Wednesday, October 2, 2019

နောင်တောင်းပရဟိတတပ်ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၁၅)နှစ်ပြည့် အထိမ်းအမှတ်မှသည် အနာဂါတ်ဖွံ့ဖြိုးရေးဆီသို့

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂) ရက်


တိုင်းပြည်တစ်ပြည်၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးသည် ထိုတိုင်းပြည်၊ ထိုနိုင်ငံရှိ ပြည်သူလူထု များ၏ ပညာတတ်မြောက်မှုအဆင့်အတန်းပေါ်တွင် များစွာမှီတည်လျက်ရှိကြောင်း သမိုင်းသုတေသီများ၏ သုတေသနမှတ်တမ်းဖော်ပြချက်များအရ သိရှိရပေသည်။ ထို့နည်းတူပင် မိမိတို့ပအိုဝ်းတိုင်းရင်းသား လူမျိုး များနေထိုင်ရာဒေသနှင့် မိမိတို့လူမျိုး ဖွံ့ဖြိုးတိုးတက်ပြီး နောက်ကောက်ကျကျန်မှုမရှိစေရေးသည်လည်း မိမိတို့ဒေသ၊ မိမိတို့လူမျိုးတွင် ပညာရှင်များ၊ ပညာတတ်များ ပေါများရန် လိုအပ်ပေမည်ဖြစ်သည်။ မိမိတို့ ဒေသ၊ မိမိတို့ရပ်ရွာ၊ မိမိတို့လူမျိုးတွင် ပညာတတ်များ ပေါများလေလေ မိမိတို့ဒေသ၊ မိမိတို့ရပ်ရွာ၊ မိမိတို့ လူမျိုးသည်လည်း ဖွံ့ဖြိုးတိုးတက်ရလေလေပင် ဖြစ်ပေမည်ဖြစ်ပြီး ပညာတတ်များ နည်းပါးပါက မိမိတို့ဒေသ တွင် ခေါင်းဆောင်ကောင်းများရှားပါးခြင်း၊ နောက်လိုက်ကောင်းများမရှိခြင်း၊ လူဆိုးလူပေများပေါများခြင်း၊ ရပ်ရွာတည်ငြိမ်မှုမရှိခြင်းနှင့် စည်းလုံးညီညွှတ်မှုအတွက် ဦးဆောင်လမ်းပြနိုင်သူနည်းပါးခြင်း စသည့်ဖွံ့ဖြိုး တိုးတက်မှုကို ဟန့်တားပိတ်ပင်နေမည့်ကိစ္စရပ်များ ဖြစ်ပေါ်လာမည်မှာ မလွှဲဧကန််ကြုံတွေ့ရမည်ပင်ဖြစ် သည်။  ထို့ကြောင့် ပညာရေးအခန်းကဏ္ဍသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်လျက် ရှိနေပြီး တစ်နည်းဆိုရသော် တိုင်းပြည်တစ်ပြည်ဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံအုတ်မြစ်ဟု ဆိုလျှင်လည်း မှားမည်ပင်မဟုတ်ပေ။

