Sunday, January 19, 2020

အမျိုးသမီးများ၏ ဘဝကို မြှင့်တင်ပေးကြပါစို့

တောင်ကြီး၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၂၀) ရက်


ယနေ့မြန်မာနိုင်ငံတွင် အမျိုးသမီးများဦးရေသည် ထက်ဝက်လောက်ရှိနေသော်လည်း အမျိုးသမီးတိုင်းသည် ကိုယ့်ဘဝကိုယ် ဖန်တီးခွင့် လုံလုံလောက်လောက် အင်အားများ မရှိသေးပါ။ အချိန်အခါသည် အမြဲပြောင်းလဲနေသဖြင့် အမျိုးသမီးများကို အသိပညာ၊ အတတ်ပညာများ တိုးတက်လာအောင် မြင့်တင်ပေးရန်လိုအပ်ပါသည်။ သို့သော် လူတို့၏ သဘာဝသည်လည်း ထုံးတမ်းစဉ်လာအရ နေထိုင်ပြီးနေ့စဉ် လုပ်နေမြဲဖြစ်သော သမာရိုးကျနည်းလမ်းကို လုပ်ဆောင်နေ ကြပါသည်။ အမျိုးသမီးများသည် မိမိတို့ဘဝရှင်သန် ရပ်တည်နိုင်ရေးအတွက်ထက် မိမိတို့ဝတ္တရားရှိ သည့်အတိုင်း အဓိကထားလုပ်ဆောင်နေကြပါသည်။ မိမိတို့ ဘဝပိုပြီးတိုးတက်မြင့်မားလာအောင် ကြိုးစားလာခြင်းမရှိ အိမ်ရှင်မဘဝနှင့် ကျေနပ်စွာ နေထိုင်ကြပါသည်။ သမိုင်းတစ်လျှောက်တွင် အမျိုးသမီးများလုပ်ဆောင်ခဲ့သည့်အရာများကိုလည်း မရှိသလောက်ဖြစ်နေပါသည်။

ယခုအခါတွင် ခေတ်နှင့်အညီ အခွင့်အရေးများရရှိလာခဲ့သော်လည်း လှုပ်ရှားမှုအသစ်နှင့် ရုန်းထွက်ပြီး ကြိုးစားရန် လိုအပ်ပါသည်။ အမျိုးသမီးများ နေ့စဉ်လုပ်နေရသောအရာသည် သိပ်ကိုပင်ပန်းလွန်းလှပါသည်။ အမျိုးသမီးများလုပ်ဆောင်နေရသောအရာသည် နေ့စဉ်သမာရိုးကျ ဖြစ်သောကြောင့် အသိအမှတ်ပြုခံရသည်ကို မကြားရပါ။ အမျိုးသမီးများသည် ယခင်မိရိုးဖလာ ယဉ်ကျေးမှုဓလေ့ထုံးစံအတိုင်း လုပ်ဆောင်နေရပြီး ရုန်းထွက်ရန်ခက်ခဲနေကြသည်ကို မြင်တွေ့ နေရပါသည်။ အမျိုးသမီးများသည် အရှက်တရားများ၊ အကြောက်တရားများဖုံးလွှမ်းနေသည်မှာ ပတ်ဝန်းကျင်ကြောင့် သော်လည်းကောင်း၊ ယဉ်ကျေးမှုအရသော်လည်းကောင်း ပုံသွင်းပြီး နေလာခဲ့သည်မှာ ယနေ့တိုင်ဖြစ်ပါသည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် အနာဂါတ်အမျိုးသမီးများ၏ အခွင့်အရေးတက်လမ်းများကို ပိတ်ပင်ရာရောက်ပါသည်။ ဗုဒ္ဓဘာသာ၏ အယူအဆအရမိမိတို့၏ ဓလေ့ထုံးစံ၊ ဘာသာရေး၊ ရိုးရာအပေါ်တွင် အခြေခံပြီးတည်ဆောက်ရမည်ဟု ပြောကြားခဲ့ကြပါ သော်လည်း မျက်မှောက်ခေတ်၏ ယဉ်ကျေးမှုကိုလည်း နားလည်ပေးရန်လိုအပ်ပါသည်။

အမျိုးသမီး များ၏ အခြေအနေသည် နယ်ပယ်တိုင်းတွင် တိုးတက်မှုမရှိသလောက် အားနည်း နေပါသေးသည်။  ထိုကြောင့် အမျိုးသမီးများအတွက် အခွင့်အရေးများကို လေးနက်စွာ လုပ်ဆောင်ပေးရန် လိုအပ်ပါသည်။   ရွေးချယ်စရာအခွင့်အရေးများလာသော ခေတ်ဖြစ်သောကြောင့် အမျိုးသမီးများအနေနှင့်လည်း ပြောင်းလဲခြင်းကို လက်ခံနိုင်ရမည် ဖြစ်ပါသည်။ အမျိုးသမီးများသည် မိမိဘဝတိုးတက်‌အောင်မြင်အောင် လုပ်ဆောင်သည့်အခါတွင် အစဉ်အလာများမှ ရုန်းထွက်ကာ ရှေ့ဆက်ပြီး မိမိယုံကြည်ရာ မိမိစိတ်ဝင်စားရာကို မျှော်လင့်ချက်များမြုပ်နှံပြီး မိမိအယူအဆနှင့် ခိုင်မာသော ဆုံးဖြတ်ချက်များချမှတ်ရန် လိုအပ်ပါသည်။ ထိုသို့ ခိုင်မာသောဆုံးဖြတ်ချက်များ ချမှတ် ပြီးသောအခါ အခက်အခဲ၊ အတားအဆီးများတွေ့ကြုံရမည်ဖြစ်သည်။ ထိုကဲ့သို့ အခက်အခဲများကို အောင်မြင်လိုသောစိတ်၏ စွမ်းအားဖြင့် ကျော်လွှာကာအောင်မြင်သောပန်းတိုင်သို့ ရောက်နိုင်မည် ဖြစ်ပါသည်။

