Wednesday, July 6, 2016

မိုးရာသီ ဒို့တောရွာကလေးမြင်ကွင်း

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၇) ရက်


နှစ်တစ်နှစ်တွင် နွေ၊ မိုး၊ ဆောင်းဟူ၍ ရာသီဥတု သုံးပါးရှိသည်။ ရာသီဥတုသုံးပါးအနက် မိုးဥတုသည် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်မှု အပြည့်ဝဆုံးသော ကာလဖြစ်သည်။ မိုးရာသီတွင် တောရွာများသည် မြို့ပြများထက်ပို၍ စိမ်းလန်းစိုပြေပြီး ရှုခင်း၊ တောင်တန်းများ သွယ်တန်းလှပနေသည်။ ထိုသို့ သဘာဝပတ်ဝန်းကျင် စိမ်းလန်းနေသော မိုးရာသီတွင် မိမိကြုံတွေ့ခဲ့ရသော အတွေ့အကြုံမြင်ကွင်းကို တင်ပြလိုပါသည်။
တောရွာများသည် မိုးရာသီတွင် သစ်ပင်၊ ပန်းပင်၊ သီးနှံပင်အမျိုးမျိုး စိုက်ပျိုးကြသည်။ မိုးရာသီတွင် စားနိုင်သည့် အသီးဟူသမျှ စိုက်ပျိုးကြသည်။ လူတို့စိုက်ထုတ်ရသော အပင်မျိုးမဟုတ်ဘဲ သဘာဝပေါက်ပင်များလည်း ပေါများလှသည်။ ဥပမာ-မှိုပင်အမျိုးမျိုး၊ အင်ဥ အစရှိသောသဘာဝအပင်များ ပေါက်ရောက် ကြသည်။ မှိုအမျိုးမျိုးသည် မိုးရာသီတွင် ပေါ်ပေါက်လာသောကြောင့် မိုးရာသီအချိန်အခါတွင် မှိုကို အလွန်တရာကြိုက်တတ်သော ကျွန်ုပ်တို့အဖို့ပျော်ရွှင်နေရသည်။ ထို့အပြင် မိုးရာသီချိန်ခါ မှိုရှာရသော အရသာကိုလည်း ဘယ်အရာနှင့်မတူသော ပျော်ရွှင်မှုမျိုး၊ ခံစားမှုမျိုးဖြစ်ရသည်။ သူငယ်ချင်းများနှင့် တောထဲမှိုထွက်ရှာရာတွင် မှိုတွေ့ရှိသောသူများကို ကံကောင်းသောသူဟု ယူဆကြသည်။ မှိုများကို တောင်ပို့များတွင် အစုလိုက်အပြုံလိုက် တွေ့ရတတ်သည်။ ဖြန့်ကျဲထားသည့်အတိုင်း ပြန့်ကျဲနေသော မှိုအမျိုးအစားများသည် ရှာရသောအခါ အလွယ်တကူတွေ့ရှိနိုင်သည်။ အချို့သောမှိုအမျိုးအစားသည် ဖြူဖွေးသောအငုံများက မြေကြီးပေါ်ထိုးထွက်နေပြီး အရိုးတံများက မြေကြီးအောက် နစ်မြုပ်နေသည့်အခါ ပုံစံမပျက်အောင် ဂရုတစိုက် တူးယူရသည်။ တစ်နည်းပြောရသော် မှိုတွေ့ရှိသောအချိန်တွင် အလောတကြီး စိတ်မလှုပ်ရှားဘဲ တစ်ခုချင်းစီ တူးယူရန်ဖြစ်သည်။ တောရွာများ မိုးရာသီချိန်ခါ မှိုထွက်ရှာရာတွင် ဓလေ့ထုံးတမ်း တစ်ခုလိုဖြစ်နေသည်။ မြန်မာဆိုရိုးအတိုင်း ပြုံးရွှင်နေသောလူကိုတွေ့လျှင် “မှိုရသောမျက်နှာနှင့်”ဟု တင်စားခေါ်ဆိုကြသည်။ မှိုကို အိမ်မက်မက်လျှင် “ကံကောင်းသောသင်္ကေတ၊ ဥစ္စာဓနက သင့်ဆီရောက်ရန် လမ်းပေါ်ရောက်နေပြီ” ဟု ရှေးလူကြီးများက နိမိတ်ဖတ်တတ်ကြသည်။ သင့်ခြံထဲတွင် မှိုများပေါက်ရောက်နေပြီး၊ သင်သည် ထိုမှိုကို အဆိပ်ရှိမရှိ စစ်ဆေးခြင်းမပြုဘဲ၊ မစားဘဲနေလျှင် အသင်သည်ကံကောင်းသည်ဟု အဓိပ္ပါယ်ရသည်။ ကျေးလက်ဒေသများတွင် မွေးရာပါ ဗီဇစရိုက်နှင့် မိရိုးဖလာထုံးတမ်းအရ မှိုအမျိုးအစား၊ မှိုအဆိပ်ရှိမရှိ သိထားကြသည်။ ကျေးလက်တောရွာများတွင် မှိုအဆိပ်သင့်ပြီး သေရသည့်အဖြစ်မျိုး မရှိသလောက်ရှားပါး သည်။ မှိုကိုချက်စားသည့်အခါ ကန်စွန်းရွက်၊ ငရုပ်သီးစိမ်းနှင့် ရှောက်သီးညစ်ပြီး ရောချက်ကြသည်။ ကန်စွန်းရွက်၊ ငရုပ်သီးစိမ်းနှင့် ရှောက်သီးတို့သည် မှို၏အဆိပ်ကို ကာကွယ်ပေးသည့်အပြင် မှိုဟင်းကိုလည်း မွှေးပျံ့စေသည်။
ပိန္နဲသီးသည် မိုးဦးစတွင် သီးသောအသီးတစ်မျိုးဖြစ်သည်။ ပိန္နဲပင်သည် ပေ၂၀(သို့မဟုတ်)၃၀အထိ ရှိသည်။ အသီးသည် ကြီးမား၍ ၂ပေ(သို့မဟုတ်)၃ပေရှိပြီး၊ အလေးချိန်မှာ (၇)ပေါင်လောက်ရှိသည်။ အသီးမမှည့်မှီ အစိမ်းရောင်ရှိနေပြီး မှည့်သောအခါ အညိုရောင်ဖြစ်လာသည်။ မှည့်ပြီးကြီးမားသော အသီးနားတစ်ဝိုက်တွင် ပုရွက်ဆိတ်အုံရှိနေတတ်သည်။ ပိဲသီးမှည့်ခူးသည့်နေ့သည် မိသားစုအတွက် စိတ်လှုပ်ရှားစရာကောင်းသောနေ့ဖြစ်သည်။ ထိုနေ့တွင် အဘိုး၊ အဘွားမှအစမြေးမြစ်အထိ မိသားစုဝင် အားလုံးနှင့် အသီးခူးသမားပါ ခြံဝင်းထဲအကုန်သွားကြသည်။ အသီးခူးသမားသည် ရှည်လျားသောဓါးနှင့် သန်မာသောကြိုးတစ်ခွေပါရှိပြီး သူ၏ကိုယ်တွင် ပုရွက်ဆိတ်မကပ်စေရန် ရေနံဆီလူးထားသည်။ အသီးခူးသမားက အပင်ကိုတက်ပြီး သူလိုအပ်သော နေရာကိုရောက်ရှိသောအခါ အပင်၏ အကိုင်းခွကြားတွင် ကြိုးကို ဟိုဘက်ဒီဘက်ချထားလိုက်သည်။ ဤသို့လုပ်ရခြင်းသည် အသီးကို အပွန်းအပဲ့မရှိ မြေကြီးပေါ်သို့ ကြိုးဖြင့်ညင်ညင်သာသာဆွဲချနိုင်ရန် ဖြစ်သည်။ ထိုအခြေအနေတွင် လူတိုင်းက အမိန့်ပေးနေကြပြီး နားထောင်မည့်သူမရှိဖြစ်နေသည်။ ”ဟဲ့ဟဲ့ နိုင်ရဲ့လား၊ ကြိုးကခိုင်ရဲ့လား၊ ညာဘက်အသီးကမှည့်နေပြီ၊ ဘယ်ဘက်အသီးကမှည့်နေပြီ၊ ဟေ့ဂရုစိုက် ငတုံး၊ ဓါးကပြုတ်ကျတော့မယ်၊ ဟေ့အမွှာလာလာ အပင်နားမသွားနဲ့ ခေါင်းပေါ်ပြုတ်ကျမယ် ”အစရှိသဖြင့် အော်ငေါက်နေကြ အမိန့်ပေးနေ ကြသည်။ ထိုအချိန်တွင် ကျီးကန်းငှက်များက လူတို့၏အော်သံကို ကြားပြီးနောက် သူတို့၏အသိုက်ကို ဖျက်ဆီးရန် ထင်ပုံရပြီး “ကောကော”ဟုအော်နေကြသည်။ ကျီးကန်းများသည် အပင်ပေါ်ရောက်ရှိနေသော အသီးခူးသမား၏ ပုခုံးပေါ်၊ ခေါင်းပေါ်တွင် စိတ်ဆိုးစွာဖြင့် နုတ်သီးဖြင့် ဆိတ်ကြတော့သည်။ ထိုအခြေအနေ တွင် အပင်အောက်ကလူတို့သည် တစ်ဖန်ပြန်အော်ကြသည်။ “ဟေ့ဟေ့ မြန်မြန်ပစ်၊ ဟိုလူကြီးခေါင်းကိုထိ မယ်နော်၊ ထိအောင်မပစ်နဲ့၊ သူတို့ကြောက်ပြီး ပြေးအောင်ဘဲပစ်ပါ၊ ဟဲ့ငှက်စုတ်တွေရဲ့ နင်တို့အသိုက်ကို ငါတို့ဘာမှမလုပ်ပါဘူး”စသဖြင့် တစ်ယောက်တစ်ပေါက် အော်ကြသည်။ အမွှာကလေးနှစ်ယောက်ကလည်း လူကြီး၏အော်သံကို ပွဲလမ်းသဘင်ရှိနေသည့်အတိုင်း ပျော်ရွှင်စွာကနေကြသည်။ မိုးရာသီချိန်ခါတွင် ရွှံ့ပွက် များချော်ထွက်တတ်သောကြောင့် တချို့သောသူများတွင် ဖိနပ်မပါဘဲ သွားလာနေကြသည်။
အချုပ်အားဖြင့်ဆိုရသော် မိုးရာသီချိန်ခါ ကျေးရွာဓလေ့၏ ဖြစ်ပျက်လေ့ရှိသော အရာများကို  ပြန်စဉ်းစားတိုင်း ကြည်နူးရသည်။ မိုးရာသီချိန်ခါ ဒို့တောရွာကလေး၏ တောတောင်သဘာဝ လှပသော ရှခင်း၊ တောင်တန်းများကို မြင်ရသည်မှာ လွမ်းမောဖွယ်ဖြစ်၏။ နှစ်စဉ်မိုးရာသီရောက်လာသည်နှင့် တစ်ပြိုင်နက် မှိုရှာရတော့မည်၊ ပိန္နဲသီးခူးရတော့မည်ဟု မိမိစိတ်ကူးတွင် တပြိုင်တည်း ပြေးမြင်လာတော့ သည်။

နန်းခမ်းညာ
ကောင်တန်ဒေသ

Powered by Blogger.