အတိတ်သမိုင်းကြောင်း၌ ပအိုဝ်းတိုင်းရင်းသားလူမျိုးများ၏ ပညာရေးခရီးကို ပြန်ပြောင်းလေ့လာ ကြည့်ရာတွင် နာကျည်းဝမ်းနည်းဖွယ်ကောင်းလှပြီး ခေတ်စနစ်ဆိုး၏ လောင်းရိပ်ကြောင့် သာမန်လူတန်းစား ပအိုဝ်းတိုင်းရင်းသားလူမျိုးများအပြင် အခြားသောညီနောင်တိုင်းရင်းသားများသည် အစိုးရမှဖွင့်လှစ်သော အခြေခံပညာရေးကျောင်းများတွင် ပညာသင်ကြားခွင့်ရဖို့ရန် မဆိုထားဘိ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများတွင် ပညာများသင်ယူလေ့လာရာ၌ ဂဏန်းများကို (၁)ကနေ (၁၀)အထိသာ သင်ကြားခွင့်ရကြ ပြီး အကယ်၍သာ (၁၀)ထက်ကျော်လွန်၍ သင်ကြားခဲ့လျှင် စော်ဘွားများ၏ အရေးယူမှုများ၊ နယ်နှင် ဒဏ်ပေးမှုများကို ခံရမည်ဖြစ်သည်။ ထိုအချိန်တွင် တောင်ကြီးမြို့၊ ကံဦးဘုန်းကြီးကျောင်းမှ ကံဦး ဆရာတော်ဦးမေဓိယဓဇသည် ဂဏန်းစဉ်(၁၀)ထက်ကျော်၍ (၁၁)ကိုသင်ပေးခဲ့သည့်အတွက် ပဒေသရာဇ် စော်ဘွားများက ကံဦးဘုန်းကြီးကျောင်းကို စာသင်ကြားခွင့် ပိတ်ပင်ခဲ့သည့်အပြင် ကံဦးဆရာတော်ကိုလည်း နယ်နှင်ဒဏ်ပေးခဲ့သည်ဟု ဖတ်ရှုသိရှိခဲ့ရပါသည်။ ထိုသို့ခေတ်စနစ်ဆိုးများကြောင့် ပအိုဝ်းလူမျိုးများ နေထိုင် ရာဒေသများ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျရခြင်း၊ ပအိုဝ်းလူမျိုးများ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ အသိအမြင်ဗဟုသုတများအားနည်းခဲ့ရခြင်းနှင့် ပညာတတ်များရှားပါးခဲ့ရခြင်းသည် ထူးဆန်းဖွယ်ရာကိစ္စ မဟုတ်ကြောင်း  သုံးသပ်မိပါသည်။

သို့သော် ၁၉၉၁-ခုနှစ်တွင် ပအိုဝ်းတိုင်းရင်းသားခေါင်းဆောင်ကြီးများ၏ ဉာဏ်အမြော်အမြင်ကြီးမား မှုကြောင့်သော်လည်းကောင်း၊  ပအိုဝ်းတိုင်းရင်းသားပြည်သူလူထုများ၏ အကျိုးစီးပွားကို  မျှော်ကိုး၍သော် လည်းကောင်း နိုင်ငံတော်အစိုးရနှင့် ငြိမ်းချမ်းရေးသဘောတူညီမှုရယူခဲ့ကာ ပအိုဝ်းဒေသများတွင်လည်း ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး စသည့်အခန်းကဏ္ဍများ တစ်စတစ်စဖွံ့ဖြိုးတိုးတက်လာခဲ့ရပြီး အခြေခံပညာမူလတန်းကျောင်းများ၊ မူလွန်ကျောင်းများ၊ အလယ်တန်းကျောင်းများနှင့် အထက်တန်း ကျောင်းများကို နိုင်ငံတော်အစိုးရ၏ ပံ့ပိုးကူညီမှုများဖြင့် ပအိုဝ်းလူမျိုးများနေထိုင်ရာဒေသအနှံ့အပြားတွင် တည်ဆောက်ဖွင့်လှစ်နိုင်ခဲ့ပေသည်။ ငြိမ်းချမ်းရေးအသီးအပွင့်များအနေဖြင့် ပအိုဝ်းလူမျိုးများနေထိုင်ရာဒေ သများတွင် အခြေခံအဆောက်အဦးများဖြစ်ကြသော လမ်းပန်းဆက်သွယ်ရေးအခြေအနေများ၊ ဆေးပေး ခန်းများနှင့် စာသင်ကျောင်းများသည်လည်း ယခင်ကဲ့သို့မဟုတ်ဘဲ ပြည့်စုံကောင်းမွန်လာခဲ့ရပြီး ဘွဲ့ရပအိုဝ်း ကျောင်းသားလူငယ်များသည်လည်း မရေတွက်နိုင်အောင် ပေါ်ထွန်းလာခဲ့ရသည်ကို စာဖတ်ပရိတ်သတ် များ၏ မျက်မြင်ကိုယ်တွေ့ပင်ဖြစ်သည်။
  