ဆက်လက်၍ အမျိုးသမီးများသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွင်သာမက တခြားသော ကဏ္ဍများတွင်လည်း ပါဝင်ရန်လိုအပ်နေပါသည်။ အမျိုးသမီးများ၏ လိုအပ်ချက်သည် အမျိုးသမီး များသာသိပြီး အမျိုးသမီးကိုယ်တိုင်သာ လုပ်ဆောင်နိုင်ပါသည်။ အမျိုးသမီးတစ်ယောက်၏ အတွေ့အကြုံ၊ စိတ်ခံစားမှု၊ ဘာသာရေး၊ ယဉ်ကျေးမှုအစဉ် အလာများသည် ဘေးဖယ်ထုတ်ခြင်း ခံနေရပါသည်။ အမျိုးသမီးများသည်စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာသည် အားနွဲ့သောသူ ဖြစ်ပါ သည်။ အပြောင်းအလဲတစ်ခုကိုလုပ်မည်ဆိုလျှင် အမျိုးသမီးတိုင်း ကြောက်ကြပါသည်။ ပြောင်းလဲမှု လုပ်လျှင် လက်ရှိရှိနေသောအရာထက် ပိုဆိုးသွားမည်ကို တွေးထင်ပြီး တွန့်ဆုတ်ကြသည်ကို တွေ့နေရပါသည်။ စွန့်စားပြီးပြုပြင်လဲနိုင်မှသာ လိုချင်သော ဘဝကိုရောက်ရှိမည်ဖြစ်ပါသည်။ မိမိဘဝကို စိတ်နှောင်ကြိုးများအဖြစ် စိတ်ဓာတ်ကျစေသောအရာကို ဆွဲချည်ခြင်းမပြုလုပ်ဘဲ ဖြတ်တောက်ကာ စိတ်ဓာတ်မြှင့်တက်စေသောအရာကိုသာ မိမိလက်ထဲတွင် ဆုပ်ကိုင်ထားကာ ဘဝအခြေအနေကို ပြောင်းလဲသွားပါဟု ဖော်ပြလိုပါသည်။ တချို့သောနေရာများ ပြုပြင် ပြောင်းလဲရာတွင် အမျိုးသမီးများ မဖြစ်မနေ ပါဝင်ရန် လိုအပ်သည်ကိုတွေ့ရပါသည်။ ထို့ကြောင့် အမျိုးသမီးများသည် တန်ဖိုးရှိသောအချိန်တွင် မိမိတို့အတွက် လိုအပ်သောအသိပညာ၊ အတတ်ပညာ သည် နှောင်းနှေးကျန့်ကြာခြင်း မဖြစ်ရလေအောင် အားထုတ်ကြိုးစားကြရန် လိုအပ်ပါသည်။

နိဂုံးချုပ်အနေဖြင့် ယနေ့တွင် အမျိုးသမီးများအနည်းစုသည် ခံယူချက်၊ ယုံကြည်ချက်များ ဖြင့် တက်ကြွစွာလှုပ်ရှားဆောင်ရွက်လာသည်ကို မြင်တွေ့နေရပါသည်။ အမျိုးသမီးများဘက်စုံကဏ္ဍ တွင် တက်ကြွထက်သန်သောစိတ်ဓာတ်ကို အသိအမှတ်ပြုပေးပြီး သူတို့၏ဘဝရည်မှန်းချက် ပေါက်မြောက်အောင်မြင်လာစေရန် မြင့်တင်ပေးစေလိုပါသည်။ သို့မှသာ အမျိုးသမီးများသည် နိုင်ငံ အတွက် တစ်ဖက်တစ်လှမ်းအထောက်ပြုနိုင်မည် ဖြစ်ပါသည်။ အမျိုးသမီးများအနေနှင့်လည်း  ခေတ်သစ်အတွေးအခေါ်များဖြင့် အနာဂါတ်ပန်းတိုင်ကို အရောက်လှမ်းရန် အချိန်သင့်ပြီဖြစ်သော ကြောင့် အနာဂါတ်မျိုးဆက်သစ်အမျိုးသမီးတို့၏ ဘဝကို မြင့်တင်ပေးရန် လိုအပ်နေပြီဖြစ်သည်ဟု ရေးသားတင်ပြလိုက်ပါသည်။

ဆာႏမူႏပေႏ
(စန္တာႏခမ်း)

Powered by Blogger.