Monday, January 28, 2019

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေမှ ကြယ်ပွင့်မပြမေးခွန်း မေးမြန်းခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး၏ ပြန်လည်ဖြေကြားချက်

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ (၂၉)ရက်




ရှမ်းပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၉)၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ခွန်သိန်းဖေမှ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ နန်းဟောင်းကျေးရွာအုပ်စု၊ နောင်ကျင်ကျေးရွာနှင့် ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု၊ ဆပ်သေမြေမဲကျေးရွာအကြား ဆက်သွယ်ထားသည့် တောင်နောင်းချောင်းပေါ်ရှိ နောင်ကျင်းတံတားအား နိုင်ငံတော်အစိုးရမှ ကွန်ကရစ်တံတားအဖြစ် လာမည့်ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ စပ်လျဉ်းသည့် ကြယ်ပွင့်မပြမေးခွန်းကို မေးမြန်းခဲ့ပါသည်။

မေးခွန်းမေးမြန်းမှုနှင့်ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရ၏ ရှင်းလင်းဖြေကြားချက်ကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၂၀၁၉-ခုနှစ်၊ ဇန်န၀ါရီလ(၁၁)ရက်၊ စာအမှတ်၊ ၂-၁၂/ အမ (စည်းဝေး)/  ၂၀၁၉ - ၂၇ (၁၁) ဖြင့် ပြန်လည်ပေးပို့ချက်အရ တောင်ကြီးမြို့နယ်၊ နန်းဟောင်းကျေးရွာအုပ်စု၊ နောင်ကျင်းကျေးရွာနှင့် ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု၊ ဆပ်သေမြေမဲကျေးရွာအကြားတည်ရှိသည့် တောင်နောင်းချောင်းထိ တောင်ကြီးမြို့နယ်အခြမ်းတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၈-ခုနှစ်ပထမ(၆)လ ဘဏ္ဍာရန်ပုံငွေဖြင့် နောင်ကျင်းကျေးရွာမှ တောင်နောင်းချောင်းထိ အရှည် (၂/၁) မိုင်အား ကုန်ထုတ်မြေသားလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးထားပြီးဖြစ်ပါသည်။ ရပ်စောက်မြို့နယ် အခြမ်းတွင် ဆတ်သေ - မြေမဲမှ တောင်နောင်းချောင်းထိ မြေသားလမ်း(၃/၆)မိုင်အား ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဆောင်ရွက်ထားပြီး ဖြစ်ပါသည်။

အဆိုပါလမ်းပိုင်းသည် ရပ်စောက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ပေးရသောအပိုင်းတွင် ပါဝင်ပြီး ကျေးလက်လမ်းစာရင်းတွင် ပါဝင်ခြင်းမရှိသေးပါကြောင်း၊ ရပ်စောက်မြို့နယ်ကျေးလက်လမ်းစာရင်းတွင် ထည့်သွင်းလျာထားဆောင်ရွက်နိုင်ရေးအတွက် ဦးစီးဌာနမှ စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် နောင်ကျင်းတံတားကို ကွန်ကရစ်တံတားအဖြစ်တည်ဆောက်နိုင်ရေးအတွက် တောင်ကြီး/ရပ်စောက်မြို့နယ်များ၏ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီများက မြို့နယ်အတွင်း ဦးစားပေးအစီအစဉ်အရ ဘဏ္ဍာနှစ်အလိုက် စီမံကိန်းတွင် ထည့်သွင်းလျာထား တင်ပြလာပါက ဘဏ္ဍာရန်ပုံငွေရရှိရေးအတွက် ထည့်သွင်းလျာထား တောင်းခံတင်ပြသွားမည်ဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်ဟု သက်ဆိုင်ရာဌာနများနှင့်  မဲဆန္ဒရှင်ပြည်သူများ သိရှိစေရန် အသိပေးတင်ပြအပ်ပါသည်။

လွှတ်တော်ရေးရာဌာန
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ဗဟိုဌာနချုပ်ရုံး
Powered by Blogger.