ထိုမျှမက ပအိုဝ်းတိုင်းရင်းသားလူမျိုးများအတွက် ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာကိစ္စတစ်ရပ် ရှိနေသေး ပေသည်။ ဤသည်မှာ ယနေ့ဆိုလျှင် ပအိုဝ်းတိုင်းရင်းသားလူမျိုးများနေထိုင်ရာဒေသများတွင် အစိုးရမှ ဖွင့်လှစ် တည်ဆောက်ပေးသည့် အခြေခံပညာစာသင်ကျောင်းများအပြင် လူမျိုးမရွေး၊ ဆင်းရဲ ချမ်းသာမရွေး အဆင့်အတန်းမခွဲခြားပဲ စရိတ်သက်သာစွာဖြင့် ပညာသင်ယူလေ့လာဆည်းပူးနိုင်သည့် ဘုန်းတော်ကြီးသင် ပညာရေးပရဟိတကျောင်းများ များစွာပေါ်ပေါက်ဖွင့်လှစ်လာနိုင်ခြင်းပင် ဖြစ်ပေသည်။ မိမိအနေဖြင့် ဘုန်းတော်ကြီးသင်ပညာရေးပရဟိတကျောင်းများစွာအနက် နောင်တောင်းပရဟိတတပ်ဦး ဘုန်းတော်ကြီး သင်ပညာရေးကျောင်းအကြောင်းကို မိမိလက်လှမ်းမီသမျှ ရေးသားတင်ဆက်ပေးသွားမည်ဖြစ်သည်။ နောင်တောင်းပရဟိတတပ်ဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို နောင်တောင်းဆရာတော်ဘဒ္ဒန္တ ရာဇိန္ဒသီရိမှဦးဆောင်၍ ဆရာ/ဒါကာလက်တွဲညီစွာဖြင့် အနာဂါတ်မိမိတို့နိုင်ငံ၊ မိမိတို့ဒေသတွင် အသိ ပညာဖွံ့ဖြိုးတိုးတက်သော လူမှုအသိုင်းအဝိုင်း ဖြစ်ပေါ်လာစေရန် မျှော်မှန်းကာ ဆင်းရဲချမ်းသာမရွေး၊ လူမျိုး မရွေး အ(၃)လုံးဟုခေါ်သော အရေး၊ အဖတ်၊ အတွက် အခြေခံပညာနှင့် ခေတ်ပညာများ တတ်မြောက် စေရန်သော်လည်းကောင်း၊ လူငယ်များအနေဖြင့် ပညာသင်ကြားရာတွင် ကုန်ကျစရိတ်သက်သာပြီး လွယ်ကူမှုစေရန်သော်လည်းကောင်း၊ ကိုယ်ကျင့်တရားကောင်းမွန်ပြီး အများအကျိုး၊ ဒေသအကျိုး၊ နိုင်ငံ အကျိုး သယ်ပိုးထမ်းရွက်နိုင်မည့် သားကောင်းသမီးရတနာများ ဖြစ်လာစေနိုင်ရန်သော်လည်းကောင်း၊ မိမိတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာများကို အမြတ်တနိုးတန်ဖိုးထား လိုက်နာခံယူတတ် စေရန်သော်လည်းကောင်း၊ အမျိုးဘာသာ၊ သာသနာကို ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန်သော်လည်း ကောင်း ရည်မှန်း၍ ၁၃၆၂-ခုနှစ်၊ တန်ခူးလဆန်း(၁၄)ရက် ၂၀၀၁-ခုနှစ်၊ ဧပြီလ(၆)ရက်နေ့၊ သောကြာနေ့ တွင် စတင်တည်ထောင်ခဲ့ပါသည်။

