ နိုင်ငံမြှင့်မည်၊ ဖွံ့ဖြိုးတိုးတက်မည်ဆိုသည့်အတိုင်းစာဖတ်ရှိန်မြှင့်တင်ခြင်းကိုရပ်ရွာအလိုက် စာကြည့်တိုက်များထားရှိလာကြသည်မှာကောင်းသော စာဖတ်ဓလေ့တစ်ခုဖြစ်သော်လည်းစာဖတ်ပရိသတ်များလာမှ စာကြည့်တိုက်သက်ဝင်လှုပ်ရှားလာမည်မှာသေချာသောစကားတစ်ခုဖြစ်နေပါသည်။
စာဖတ်ရှိန်မြှင့်တင်ခြင်းကိုစာပေဟောပြောပွဲ၊ ကျပန်းစကားပြောပွဲ၊ ရေးသူဖတ်သူဆွေးနွေးပွဲများ၊ ဆောင်းပါးများ၊ ကဗျာများ၊ ဝတ္ထုများရေးသားခြင်းနှင့် Update ဖြစ်သည့် သတင်းစာများ၊ ဂျာနယ်များစသည့်မိဘပြည်သူများစိတ်ဝင်စားသည့်ကဏ္ဍများဖြင့် ဖြည့်စွက်နိုင်ရန် လိုအပ်ပါသည်။ ဤအချက်များကဲ့သို့ ဆရာတင်မိုးက “ငှက်တစ်ကောင်လည်း၊ အတောင်မဲကပျံမရ၊ လှေရှိလျက်လည်းတက်မပါကလှော်မရ၊ လူဖြစ်ပါလျက် စာမတတ်ကမှောင်မင်းမူလျက် လူမပီသဂုဏ်နိမ့်ကျ၊ လူလိုသိရန် လူ၏ဂုဏ်ရောင် ထွန်းလင်းပြောင်ဖို့ အမှောင်ကိုတိုက် အမိုက်ကိုခွာလေးမျက်နှာတွင် တို့စာသင်ကြ၊ စာဖတ်ကြ”ဟူသောကဗျာဖြင့် မီးမောင်းထိုးပြခဲ့သည်။
“စာမဖတ်သူသည် စိတ်အာဟာရချို့တဲ့သူဖြစ်သည်။ စာမဖတ်သူသည် မျက်လုံးများရှိလျက် ကန်းနေသူဖြစ်သည်။ စာမဖတ်သူသည် ဦးနှောက်များရှိလျက် အသိဉာဏ်မဲ့သူဖြစ်သည်။”ဆိုသည့်အတိုင်းစာပေဖတ်ရှုမှုသည် လူတိုင်းကင်းကွာ၍မရကြောင်း၊ စာအုပ်သည် အကြီးမားဆုံးအပြည့်ဝဆုံးသောအင်အားတစ်ရပ်ဖြစ်ကြောင်းကိုသိရှိလာပြီးလူတိုင်းစာဖတ်ခြင်းဓလေ့ကိုကျင့်သုံးလာရန်ရည်ရွယ်၍ ဤ“စာဖတ်ခြင်းဓလေ့”ဆောင်းပါးအဖြစ်တင်ပြလိုက်ပါသည်။
ပအိုဝ်;မူ,ပေ,(ခမ်းစန္တာ;)
Like On Facebook
Follow On Twitter
Subscribe On RSS