ထိုအချိန်မှစ၍ ယနေ့ဆိုလျှင် နောင်တောင်းပရဟိတတပ်ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်း၏ ပညာရေးခရီးသည် (၁၅)နှစ်ပြည့်မြောက်ခဲ့ပြီလည်းဖြစ်သည်။ ထိုကာလအတောအတွင်း ဆရာတော်ဘုရား ၏ ဦးဆောင်လမ်းညွှန်မှုများကြောင့်သော်လည်းကောင်း၊ ပြည်တွင်းပြည်ပအလှူရှင်များ၏ ပံ့ပိုးကူညီမှု စေတနာသဒ္ဒါတရားများကြောင့်သော်လည်းကောင်း ယနေ့ဆိုလျှင် ဘွဲ့ရလူငယ်မောင်မယ်များ အများ အပြားမွေးထုတ်နိုင်ခဲ့ပြီးဖြစ်ပါသည်။ ထို့အပြင် ဆရာတော်ဘုရား၏ ကျေးဇူးတရားများကြောင့် ယနေ့ဆိုလျှင် ပြည်တွင်းပြည်ပတက္ကသိုလ်အသီးသီးတွင် ပညာသင်ယူလေ့လာဆည်းပူးနေသည့် လူငယ်မောင်မယ်များ၊ အစိုးရဌာနဆိုင်ရာအသီးသီးနှင့် လူမှုအဖွဲ့အစည်းအသီးသီးတွင် တာဝန်ထမ်းဆောင်နေသည့် လူငယ် မောင်မယ်များအပြင် ဘွဲ့ရပြီးနောက် နောင်တောင်းပရဟိတတပ်ဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်း တွင် အနာဂါတ်မျိုးဆက်သစ်လူငယ်မောင်မယ်များအတွက် တစ်ဖက်တစ်လမ်းမှ စေတနာ့ဝန်ထမ်းအဖြစ် ပြန်လည်ကူညီဆောင်ရွက်ပေးနေသည့်ဆရာ/မများ ရှိသကဲ့သို့ နောင်တောင်းမှ သင်ကြားပို့ချပေးသည့် သက်မွေးဘာသာရပ်များဖြင့် ပြင်ပလောကတွင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြု နေကြသည့် လူငယ်မောင်မယ်များလည်း ဒုနှင့်ဒေးပင်ရှိနေပေသည်။ နောင်တောင်းပရဟိတတပ်ဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသည် အနာဂါတ်မျိုးဆက်သစ်လူငယ်မောင်မယ်များအတွက် လောကီ ပညာရေးသာမက လောကုတ်ပညာရေးကိုပါ တစ်ချိန်တည်းတွင် လေ့လာသင်ယူခွင့်ရနိုင်သည့် တစ်ခု တည်းသော ဌာနဖြစ်သည့်အပြင် မျိုးဆက်သစ်လူငယ်မောင်မယ်များ၏ လမ်းပြကြယ်တစ်လုံးဟု တင်စား ခေါ်ဆိုလိုက်ချင်ပေသည်။ တစ်နည်းအားဖြင့် နိုင်ငံ့သားကောင်း၊ သမီးရတနာများ မွေးထုတ်ပေးရာဌာနဟု ဆိုလျှင်လည်း မှားမည်ပင် မဟုတ်ပေ။

ထို့အပြင် နောင်တောင်းပရဟိတတပ်ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းသည်  အနာဂါတ် မျိုးဆက်သစ်လူငယ်မောင်မယ်များအတွက် လမ်းပြကြယ်တစ်လုံးဖြစ်ရုံမျှမက တစ်မျိုးသားလုံးစည်းလုံးညီ ညွှတ်ရေးအတွက်သော်လည်းကောင်း၊ ရပ်ရွာဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်သော်လည်းကောင်း၊ အမျိုး ဘာသာ၊ သာသနာထွန်းလင်းတောက်ပရေးအတွက်သော်လည်းကောင်း တစ်ဖက်တစ်လမ်းမှ အကျိုးပြု လျက်ရှိနေကြောင်းကို နောင်တောင်းပရဟိတတပ်ဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်း ပညာရေးခရီး (၁၅)နှစ်ပြည့်အထိမ်းအမှတ်ပွဲက သက်သေထူနေပေသည်။ နောင်တောင်းပရဟိတတပ်ဦးဘုန်းတော်ကြီး သင် ပညာရေးကျောင်း ပညာရေးခရီး(၁၅)နှစ်ပြည့်အထိမ်းအမှတ်ပွဲကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ နောင်တောင်းပရဟိတတပ်ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ၂၀၁၉-ခုနှစ်၊ စက်တင် ဘာလ(၂၁)ရက်နေ့နှင့် (၂၂)ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ပြီး ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး ဖြားတန်စင်ဖါ ဦးအောင်ခမ်းထီအပါအဝင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့်  ဘုန်းတော်ကြီးကျောင်းပေါင်း(၃၀၀)ကျော်မှ သံဃာအပါးပေါင်း(၅၀၀)ကျော် ကြွရောက်ချီးမြှင့်ပေးခဲ့ကာ အထူးဒေသ(၆)ရှိ တိုင်း(၄)တိုင်းမှ ခမ်း၊ နယ်;၊ အွိုင်; တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျေးရွာသူကြီးများ၊ လူငယ်ခေါင်းဆောင်များ၊ ကျောင်းသားမိဘများနှင့် အနယ်နယ်အရပ်ရပ်မှ ပြည်သူ လူထုပေါင်း (၂)သောင်းကျော်ခန့်တက်ရောက်ခဲ့ပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။
 ထိုအထိမ်းအမှတ်ပွဲ ပထမနေ့တွင် ပအိုဝ်းအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှုနှင့်ပတ်သက်၍ အကြံအဉာဏ်များ၊ အသိပညာဗဟုသုတများ လာ ရောက်ဟောပြောမျှဝေပေးခဲ့သည့်အပြင် ညနေပိုင်းတွင်လည်း နောင်တောင်းကျောင်းဆရာတော်များနှင့် ဆရာ/မတို့၏ ဦးဆောင်မှုဖြင့် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများအား လက်ရှိမိမိတို့ဒေသတွင် မြင်တွေ့လိုသော ပညာရေးအခြေအနေများ၊ လူမှုရေး၊  ဒေသဖွံ့ဖြိုးရေးအခြေအနေများနှင့် ဘာသာ သာသနာရေးအခြေအနေများကို ဆွေးနွေးစေခဲ့ပြီး လက်ရှိကြုံတွေ့နေရသည့် အခြေအနေများ၊ ပြဿနာ အခက်အခဲများနှင့် နှိုင်းယှဉ်ကာ ထိုပြဿနာအခက်အခဲများအား မည်သည့်ပုံစံ၊ မည်သည့်နည်းလမ်းများဖြင့် ဖြေရှင်းလျက်ရှိနေပြီး ဘယ်လိုပုံစံမျိုးဖြင့် ဖြေရှင်းရန်လိုအပ်ကြောင်းကိုလည်း အပြန်အလှန်ဆွေးနွေးစေခဲ့ပြီး စုပေါင်းအဖြေရှာခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ ဒေသပေါင်းစုံမှ တက်ရောက်လာကြခြင်းဖြစ်သည်နှင့်အညီ ဒေသအသီးသီး၏အခြေအနေများကို သိရှိခံစားခွင့်ရရှိစေခဲ့သည့်အပြင် ဒေသအသီးသီး၏ အခက်အခဲ ပြဿနာများကို ဝိုင်းဝန်းအဖြေရှာခဲ့ကြကာ ဆွေးနွေးပွဲတွင် အားတက်သရောဖြင့် အချင်းချင်းအမြင်ချင်း ဖလှယ်နေမှုပုံရိပ်များ၊ တစ်ဦးနှင့်တစ်ဦး အပြုသဘောဆောင်သည့် ဆွေးနွေးချက်များနှင့် အကြံပြုချက်များ သည် မိမိတို့ဒေသအတွက်သော်လည်းကောင်း၊ မိမိတို့လူမျိုးအတွက်သော်လည်းကောင်း အားရကြည်နူး ဖွယ်ကောင်းလှပြီး ထိုပုံရိပ်အား မြင်တွေ့ရသူ မိမိအဖို့ ဝမ်းသာပီတိဖြစ်ရသည်မှာ အမှန်ပင်ဖြစ်သည်။ ထို့အပြင် ထိုဆွေးနွေးပွဲမှ ရရှိလာသည့်အချက်အလက်များသည် မိမိတို့နေထိုင်ရာဒေသ၊ ကျေးရွာအတွက် သော်လည်းကောင်း၊ မိမိတို့လူမျိုးအတွက်သော်လည်းကောင်း များစွာအထောက်အကူပြုနိုင်ပေးနိုင်လိမ့်မည် ဟုလည်း မိမိအနေဖြင့် ယုံကြည်ပေသည်။

ထို့ကြောင့် မိမိအနေဖြင့် နောင်တောင်းပရဟိတတပ်ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်း ပညာရေးခရီး (၁၅)နှစ်ပြည့်အထိမ်းအမှတ် ဆွေးနွေးပွဲသို့ တက်ရာက်လာကြသည့် တိုင်း(၄)တိုင်းမှ ခမ်း၊ နယ်ႏ၊ အွိုင်ႏ တာဝန်ရှိပုဂ္ဂိုလ်များအားသော်လည်းကောင်း၊ ဒေသအသီးအသီးမှ ကျေးရွာလူကြီးများ၊ လူငယ် ခေါင်းဆောင်များအားသော်လည်းကောင်း နောင်တောင်းဆရာတော်ဘုရား၏ ကျေးဇူးတရားများ သဲထဲရေ သွန်အဖြစ်မျိုးမဖြစ်ရလေအောင် ဆွေးနွေးပွဲမှရရှိလာသည့်အချက်အလက်များကို မိမိတို့ဒေသ၊ မိမိတို့ ကျေးရွာရှိ ပြည်သူလူထုများအား ပြန်လည်ချပြရန်လိုအပ်ပြီး လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက် ရန်လိုအပ်ပေမည်။ ထိုမှသာလျှင် ဆရာတော်ဘုရား၏ ဆွေးနွေးပွဲကျင်းပရကျိုးနပ်မည်ဖြစ်ပြီး မိမိတို့ဒေသ သည်လည်း ဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်သည်။ ထို့အပြင် မိမိတို့ဒေသ/ကျေးရွာဖွံ့ဖြိုးတိုးတက်အောင် ဆောင် ရွက်ရာတွင်သော်လည်းကောင်း၊ ပညာတတ်လူငယ်မောင်မယ်များ မွေးထုတ်ရာတွင်သော်လည်းကောင်း၊ အမျိုးဘာသာ သာသနာထွန်းလင်းတောက်ပအောင် ထိန်းသိမ်းစောင့်ရှောက်ဆောင်ရွက်ရာတွင်သော်လည်း ကောင်း တစ်မျိုးသားလုံးစည်းလုံးညီညွှတ်စွာဖြင့် အားလုံးပူးပေါင်းဆောင်ရွက်မှသာလျှင် ပအိုဝ်းလူမျိုးတို့၏ အနာဂါတ် ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးကိစ္စရပ်များသည်လည်း ယခုထက်ပို၍ တိုးတက်အောင်မြင်နိုင်မည်ဖြစ်ကြောင်း တိုက်တွန်းရင်း နောင်တောင်းပရဟိတတပ်ဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၁၅)နှစ်ပြည့် ပညာရေးခရီးအထိမ်းအမှတ်အား ဤဆောင်းပါးဖြင့် ဂုဏ်ပြုရေးသား တင်ဆက်လိုက်ရပါသည်။

ခွန်ကျောႏခေါင်ႏ
ထီရီးဟော်ထို

Powered by Blogger.